စုဖွဲ့နိုင်ရေး အဖြေရှာလာသည့် တောင်ပိုင်းတော်လှန်ရေး အင်အားစုများ (၁)

0
3156

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံတွန်းလှန်စစ်နှင့်အတူ နိုင်ငံရေးအစုအဖွဲ့များလည်း အားကောင်းလာကြသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အင်အားစုအသီးသီးဖြင့်ဖွဲ့စည့်ထားသော မြို့နယ်အလိုက် နိုင်ငံရေးအင်အားစုများမှာ တနင်္သာရီတိုင်းအတွင်း ၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်ပေါ်ပေါက်လာသည်။

ထိုနောက် မြို့နယ်အစုအဖွဲ့များကို အခြေခံကာ ခရိုင်အလိုက် နိုင်ငံရေးဦးဆောင်အဖွဲ့များ၊ နိုင်ငံရေးအစုအဖွဲ့များ ဖွဲ့စည်းလာကြပြီး နိုင်ငံရေးအရစုစည်းရန် ကြိုးပမ်းကြသည်။

လက်ရှိအချိန်တွင်မူ ထားဝယ်၊မြိတ်၊ ကော့သောင်းခရိုင်အစုအဖွဲ့များက ၃ ခရိုင်စုစည်းကာ တိုင်းအဆင့်အစုအဖွဲ့တစ်ခု သို့မဟုတ် အားလုံးပါဝင်သည့် နိုင်ငံရေး ဦးဆောင်မှုတစ်ခုပေါ်လာစေရန် အားထုတ်နေကြသည်။

မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်အစုအဖွဲ့တွင် မပါဝင်သေးသည့် အစုအဖွဲ့များအနေဖြင့် တိုင်းအဆင့်တွင်ပါဝင်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းကာ တွေ့ဆုံဆွေးနွေးနေပြီဖြစ်သည်။

ယင်းကြောင့် ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့၏ လက်ရှိလုပ်ဆောင်နေမှုများနှင့် ယင်းလုပ်ဆောင်မှုများအပေါ် အင်အားစုအသီးသီးက မည်သို့ရှုမြင်ကြသည်များကို သိရှိနိုင်ရန်အတွက် အင်အားစုအသီးသီးမှ တာဝန်ရှိသူများကို တွေ့ဆုံကာ တနင်္သာရီပုံရိပ်အစီအစဉ်တွင် အပိုင်းလိုက် စီစဉ်တင်ဆက်သွားပါမည်။

ယခုအပတ်တွင် ကော့သောင်းခရိုင်နိုင်ငံရေး အင်အားစုမှ တာဝန်ရှိသူ မထိပ်ထားကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

“အားလုံးပါဝင်တဲ့ စုပေါင်းခေါင်းဆောင်တဲ့ ပလက်ဖောင်းတစ်ခုပေါ်ပေါက်ဖို့ အတွက်ကိုပဲ ကျွန်တော်တို့ အဓိကရည်ရွယ်ခြင်းဖြစ်တယ်”

မထိပ်ထား၊ တာဝန်ရှိသူ၊ ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစု

(ကော့သောင်းခရိုင် နိုင်ငံရေးအင်အားစုကို ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ပညာရေး ကျန်းမာရေး CDM များ၊ တော်လှန်ရေးအစုအဖွဲ့များ၊ ဆလုံလူမျိုးအရေးလှုပ်ရှားသူများ အစရှိသည့် အစုအဖွဲ့များဖြင့် ၂၀၂၂ နှစ်ကုန်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအချိန်မတိုင်မီက မြို့နယ်အလိုက် နိုင်ငံရေးအင်အားစုများကို ဖွဲ့စည်းထားကြသည်)

DW ။ အခုဆိုရင် ခရိုင် ၃ ခုပေါင်းပြီးတော့ပေါ့နော်။ အစုအဖွဲ့တစ်ခုလုပ်မယ်ဆိုပြီးတော့ ဆွေးနွေးတာမျိုးရှိတယ်ပေါ့ ခင်ဗျား။ဆိုတော့ အခုတွေ့ဆုံဆွေးနွေးမှု အနေအထားက ဘယ်လိုမျိုး အခြေအနေတွေရှိလဲပေါ့နော်။ဘယ်လိုအဖွဲ့တွေနဲ့ တွေ့ပြီးပြီလဲပေါ့ခင်ဗျား။

