သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ လွတ်မြောက်တယ်ဆိုတဲ့ သတင်းအမှား

0
3285

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပြီး အကျဉ်းသား ကိုးထောင်ကျော်ကို လွှတ်ပေးရာမှာ သရုပ်ဆောင်မော်ဒယ် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ လွတ်မြောက်လာတယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ကိုးထောင်ကျော်ကို လွှတ်ပေးခဲ့တာပါ။ 

အဲဒီအထဲမှာ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ ပါဝင်တယ်ဆိုတဲ့အကြောင်း Facebook မှာ ဇန်နဝါရီလ ၅ရက်အထိ ပျံ့နှံ့နေသလို တယ်လီဂရမ်ချန်နယ်တွေမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ 

သတင်းဌာနတချို့ကလည်း သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ လွတ်မြောက်တဲ့အကြောင်း ရေးသားတင်ဆက်ခဲ့ကြ ပါသေးတယ်။ 

Dawei Watch က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ ဇန်နဝါရီလ ၅ ရက်အထိ သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတာကို စစ်ဆေးတွေ့ရှိရပါတယ်။

နန်းမွေစံ မလွတ်သေးဘူးလို့ မိခင်ဖြစ်သူအတည်ပြု

မောင်ဒယ်နန်းမွေစံ ပြန်မလွတ်မြောက်သေးဘူးလို့ နန်းမွေစံရဲ့ မိခင်က သတင်းမီဒီယာမှာ ပြောဆိုအတည်ပြုထားပါတယ်။ 

ဇန်နဝါရီလ ၅ရက် မနက်ပိုင်းမှာ ထောင်ဝင်စာသွားတွေ့ပြီး စားစရာပစ္စည်းတွေ ပေးခဲ့ရသေးတာကြောင့် မလွတ်သေးတာ သေချာတဲ့အကြောင်း နန်းမွေစံရဲ့ မိခင်ဖြစ်သူက Delta News Agency သတင်းဌာနသို့ ပြောဆိုထားတာကို တွေ့ရပါတယ်။ 

သင်ဇာဝင့်ကျော်လည်း မလွတ်တဲ့အကြောင်း နန်းမွေစံရဲ့ မိခင်က ပြောဆိုထားပါသေးတယ်။ 

ဒီအကြောင်းနဲ့ပတ်ပတ်လို့ Delta News Agency က “နန်းမွေစံနဲ့ သင်ဇာဝင့်ကျော် ပြန်လွတ်ပြီဆိုတဲ့ သတင်းမှား” ခေါင်းစဉ်နဲ့ အချက်အလက်စိစစ်ရေးသားထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

သင်ဇာဝင့်ကျော် ပြန်မလွတ်သေးဘူးလို့ သူရဲ့မိတ်ကပ်ဆရာကအတည်ပြု

သင်ဇာဝင့်ကျော် ပြန်လည် မလွတ်မြောက်လာသေးဘူးလို့ သူရဲ့ မိတ်ကပ်ဆရာဖြစ်သူ စွာစွာနဲ့ သူသူတို့နှစ်ဦးက ပြောဆိုထားပါတယ်။ 

သင်ဇာဝင့်ကျော် မိခင်ဖြစ်သူကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်တော့ ပြန်လွတ်တာမှာ မပါဘူးလို့ သိရတဲ့အကြောင်း Myanmar Celebrity TV နဲ့အင်တာဗျူးရာမှာ ပြောဆိုထားတာပါ။ အဲဒီအင်တာဗျူးကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။  

သတင်းအမှား ထွက်လေ့ရှိတယ်

မြန်မာ့ယဉ်ကျေးမှုထိခိုက်စေတဲ့ လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အခကြေးငွေရယူပြီး ဖြန့်ချီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သရုပ်ဆောင်မော်ဒယ်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးပြီး အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က) နဲ့ တရားစွဲဆိုခဲ့ပါတယ်။ 

နန်းမွေစံကို မြောက်ဒဂုံမြို့နယ် စစ်ခုံရုံးက ထောင်ဒဏ်ခြောက်နှစ်ချမှတ်ပြီး သင်ဇင်ဝင့်ကျော်ကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပါတယ်။ 

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော် စစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့ပြီး လွှတ်ပေးရာ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ ပါဝင်တဲ့လို့ လူမှုကွန်ရက်မှာ သတင်းတွေ ပျံ့နှံ့ခဲ့ပေမယ့် အမှန်တကယ်လွတ်မြောက်လာခြင်း မရှိဘူးဆိုတာ စိစစ်တွေ့ရှိရပါတယ်။ 

အခုလို လွတ်ငြိမ်းခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ လွှတ်ပေးတဲ့အချိန်တွေမှာ နာမည်ကျော်ကြားသူတွေနဲ့ပတ်သက်ပြီး သတင်းမှားတွေ ပျံ့နှံ့လေ့ရှိတာကို သတိထားဖို့ လိုပါတယ်။ 

ဒါကြောင့် စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်း မယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ နဲ့ Fact Check ဌာနတွေက စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းအမှားလို့ သံသယရှိတာတွေ တွေ့လာရင် လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။