တပ်မိသားစုလုံခြုံရေး၊ တရုတ်နှင့် ချစ်ကြည်ရေး မပျက်စေရန် လောက်ကိုင်တွင် လက်နက်ချခြင်းဖြစ်သည်ဟု စစ်ကောင်စီဆို

0
1362
ပုံစာ- လောက်ကိုင်ဒကစတွင် MNDAA တပ်အလံလွှင့်ထူနေစဉ်။

လောက်ကိုင်မြို့ရှိ တပ်မိသားစုဝင်များ လုံခြုံရေးနှင့် တရုတ်နိုင်ငံဘက်ခြမ်း လက်နက်ကြီးကျည်ကျပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်ပြားစေရန် လောက်ကိုင်တွင် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ်ပြူလာနယူးစ်သတင်းဌာနသို့ ပြောဆိုထားသည်။

တရုတ်ဘက်ခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် တရုတ်နိုင်ငံသား ထိခိုက်သေဆုံးမှုရှိသဖြင့် တရုတ်နိုင်ငံဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

ယင်းသို့ အခြေအနေတွင် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထည့်သွင်းစဉ်းစားဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“အဲဒီဘက်မှာက မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပစ်ခတ်ပြီး မြန်မာ့တပ်မတော်က ပစ်ခတ်သယောင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင်လုပ်ဆောင်နေတာတွေ ရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်းစဥ်းစားခဲ့ပြီး ဒေသခံ တပ်မှူးများအနေနဲ့ အကောင်းဆုံး စဥ်းစားခဲ့တာလို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပေါ်ပြူလာနယူးစ်သို့ ပြောဆိုသည်။

လောက်ကိုင်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီတပ်သားများအပြင် တပ်မိသားစုဝင်များ၏ လုံခြုံရေးကို အဓိက ဦးစားပေးခဲ့ကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

ရှမ်းမြောက်တွင် နှစ်လကျော်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် ဇန်နဝါရီလ ၅က်နေ့တွင် လောက်ကိုင် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံး လက်နက်ချ ထွက်ခွာသွားသဖြင့် လောက်ကိုင်ဒေသကို ကိုးကန့်တပ်က ထိန်းချုပ်ထားပြီဖြစ်သည်။