သကျက်တောရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်မီးရှို့၊ မီးရှို့ခံရသည့်နေအိမ် သုံးဆယ်ကျော်အထိရှိလာ

0
1125
ဓာတ်ပုံ - ကျော်မင်းထိုက်

လောင်းလုံးမြို့နယ် သကျက်တောကျေးရွာရှိနေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီလ ၆ရက် နံနက် ၁၀ နာရီခန့်မှစပြီး မီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။

မီးရှို့ခံထားရသည့်နေအိမ် ၄ ဆောင်ရှိသည့်အနက် သုံးဆောင်မှာ လုံးဝပျက်စီးသွားကြောင်း ဒေသခံအချို့က ဆိုသည်။

ဓနိမိုး သစ်သားအိမ်သုံးဆောင်၊ တိုက်အိမ်တစ်ဆောင်မီးရှို့ခံရခြင်းဖြစ်ပြီး သစ်သားအိမ်သုံးဆောင်မှာ လုံးဝပျက်စီးသွားကြောင်း ၎င်းတို့က ပြောဆိုသည်။

“သစ်အိမ်တွေကတော့ မရတော့ဘူးလို့ပြောတယ်။ တိုက်အိမ်တစ်ဆောင်ကတော့ မီးသတ်ပေးမယ့်သူရှိလို့ အားလုံးတော့ မလောင်သွားဘူး” ဟု တိမ်းရှောင်နေရသည့်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၅ ရက်ကတည်းက ရွာသို့ ရောက်ရှိလာပြီး ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းမှစပြီး သကျက်တောရွာထဲ မွှေနှောက်ရှာဖွေကာ နေအိမ်မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။

အနီးအနားရှိဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာလိုအပ်ချက်လည်း ရှိလာနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

သကျက်တောသည် နယ်မြေရဲစခန်းအခြေစိုက် ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီက ထိုရဲစခန်းကို စွန့်ခွာထားသည်မှာ တစ်နှစ်တိတိပြည့်ပြီဖြစ်သည်။

စစ်ကောင်စီတပ်က လောင်းလုံးမြို့တောင်ဘက်ကျေးရွာများသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၁၁ ရက်ရှိနေပြီဖြစ်သည်။

အဆိုပါ ၁၁ ရက်အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ်စုစုပေါင်းမှာ ၃၇ ဆောင် ရှိနေပြီဖြစ်သည်။

Dawei Watch က လတ်တလောရရှိထားသည့်စာရင်းအရ စစ်ပြဲကျေးရွာတွင် နေအိမ် ၈ ဆောင်၊ လေးသွန်းခံရွာတွင် ၁၂ ဆောင်၊ ‌သပြေရှောင်ကျေးရွာအုပ်စုရှိ ရင်ထဲ၊ ဟင်းချိုတောရွာတွင် ၁၃ ဆောင်၊ ယနေ့ သကျက်တောရွာတွင် ၄ ဆောင် စုစုပေါင်း ၃၇ ဆောင်ဖြစ်သည်။