ဖြေ ။ ခရိုင် ၃ ခုစလုံးကို အစုအဖွဲ့တစ်ခုအနေနဲ့ ပုံစံလိုမျိုးနဲ့ ကျွန်တော်တို့စုဖွဲ့ထားတဲ့ပုံစံမျိုးတော့ မရောက်ဘူးပေါ့နော်။ ဒါကတစ်စုတစ်စည်းတည်းပဲ။ ငါတို့အားလုံးပေါင်းမှ တစ်ခုဆိုတဲ့ပုံစံလိုမျိုးတော့ ဖြစ်မနေဘူးပေါ့နော်။အကုန်လုံးသည် ကိုယ့်ခရိုင်က ကိုယ့်မူနဲ့ ကိုယ့်ဘာသာ သွားကြတယ်ဆိုတဲ့ အခြေအနေမျိုးတော့ရောက်တယ်။ ဒါပေမဲ့မတူကွဲပြားမှု တွေကို လက်ခံတယ် သဘောတူကြတယ်။တူညီတဲ့အရာတွေကို ဘုံသဘောတူညီမှုယူတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့က မဟာမိတ်ဖွဲ့ကြတယ်ပေါ့နော်။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင် ပူးပေါင်းတဲ့အခြေအနေဆိုတာထက် ကျွန်တော်တို့က မဟာမိတ်ဖွဲ့ကြတယ်ပေါ့။မဟာမိတ်ဖွဲ့ပြီးတော့ အလုပ်လုပ်တယ်ဆိုတဲ့ သဘောမျိုးတော့ ရောက်ပါတယ်။ဒီလိုမျိုးနဲ့ ၃ ခရိုင်စုဖွဲ့မှုသွားတယ်ပေါ့နော်။

၃ ခရိုင်လုံးရဲ့ တွေ့ဆုံမှုအခန်းကဏ္ဏ အပိုင်းကတော့ ဘာကြောင့်လို့ပူးပေါင်းဖြစ်လဲလို့ မေးလာတဲ့အချိန်ကျတော့ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်သည် အားလုံးရဲ့သဘောတူညီခြင်းနဲ့ တန်းတူမှာက ကျွန်တော်တို့က တနင်္သာရီတိုင်း ပြည်နယ် ဒါမှမဟုတ်ရင် ဖယ်ဒရယ်ယူနစ် ။ အဲဒီတနင်္သာရီရဲ့ အမည်နာမက အားလုံးနီးပါးတူမှာ ဒီဟာသည် နာမည် ပြောင်းချင်လည်းပြောင်းမယ်။ အခြားတစ်ခုခုဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။ ဒါပေမဲ့ကျွန်တော်တို့က ဖယ်ဒရယ် ယူနစ်တစ်ခုဖြစ်ဖို့အတွက်ကို အကုန်လုံးသည် ဆန္ဒရှိကြတယ်။ ဒါကြောင့်မို့ ဒီဆန္ဒအတိုင်းတို့တွေ အကုန်လုံးစုဖွဲ့ကြမယ် ဆိုတဲ့ သဘောမျိုးနဲ့ ကျွန်တော်တို့က စုဖွဲ့မှုလုပ်နိုင်ခဲ့တယ်ပေါ့နော်။

DW ။ ဆိုတော့ လက်ရှိတွေ့တဲ့အဖွဲ့တွေက ဘယ်လောက်တွေ့ပြီးပြီလဲ။ အဖွဲ့ဘယ်လောက်အထိ တွေ့ဖို့မျှော်မှန်းထားလဲပေါ့နော်ခင်ဗျား။

