စစ်ကောင်စီလွတ်ငြိမ်းတွင် နိုင်ငံရေးအကျဉ်းသား လေးရာကျော်သာ လွတ်မြောက်

0
789

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ကိုးထောင်ကျော် လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား လေးရာကျော်သာပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်သည်။

အကျဉ်းထောင် ၂၈ခုက နိုင်ငံရေးအကျဉ်းသား ၄၄၀ ဦး လွတ်မြောက်သည်ဟု ကနဦးကောက်ယူထားသည့် စာရင်းများအရ သိရကြောင်း ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

အကျဉ်းထောင်အများစုတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း မရှိခဲ့ကြောင်းလည်း ဖော်ပြသည်။

အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၃၀ဦးဖြင့် အများဆုံးလွတ်မြောက်ခဲ့ပြီး မန္တလေး အိုးဘိုအကျဉ်းထောင်က ၁၄၀ ဦးဖြင့် ဒုတိယအများဆုံး လွတ်မြောက်ခဲ့ကြောင်း ဖော်ပြသည်။

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

နောက်တစ်ကြိမ် ထပ်မံပြစ်မှုကျူးလွန်လျှင် ယခုကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ တစ်ပေါင်းတည်းကျခံရမည်ဟု ကန့်သတ်ချက်ဖြင့် လွတ်ပေးခြင်းဖြစ်သည်။

နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးနောက် ပြည်နှင်ဒဏ်ပေးခဲ့သည်။