သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၅)

0
3640
စတုတ္တအကြိမ် ညီလာခံမတိုင်မီကျင်းပတဲ့ ဇလားစခန်းက ဗဟိုကော်မီတီအစည်းအဝေးမှာ ဒုဥက္ကဌ ကိုမိုးသီးဇွန် သဘာပတိအဖြစ် တာဝန်ယူနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၄)

အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ)

အခန်း-၆၅-

(၁) ပဉ္စမအကြိမ်ညီလာခံနှင့် ဟွာဟင်စခန်းသစ်မှာ လူပြန်စုခြင်း   

ဒီလို ဒုက္ခသည်လျှောက်မှုကိစ္စတွေ အငြင်းပွားလို့ ကောင်းတုန်းမှာပဲ ပဉ္စမအကြိမ်ညီလာခံ ခေါ်ယူလာတဲ့အတွက် (၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလဆန်းမှာ) ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မယ်စရိယန်းမြို့နယ်နဲ့ သံလွင်မြစ်ကြားရှိ ဇလားဒုက္ခသည် စခန်းဆီသွားဖို့ ကျနော်တို့ ပြင်ဆင်ရပါတယ်။

ကျနော်မှတ်မိသလောက်ဆိုရင် ကိုမင်းအောင်က ကိုယ်စားလှယ်အဖြစ် အရွေးမခံတော့ပါ။ ကျနော်ကတော့ တပ်ကိစ္စမလုပ်ပဲ သတင်းထောက်အလုပ်ချည်း နင်းကန်လုပ်နေလို့ ရဲဘော်တွေက ကျနော့်ကို ကိုယ်စားလှယ်အဖြစ် မရွေးတော့ပါ။

နောက်တခါ ကျဆုံး-နှုတ်ထွက် ဦးရေ အတော်များသွားတဲ့အတွက် တပ်ရင်း-(၁)  လူဦးရေဟာ (၇၀)- ဝန်းကျင်လောက်ပဲကျန်ပါတယ်။ ဒါကြောင့် အရင်က ကိုယ်စားလှယ် (၁၀) ကျော် ခွဲတမ်းရနေရာကနေ အခုတော့ ကိုယ်စားလှယ်  (၆) ဦးပဲ ရပါတော့တယ်။

ကျန်နေတဲ့ အမှတ် (၁) တပ်ရင်း ရဲဘော်အများစုဟာ တပ်ရင်း (၁)- အခြေစိုက်စခန်းတွေဖြစ်တဲ့ ဟွာဟင်ဖက်က စခန်းသစ်နဲ့ စန်ခရဘူရီဖက်က ကလော့ကာနီ စခန်းတွေနဲ့စာရင် ဗဟိုဌာနချုပ်ရှိ ဌာနခွဲအသီးသီးမှာ တာဝန်ထမ်းနေသူ ဦးရေကတောင် ပိုများနေတဲ့သဘောမျိုး ဖြစ်သွားပါတယ်။

ဘာပဲဖြစ်ဖြစ် KNU က အပစ်အခတ်ရပ်စဲရေး လုပ်သွားရင်၊ ဒါမှမဟုတ် အရေးပေါ်အခြေအနေ တခုခုဖြစ်လာရင် တောင်ပိုင်းဒေသ ABSDF အတွက် နောက်ဆုံး စုရပ်စခန်းအဖြစ်ရည်ရွယ်ပြီး ကျနော်တို့ ရှာဖွေခဲ့တဲ့ ဟွာဟင်က စခန်းသစ်ဟာ ဒီနေ့ မင်းသမီးစခန်းခွာစစ်မှာ အသုံးတည့်သွားပါတယ်။

မင်းသမီးဒေသက ဆုတ်လာတဲ့ တပ်ရင်း (၁) နဲ့ တပ်ရင်း (၇) အပြင် အရင် ထပ်စကဲဖက်ရှိ ကိုမိုးသီးဇွန်တို့ဗဟိုဖက်က တပ်တွေပါ စခန်းသစ်အထိ လာရောက်စုရုံးပြီး ABSDF စခန်းကြီးတခုအဖြစ် ၂၀၀၀ ပြည့်လွန်နောက်ပိုင်းအထိ အဲဒီမှာ ရပ်တည်ခဲ့တယ်။ တောင်ပိုင်းဒေသရဲ့ နောက်ဆုံး ABSDF စခန်းအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့သိရတဲ့အတွက် စခန်းစတင်ရှာဖွေရာမှာ ပါဝင်သူတဦးအနေနဲ့ ဂုဏ်ယူမိပါတယ်။