ဖြေ ။ လက်ရှိ ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့အနေနဲ့ သွားနေတဲ့အခန်းကဏ္ဏက အရှေ့မှာဆရာတို့ တခြားခရိုင်တွေ ဆီကနေ ဖြေထားတဲ့ အကြောင်းအရာတွေကတော့ ရပြီးသားဖြစ်မယ်လို့ ထင်တယ်ပေါ့နော်။ တွေ့ဆုံထားတဲ့ အခန်းကဏ္ဏကို ဆွေးနွေးချင်တယ်ပေါ့နော်။ အခုလက်ရှိ ဒီနေ့(ဇန်နဝါရီ ၂)တွေ့တာနဲ့ဆို ကျွန်တော်တို့ ၄ ဖွဲ့ တွေ့ပြီးပါပြီ။ကျွန်တော်တို့တိုင်းတွင်းမှာ စာရင်းပြုစုတယ်ပေါ့နော်။ တိုင်းအဆင့်မှာ ပါမယ်ဆိုတဲ့သူတွေပေါ့နော်။ တိုင်းအဆင့်ရောက်တော့မှ စုဖွဲ့မှုမှာပါကြမယ်ဆိုတဲ့သူတွေပေါ့။ ဆွေးနွေးထားတဲ့အဖွဲ့တွေကို ကျွန်တော်တို့ ကနဦးစတင်ပြီးတော့ တွေ့ဆုံကြတယ်ပေါ့နော်။ အခုလက်ရှိ ၄ ဖွဲ့ကိုတော့ တွေ့ပြီးသားဖြစ်တယ်။

DW ။ ခုနက ဆရာမပြောတဲ့ ရည်မှန်းချက်က မျှော်မှန်းချက်ကတော့ ဖယ်ဒရယ်ယူနစ်တစ်ခုထွက်လာဖို့ပေါ့။ ဆိုတော့ကာ

ဖြေ ။ ဟုတ်ကဲ့ ဒီအစုအဖွဲ့ရဲ့ပုံစံက ကျွန်တော်တို့စုဖွဲ့ပြီးတွေ့တဲ့ပုံစံက အကုန်လုံးသည် ဖယ်ဒရယ်ယူနစ်တစ်ခုဖြစ်ဖို့ အတွက် ရည်ရွယ်တယ်။ဖယ်ဒရယ်ယူနစ်တစ်ခုရဲ့ နောက်မှာက ဘာရှိလဲဆို ဒီဖယ်ဒရယ်ယူနစ်ကို ပေါ်ပေါက်စေဖို့ အတွက် ပလက်ဖောင်းတစ်ခုပေါ့နော်။ အားလုံးပါဝင်တဲ့ စုပေါင်းခေါင်းဆောင်တဲ့ ပလက်ဖောင်းတစ်ခုပေါ်ပေါက်ဖို့ အတွက်ကိုပဲ ကျွန်တော်တို့ အဓိကရည်ရွယ်ခြင်းဖြစ်တယ်။

DW ။ ဆိုလိုချင်တာက အဲလိုပလက်ဖောင်းတစ်ခုပေါ်လာပြီဆိုမှပဲ ရှေ့ဆက်သွားမယ့်မူဝါဒတွေ ရည်မှန်းချက်တွေ အစသဖြင့်ပေါ့လေ။ အဲဒီအချိန်ကျမှ ပြန်ဆွဲမယ့်သဘောလားခင်ဗျား။

ဖြေ ။ ဟုတ်တယ် ဟုတ်တယ်။ အဲလိုမျိုး သဘောပါဗျ။ ကျွန်တော်တို့က ၃ ခရိုင် နိုင်ငံရေးအင်အားစုများပူးပေါင်းညှိနှိုင်းရေး အဖွဲ့က ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်သည် ပလက်ဖောင်းတစ်ခုပေါ်ရုံပဲ။ အားလုံးပါဝင်တဲ့ ပလက်ဖောင်းတစ်ခု ပေါ်ပေါက်ရုံပဲ။ ဒါက ဖယ်ဒရယ်ယူနစ်ဖြစ်ပေါ်ဖို့အတွက် ဦးဆောင်အဖွဲ့လို့ပဲပြောပြော ဖြစ်မြောက်ရေးအဖွဲ့လို့ပဲ ပြောပြောပေါ့နော်။ အဲလိုလေး အခြေအနေလေးတစ်ခု ပလက်ဖောင်းတစ်ခုပေါ်ပေါက်သွားရင် ကျွန်တော်တို့ရဲ့ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ရဲ့သက်တမ်းပြီးသွားပြီပေါ့နော်။ ဒီဟာသက်တမ်းကုန်သွားပြီ။ကျွန်တော်တို့ကိုယ်တိုင်ကလည်း အားလုံးပါဝင်တဲ့အခင်းအကျင်း ပလက်ဖောင်းတစ်ခုထဲမှာ ကျွန်တော်တို့ရဲ့ ခရိုင်သည်လည်း အစုအဖွဲ့တစ်ခုအနေနဲ့ ပါဝင်ကြမှာဖြစ်တယ်။

DW ။ အဲလိုမျိုးစုဖွဲ့လိုက်ခြင်းအားဖြင့် အကုန်လုံးပါတဲ့ ပလက်ဖောင်းတစ်ခုအနေနဲ့ စုဖွဲ့လိုက်ခြင်းအားဖြင့် တော်လှန်ရေးအပေါ်မှာ ဘယ်လိုမျိုးသက်ရောက်မှုတွေ ရှိလာနိုင်လဲပေါ့နော်ခင်ဗျား။

ဖြေ ။ ကျွန်တော်တို့ လက်ရှိသွားနေတဲ့ အကြောင်းအရာက တော်လှန်ရေးအပေါ်မှာ သက်ရောက်မှုက ဆိုးကျိုးအနေနဲ့ရှိလာဖို့က နည်းတယ်ပေါ့နော်။ ဒါကတော့ ကျွန်တော်တစ်ဦးတစ်ယောက်တည်းရဲ့အမြင်နဲ့ ဒီအပိုင်းကို ဆွေးနွေးပါရစေ။ စုဖွဲ့မှုတွေသည် တစ်ခုနဲ့တစ်ခုက ကဏ္ဏမတူကြဘူး။ လူတစ်ဦးနဲ့တစ်ဦးက အတွေးအခေါ်တွေမတူနေကြဘူးဆိုတော့ ပွတ်တိုက်မှုတွေကတော့ ဖြစ်လာနိုင်တယ်ပေါ့နော်။ ပွတ်တိုက်မှုတွေက အနည်းအကျဉ်းတော့ဖြစ်နိုင်တယ်။ မတူကွဲပြားမှုတချို့ကတော့ ဖြစ်လာနိုင်တယ်။ ဒီဖြစ်လာတဲ့ကိစ္စရပ်တွေကတော့ အပြုသဘောဆောင်တဲ့ ကွဲပြားမှုတွေဖြစ်ဖို့အတွက်ပဲ ကျွန်တော်တို့က မျှော်လင့်တယ်ပေါ့နော်။

ဒီစုဖွဲ့မှုတစ်ခုပေါ်ပေါက်သွားမယ်။ လက်ရှိကြားကာလအနေအထားနဲ့ဆိုရင်တော့ ဒီကြားကာလအစီအမံ အုပ်ချုပ်မှု မူဘောင်တစ်ခု။ ဖယ်ဒရယ်ချာတာပေါ်ပေါက်လာသလိုမျိုး ကျွန်တော်တို့ဆီမှာလည်း ကြားကာလချာတာပေါ့နော်။ ကြားကာလအစီအမံ အုပ်ချုပ်မှုမူဘောင်ပေးနိုင်တဲ့အစီအမံတစ်ရပ်ကို ပေါ်ပေါက်နိုင်ဖို့အတွက်ပဲ ကျွန်တော်တို့ သွားကြမယ့် အခြေအနေဖြစ်တယ်ပေါ့။