(တောင်ပိုင်းဒေသဆိုတာဟာ ဘုရားသုံးဆူ၊ မွန်နယ်မြေ အောက်ဖက်က တနင်္သာရီတိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ နောက်ပိုင်း အင်တာနက်သတင်းတွေမှာ သုံးနေကြသလို မာနယ်ပလောအခြေစိုက် အဖွဲ့အားလုံးကို တောင်ပိုင်းလို့ခေါ်ပြီး ကချင်ပြည်နယ် အခြေစိုက်အဖွဲ့တွေကို မြောက်ပိုင်းလို့ ခေါ်ခြင်းကို အဲဒီကာလက ကျနော်တို့ မကြားဖူးပါ)။

အဲဒီ နောက်ပိုင်းမှာတော့ တပ်ရင်း (၁) ရဲဘော်အားလုံးကို စန်ခရဘူရီဖက်ရွေ့ပြီး တပ်ရင်း (၁) ရင်းမှူးအသစ် ကိုသိန်းလွင် ဦးဆောင်တဲ့အဖွဲ့က မွန်နဲ့ ကရင်နယ်စပ်မှာ အခြေစိုက်ပြီး အခုချိန်အထိ လှုပ်ရှားနေဆဲလို့ သိရပါတယ်။

ဗဟို ဖက်သွားတဲ့အခြေနေကို ပြန်ကောက်ရမယ်ဆိုရင် တပ်ရင်း-(၁) ကနေ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ် (၆) ဦးထဲမှာ ဒေါက်တာနိုင်အောင်၊ ကိုကျော်ကျော်၊ ကိုမျိုးဝင်း၊ ကိုဌေးအောင်၊ ကိုခင်မောင်ဝင်း စသဖြင့် ဗဟိုမှာရောက်နေသူချည်း (၅) ဦးပါဝင်ပြီး တပ်မှူးတွေထဲက ဆရာအောင်မြင့် တဦးပဲ ပါတယ်လို့ ကျနော်အမှတ်ရနေတယ်။

ကိုယ်စားလှယ်ထဲ မပါတော့တဲ့ ဗဟိုကော်မီတီဝင်ဟောင်း ကိုမင်းအောင်နဲ့ ကျနော်ကတော့ ညီလာခံမတိုင်မီ ကျင်းပမယ့် ဗဟိုကော်မတီ အစည်းဝေးတက်ဖို့ ဇလားစခန်းဆီ ရောက်သွားတဲ့ သဘောပါ။

————

ဇလားစခန်းရောက် အမှတ် (၁)တပ်ရင်း ကိုယ်စားလှယ်များနှင့် ဗဟိုကော်မီတီဝင်များ။

(၂) ဒုက္ခသည်စခန်းထဲက တော်လှန်ရေးသမားများ 

မယ်စရိယန်းမြို့နဲ့ ဇလားစခန်းအကြား ကားလမ်းကြမ်းဟာ အလွန်ဆိုးတဲ့အပြင် မိုးရွာထားလို့ လမ်းချောနေတဲ့အတွက် တောင်ကျော်-တောဖြတ် သွားရတဲ့လမ်းဟာ အတော်အန္တရာယ်များပါတယ်။ ကျနော်တို့လိုပဲ တခြားတပ်ရင်း၊ စခန်းအသီးသီးက ကိုယ်စားလှယ်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ တပ်မှူးတွေလည်း ဇလားစခန်းဆီ ရောက်လာကြပါတယ်။

ဗဟိုကော်မတီအစည်းအဝေး ကျင်းပတဲ့နေရာဟာ ဇလားစခန်းရှိ ကျောင်းသားတွေ နေထိုင်ရာ ရပ်ကွက်ရဲ့ အနောက်ဖက် လျှိုမြောင်လေးကြားထဲက အင်ဖက်မိုး၊ မြေစိုက်၊ အစည်းဝေးခန်းမမှာ ဖြစ်ပါတယ်။