တစ်ဖက်မှာ တော်လှန်ရေးလှုပ်ရှားနေတဲ့သူတွေက ငါတို့တိုက်နေတယ်။ ဘာကြောင့်မို့လို့ တိုက်နေကြလဲ။ ဘယ်သူတွေကဦးဆောင်သွားကြမှာလဲ။ ဘယ်သူတွေကလုပ်ကြမှာလဲ။ သူတစ်လူ ငါတစ်မင်းဖြစ်နေမှာလားဆိုတဲ့ အတွေးတွေကို ဖျောက်ဖျက်လို့ရမယ်။ ကျွန်တော်တို့က အကုန်လုံးစုပေါင်းပြီးတော့ခေါင်းဆောင်မှု သွားကြတယ်။ အကုန်လုံးစုပေါင်းပြီးတော့ အတူတူအလုပ်လုပ်ကြတယ်။ အတူတူဖော်ဆောင်ကြတယ်ဆိုတဲ့ အခန်းကဏ္ဏကို သွားတာဖြစ်တဲ့အတွက် အကုန်လုံးဆီကအသံတွေကိုပါပြီးတော့မှ ကြားကာလအစီအမံတို့ မူဘောင်တို့ကို ကျွန်တော်တို့ ရေးဆွဲရမှာဖြစ်တယ်ပေါ့နော်။ အဲဒီအထဲမှာ ကျွန်တော်တို့အနေနဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အဲဒီထဲမှာသွားပြီးတော့ ပါဝင်ရမယ့်အခြေအနေဆိုတော့ ကိုယ့်ရဲ့အသံလည်း ပါကြမယ်ပေါ့နော်။ ဒီလိုမျိုးအခန်းကဏ္ဏတွေတော့ ဖြစ်မယ်။

အဲဒီရဲ့အဝန်းအဝိုင်းထဲကနေ ကျွန်တော်တိုက မမြင်မကန်းနဲ့ လမ်းလျှောက်နေရတာနဲ့စာရင်တော့ ကျွန်တော်တို့က မြင်ပြီးတော့ လမ်းလျှောက်ရတဲ့အခြေအနေကတော့ ကွာခြားတယ်ပေါ့နော်။မြင်ပြီးတော့ လမ်းလျှောက်ရတဲ့အခြေအနေဖြစ်မယ်။

ကျွန်တော်တို့က ပွတ်တိုက်မှုဖြစ်လာနိုင်တဲ့အခြေအနေ၊ ခလုတ်တိုက်နိုင်တဲ့အခြေအနေတွေ ပြီးရင် ဂျောက်(ချောက်)ထဲကျနိုင်တဲ့အခြေအနေတွေကို ကျွန်တော်တို့ကတော့ မြင်နေရတာဖြစ်တဲ့အတွက် ကျော်လွှားနိုင်မယ်ပေါ့နော်။

DW ။ နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့လေ ။ ပြီးခဲ့တဲ့လက CRTHကနေလုပ်တဲ့ ကြားကာလအစီအမံနဲ့ ပတ်သက်ပြီးတော့ စုဖွဲ့တွေကလည်း ကန့်ကွက်စာထုတ်ကြတာရှိတာပေါ့လေ။ဆိုတော့ လက်ရှိ၃ ခရိုင်စုဖွဲ့နေတဲ့ အခင်းအကျင်းမှာ သူတို့နဲ့ ဘယ်လိုမျိုးပုံစံနဲ့ ဆက်သွားဖို့ရှိလဲပေါ့နော်ခင်ဗျား။

ဖြေ ။ လက်ရှိအခြေအနေအရကတော့ CRTH ဆိုဒ်ဘက်ကတော့ သူတို့အနေနဲ့ ပြောရေးဆိုခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အခန်းကဏ္ဏပေါ်ပေါက်နေပြီးတော့ သူတို့ရဲ့ ကြားကာလအစီအမံဖြစ်မြောက်ရေး ကော်မတီရဲ့လုပ်ငန်းစဉ်အနေနဲ့ ကတော့ သူတို့ရေးဆွဲထားတာပေါ့နော်။ ကော်မတီဖွဲ့စည်းတဲ့ လုပ်ငန်းလမ်းညွှန်အနေနဲ့ သူတို့ရေးဆွဲထားတာဖြစ်တယ်။ ကြားကာလအစီအမံတော့ ဟုတ်မနေသေးဘူး။ ကြားကာလအစီအမံကို ပေါ်ပေါက်စေမယ့် ကော်မရှင်တစ်ရပ်ရဲ့ လုပ်ငန်းဆောင်တာပေါ့ အဲလိုပဲ ရှိနေသေးတယ်။