တောကြီးမျက်မည်းထဲက တောင်နံရံ နှစ်ခုကြားရှိ စမ်းချောင်းတလျှောက် ဖြစ်သလိုဆောက်ထားတဲ့ ဒီဇလား ဒုက္ခသည်စခန်းမှာ လူဦးရေ (၁၀ ၀၀၀) တစ်သာင်းကျော်ရှိပြီး ရွာတန်းအရှည်က (၄-၅) မိုင်လောက်ရှိမယ်လို့ ကျနော်ထင်ပါတယ်။ အော်စော် (ထိုင်း ပြည်သူ့စစစ်) လုံခြုံရေးဂိတ်ရှိတဲ့ စခန်းအဝင်ဝကနေ ကျောင်းသားရပ်ကွက်ရှိတဲ့ နေရာလောက်ပဲ ကျနော်ရောက်ဖူးပြီး စခန်းဟိုဖက်ထိပ်အထိ မရောက်ဖူးလိုက်ပါ။

ကျောင်းသားရပ်ကွက်ရဲ့ရှေ့ စမ်းချောင်းလေးဘေးမှာ ခပ်ကျဉ်းကျဉ်း ဘော်လီဘော သို့မဟုတ် ပိုက်ကျော်ခြင်းလည်း ကစားလို့ရတဲ့ ကွင်းတခုရှိပါတယ်။ အဲဒီကွင်းရဲ့ ဟိုဖက်ထောင့်မှာ စီးပွားရေးအမြင်ရှိတဲ့ ကျောင်းသားဟောင်းတဦးပိုင်တဲ့ ဗွီဒီယိုရုံ၊ အဲဒီနေရာ နှစ်ခုကြားကနေ တောင်ကုန်းလေးပေါ် လမ်းလျှောက်တက်လာမယ်ဆိုရင် တောထဲက သစ်ကို အပင်လိုက်ခုတ်ပြီးစိုက်ထားတဲ့ သစ်တိုင်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ အင်ဖက်မိုးနဲ့ ဆောက်ထားတဲ့ အိမ်ထောင်သည်လိုင်း တဲအိမ်ငယ်တွေ အစီအရီ။

ကလေးငိုသံ၊ ခွေးဟောင်သံ၊ ဝက်အော်သံတွေနဲ့ တကယ့်ဘဝရုပ်ဖေါ်မြင်ကွင်းတွေပါ။ ပြီးတော့ BBC, VOA, RFA, DVB ရေဒီယိုအသံတွေကလည်း မနက်တခါ-ညနေတခါ ပုံမှန် ဆူညံလို့ပေါ့။ အဲဒီလမ်းအတိုင်း (၁၀)- မိနစ်လောက်လျှောက်ပြီးတဲ့အခါ တောင်နံရံမှာ ကပ်ဆောက်ထားတဲ့ ဗဟိုအလယ်တန်းကျောင်းကို တွေ့ရမှာဖြစ်ပါတယ်။

ABSDF ရဲ့ မျိုးဆက်သစ် ကျောင်သားဦးရေ (၅၀)- ကျော်ရှိတဲ့ တောင်ပေါ်က အဲဒီကျောင်းဆောင်နေရာကနေ အောက်ကိုပြန်ကြည့်မယ်ဆိုရင် စမ်းချောင်းလေးတလျှောက် ကွေ့ကောက်၊ ကြပ်ညှပ်နေတဲ့တဲအိမ် အမိုးတွေ၊ မီးခိုးတန်းတွေ၊ တဖက်ခြမ်းက တောင်နံရံတွေကို လှမ်းမြင်နေရပါတယ်။

ဒီစာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင် အခြားတဖက် တောင်နံရံမှာတော့ အတွင်းရေးမှုး (၁) ကို စိုင်းမြင့်သူရဲ့ ရုံးခန်းနဲ့ ဗဟိုဆက်သွယ်ရေးဌာန၊ အဲဒီဘေးမှာ အတွင်းရေးမှုး (၂) ကိုမျိုးဝင်းရဲ့ ရုံးခန်းနဲ့ အစည်းဝေးခန်းတခု။ သူတို့နှစ်ဦးရဲ့ရုံးခန်းကိုပဲ ဒီမှာတွေ့ရပြီး ဥက္ကဌ (၂)- ဦးနဲ့ အထွေထွေအတွင်းရေးမှူးတို့ရဲ့ ရုံးခန်းကိုတော့ မတွေ့ရပါဘူး။ ထိုင်းနဲ့ နိုင်ငံတကာဆီ တာဝန်နဲ့ ခရီးသွားနေရတာများတာကြောင့် ဆက်သွယ်ရေးခက်ခဲတဲ့ ဒီလိုဒုက္ခသည်စခန်းမှာ သူတို့ ရုံးခန်းမထားတာဖြစ်မယ်လို့ ယူဆရပါတယ်။

အဲဒီ အတွင်းရေးမှူးရုံး (၂) ခုရဲ့ အောက်ဖက်မှာတော့ ဗဟိုရုံးအဖွဲ့မှူး ကိုမြင့်အောင်ရဲ့ တဲအိမ်နဲ့ ကျနော်တို့ ကိုယ်စားလှယ်အားလုံး ညာဥထီး (ငါးပိရည်) နဲ့ ဝါးတီးဖွင့်ရာ ဗဟိုစားဖိုဆောင်၊ ဒီနေရာကနေ အပေါ်ဘက် ဆက်တက်သွားမယ်ဆိုရင် ဦးထွန်းကျော်ရုံးထိုင်တဲ့ ဗဟိုတရားရေးဌာန၊ ဒီလိုရှိသမျှ တဲငယ်ပေါင်းစုံကိုကျော်ပြီး အဝေးကနေ လှမ်းမမြင်နိုင်တဲ့ ခမ်းလှမ်းလှမ်းက တောအုပ်လေးထဲ (၁၅) မိနစ်လောက် ထပ်တက်သွားမယ်ဆိုရင်တော့ ဗဟိုကော်မတီ အစည်းဝေးကျင်းပမယ့် သို့မဟုတ် ပဉ္စမအကြိမ်ညီလာခံ ကျင်းပမယ့် မြေစိုက်ခန်းမငယ်တခုကို တွေ့ရမှာဖြစ်ပါတယ်။

အင်း … ဒီဇလား-ဒုက္ခသည်စခန်းမှာနေတဲ့ လူတွေကိုလည်း ဒုက္ခသည်အဖြစ် ခေါ်ကြပေမယ့် ရှေ့မှာ ကျနော်ပြောခဲ့တဲ့ ဘန်ကောက်နဲ့ မနီလွိုင်စခန်းရောက် နိုင်ငံရေးဒုက္ခသည်နဲ့ အဓိပ္ပာယ်မတူပြန်ပါဘူး။

နောက်တခါ ဒီစခန်းရှိ ABSDF တပ်ဖွဲ့ဝင် ကျောင်းသားတွေကိုယ်တိုင်လည်း ဒုက္ခသည် ခွဲတမ်းရဆန်ကို စားနေကြပေမယ့် သူတို့ကိုယ်သူတို့ ဒုက္ခသည်လို့ ခံယူမထားကြပါဘူး။ အခြေနေအရ တခြားနေစရာမရှိလို့ ဒီစခန်းမှာ ခဏလာနေတဲ့သဘော၊ အခြေနေပေးတာနဲ့ မြန်မာနယ်ဖက်ပြန်ပြီး တော်လှန်ရေး ဆက်လုပ်မယ်လို့ ခံယူထားသူတွေအဖြစ် ကျနော်နားလည်ထားပါတယ်။

ပိုရှင်းအောင်ပြောရရင် နယ်စပ်ရှိ ဒုက္ခသည်စခန်းထဲက ကျောင်းသားတွေက ယာယီ ဒုက္ခရောက်နေသူတွေဖြစ်ပြီး တတိယနိုင်ငံထွက်ဖို့လမ်းကို မရွေးချယ်သေးသူတွေဖြစ်ပါတယ်။ ဘန်ကောက်နဲ့ မနီလွိုင်ဒုက္ခသည် စခန်းထဲက ကျောင်းသားတွေကတော့ တတိယနိုင်ငံထွက်ဖို့ ဆုံးဖြတ်ထားပြီးသူတွေလို့ ပြောနိုင်မယ်ထင်ပါတယ်။