ဒါပေမဲ့ ဒီဟာသည် တစ်စုတစ်ဖွဲ့တည်းရဲ့ သဘောထားနဲ့ ရေးထားတာဖြစ်တဲ့အတွက် CRTH အနေနဲ့ ဒီဟာကိုတော့ သူတို့တစ်စုတည်းရဲ့ သဘောဆန္ဒဆိုတဲ့ဟာနဲ့တော့ ကျွန်တော်တို့လက်ခံပေးလို့ရတယ်ပေါ့နော်။ သူ့တစ်ဦးတစ်ယောက်တည်းနဲ့ ရေးထားတဲ့အခြေအနေမို့လို့ သူ့ဟာသူတစ်စုတည်းတော့ လက်ခံပေးလို့ရတယ်။အဲလိုမျိုး တစ်ပိုင်းတော့ရှိမယ်။ ဒါပေမဲ့ကျွန်တော်တို့အားလုံးနဲ့သွားမယ်ဆိုတဲ့ အခင်းအကျင်းမှာကတော့ ဒီဟာကို သူတို့တွေဆီက မူကြမ်းဆိုတဲ့ အနေအထားမျိုးပဲ ရှိကောင်းလည်းရှိလာနိုင်တယ်။ဒီဟာကို အကုန်လုံးရဲ့ သဘောဆန္ဒအရ ဒီဟာကိုပြင်မှာလား ဖျက်မှာလားဆိုတဲ့ သဘောဆန္ဒကတော့ အားလုံးပါဝင်တဲ့ အခင်းအကျင်းတစ်ရပ်အပေါ်မှာတော့ ဒီရဲ့ဆွေးနွေးမှုတွေက ထပ်ပြီးတော့ ထွက်လာနိုင်တယ်ပေါ့နော်။ကျွန်တော်တို့ ၃ ခရိုင်နိုင်ငံရေးအင်အားစုတွေပူးပေါင်း ညှိနှိုင်းရေးအဖွဲ့အနေနဲ့ တွေ့ဆုံရမယ့် အစုအဖွဲ့တွေရဲ့ စာရင်းပြုစုထားတဲ့ မက်ပင်(Map pink)ထဲမှာတော့ CRTHကိုလည်း တိုင်းအဆင့်အစုအဖွဲ့တစ်ခုအနေနဲ့ ထည့်သွင်းပြီးတော့ ထားထားတာတစ်ခုတော့ရှိတယ်ပေါ့နော်။ သူတို့နဲ့လည်း ကျွန်တော်တို့က ပူးပေါင်းညှိနှိုင်းရေးအဖွဲ့အနေနဲ့ CRTH ကိုလည်း တိုက်ရိုက်တွေ့ဆုံရမယ့်အခန်း ကဏ္ဏကတော့ ရှိလာမယ်။ ဘယ်တော့ ဘယ်အချ်ိန်လောက်မှာ ဘယ်လိုပုံစံမျိုးနဲ့ ရှိလာမလဲဆိုတာကတော့ ကျွန်တော်တို့မပြောပြတတ် သေးဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ ချိန်ထိုးထားတဲ့အချိန်ကတော့ ၂ လအတောအတွင်းမှာ ဒီဟာကိုလုပ်ဆောင်ကြမယ်ဆိုတဲ့ အချိန်ကန့်သတ်ချက်တစ်ခုကိုတော့ လျာထားကြတယ်ပေါ့နော်။ ကျွန်တော်တို့ဆုံးဖြတ်ထားကြတယ်။ ဒီအဝန်းအဝိုင်းအတွင်းထဲမှာတော့ တွေ့ဖြစ်ဖို့ရှိနိုင်မယ်လို့တော့ ယူဆတယ်။ ဒါပေမဲ့ဘယ်လိုပုံစံမျိုးနဲ့ အဖြေထွက်လာမယ်ဆိုတဲ့အပိုင်းကတော့ ဆွေးနွေးမှုပြီးမြောက်တဲ့အချိန်ကျမှပဲ သိရမယ်ပေါ့နော်။