“ဘာလို့ နိုင်ငံခြားထွက်မှာလဲကွာ၊ ဒီမှာနေရလို့ ရသလောက် ဆက်နေရမှာပေါ့။ နယ်စပ်မှာ ဆက်နေ-နေတာကိုက ရန်သူစစ်အစိုးရကို မကျေနပ်ဘူး၊ စစ်အစိုးရကို အာခံနေတယ်ဆိုတာကို ပြသနေခြင်း တမျိုးပါပဲ” ဆိုပြီး ဇလားစခန်းရှိ တက်ကြွတဲ့ ဗဟိုကော်မီတီဝင်တဦးက ကျနော့်ကို ပြောပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ (၅) နှစ်ခန့်ကတော့ အဲဒီ ဗဟိုကော်မီတီဝင်ကို တတိယနိုင်ငံတခုမှာ အမှတ်မထင် ကျနော်တွေ့လိုက်ရပါတယ်။ “ဘယ်လိုလဲ … ရဲဘော်ကြီး၊ ဒဿနတွေ ပြောင်းသွားပြီလား” လို့ ကျနော်က နောက်နောက်ပြောင်ပြောင် မေးလိုက်မိပါတယ်။

“မပြောင်းပါဘူး၊ မြန်မာနိုင်ငံဆီ မပြန်ပဲ တတိယနိုင်ငံမှာ နေ-နေတာကိုက ရန်သူစစ်အစိုးရကို မကျေနပ်ဘူး၊ စစ်အစိုးရကို အာခံနေတယ် ဆိုတာကို ပြသနေခြင်း တမျိုးပါပဲ” လို့ သူကဖြေပါတယ်။

—————-

ဇလားစခန်းမှာတွေ့ရတဲ့ ABSDF မျိုးဆက်သစ်များရဲ့ အလယ်တန်းကျောင်း။

(၃) လမ်း (၃) သွယ် ရွေးချယ်မှုနှင့် ရေရှည်နိုင်ငံရေးအတွက် စဉ်းစားချက်များ

“ဒုက္ခသည်” အဓိပ္ပာယ်ဖွင့်ဆိုချက် ငြင်းခုန်မှုကနေ ”ကျောင်းသား” အဓိပ္ပာယ် ဖွင့်ဆိုချက် ငြင်းခုန်မှုဘက် လှည့်ရအောင်ပါ။ “ကျောင်းသားဆိုတာ အသက်အရွယ် ကန့်သတ်ချက်ရှိတယ်။ တသက်လုံး ကျောင်းသားလုပ်နေလို့ ဘယ်ဖြစ်မလဲ” ဆိုတဲ့ ဆွေးနွေးချက် အဲဒီ ဗဟိုကော်မီအစည်းဝေးမှာ ငြင်းခုန်ကြတာကို ကျနော်မှတ်မိနေပါတယ်။

ဆိုလိုတာကတော့ သက်တန်း (၁၀) နှစ်ကျော်ရှိလာပြီဖြစ်တဲ့ ABSDF ဗဟိုကော်မတီဝင်တွေထဲမှာ တချို့လူတွေက မိသားစုတွေ၊ ကလေးတွေနဲ့ ဖြစ်နေပြီ။ တချို့က ဆံပင်ဖြူတွေ တချောင်းနှစ်ချောင်းမက အချောင်းပေါင်းများစွာ ထိုးထွက်နေပါပြီ။ အသက်အရွယ်ကလည်း (၄၀) ကျော် (၅၀) တန်းဖြစ်နေပြီဆိုတော့ ကျောင်းသားဆိုတဲ့ အမည်အစား တခြားအမည်တခုခုကို ပြောင်းရင်ကောင်းမလားဆိုပြီး အဲဒီပုဂိုလ်တွေက စတင်စဉ်းစားလာတာပါ။

အဲဒီအချိန်မှာ အသက် (၃၀)-ကျော်သာရှိသေးတဲ့ ကျနော်တို့ကတော့ ဒီလူတွေရဲ့ တင်ပြချက်ကို ဝိုင်းဟားပေါ့။ ဒါပေမဲ့ အသေအချာ ဆွေးနွေးတဲ့အခါမှာတော့ သူတို့ရဲ့တင်ပြချက်ဟာ အသက်ကြီးလာတာ တခုတည်းမဟုတ်ပဲ ပြောင်းလဲလာနေတဲ့ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး၊ ပထဝီနိုင်ငံရေး အခြေအနေတွေနဲ့ ဆက်စပ်နေတာကို သိလာရပါတယ်။

အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေး လုပ်ငန်းစဉ်ကို အားမပေးချင်တော့လို့ အလှူငွေဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်နေတဲ့ အနောက်တိုင်းအလှူရှင်တွေရဲ့ ဖိအားနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်သွားတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ အနေအထားတွေက ဒီစဉ်းစားချက်ကို အဓိကနေရာကနေ တွန်းအားပေးခဲ့တာလို့ ကျနော်ထင်ပါတယ်။

ဒီဆွေးနွေးချက်ကို လမ်း (၃) သွယ်ဆွေးနွေးချက်လို့ ကျနော်တို့ကခေါ်ဆိုပြီး ABSDF အဖြစ် ဆက်ရပ်မလား၊ နိုင်ငံရေးပါတီတခုအဖြစ် အသွင်ပြောင်းမလား၊ ဒါမှမဟုတ် နိုင်ငံရေးလုပ်ချင်သူတွေ ABSDF ကနေ နုတ်ထွက်ပြီး ပါတီသစ် ထောင်ချင်ထောင်၊ ရှိပြီးသားပါတီတွေထဲ ဝင်ချင်ဝင် စသဖြင့် ဆွေးနွေးကြပါတယ်။

ဒါပေမယ့် ဒီဆွေးနွေးချက်ဟာ တထိုင်တည်း၊ ချက်ချင်းဆုံးဖြတ်ချက်ချဖို့ မလိုအပ်သေးပဲ အချိန်ယူလုပ်ဆောင်မှ သင့်တော်မယ့် ကိစ္စဖြစ်တာကြောင့် ဒီဗဟိုကော်မတီ အစည်းဝေးမှာ ဆွေးနွေးတာပဲလုပ်မယ်၊ ဆုံးဖြတ်ချက်ချတာကိုတာ့ ပဉ္စမအကြိမ်ညီလာခံ သက်တမ်းအတွင်း တက်လာမယ့် ဗဟိုကော်မီတီအသစ်က ဆက်လက်ဆောင်ရွက်ဖို့ ကျနော်တို့ သဘောတူခဲ့ပါတယ်။

မဟာမိတ်ကိစ္စ၊ တပ်နေရာချထားရေးကိစ္စ၊ ခေါင်းဆောင်ပိုင်းတွေ တာဝန်ကျေမှု ရှိ-မရှိ ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ အတော်ပွဲဆူခဲ့ပါတယ်။ နှစ်ဖက် ပြန်လည်ပေါင်းစည်းထားတာ (၂) နှစ် ကျော်နေပြီဆိုပေမယ့် ABSDF ဟာ တသားတည်း မဖြစ်သေးဘူးလို့ ကျနော်စိတ်ထဲ ခံစားရပါတယ်။

အဆိုတခု တင်လိုက်ရင် အဲဒီအဆိုမှာ ပါဝင်တဲ့ အကြောင်းအရာထက် အဲဒီအဆိုကို ဘယ်ဘက်ကလူ (ဒေါက်တာနိုင်အောင် ဘက်က လူလား၊ မိုးသီးဇွန်ဘက်က လူလား) တင်သလဲဆိုတာက ပိုအရေးကြီးသလို ဖြစ်နေခဲ့ပါတယ်။ တခါ ဥက္ကဌအပါဝင် ဗဟိုကော်မတီဝင်တချို့ မိန်းမယူတဲ့ကိစ္စတွေကိုလည်း တော်လှန်ရေး ခေါင်းဆောင်တွေ မိန်းမယူသင့် -မယူသင့် ငြင်းခုန်ခဲ့တာကို ကျနော်မှတ်မိနေပါတယ်။

ဒီလို ငြင်းရင်းခုန်ရင်းနဲ့ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ စတင်တဲ့ ဗဟိုကော်မီတီအစည်းဝေးဟာ (၁၈) ရက်နေ့မှ ပြီးတဲ့အတွက် (၁၂)- ရက်တိတိ ကြာသွားခဲ့ပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၆) >>>>>

ထက်အောင်ကျော်