သားဆက်ခြားနည်း အယူအဆအမှား

0
1420

အခုခေတ်မှာ ကိုယ်ဝန်မရအောင်တားဆီးတဲ့နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲမှာ စိတ်ချရတဲ့နည်းလမ်းတွေရှိသလို စိတ်မချရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။

သန္ဓေတားနည်းအားလုံးဟာ ရာနှုန်းပြည့်စိတ်ချရတာမျိုး မရှိပါဘူး။

အဲဒီအထဲမှာမှ မိန်းမကိုယ်ပြင်ပ သုတ်လွှတ်တာ၊ ရက်ရှောင်တာ၊ အရေးပေါ်သန္ဓေတားဆေး အမြဲသုံးစွဲတာက ရာနှုန်းပြည့်စိတ်ချရတယ်လို့ လူအချို့က အယူအဆ မှားနေတာတွေ ရှိပါတယ်။

သန္ဓေတားနည်းတွေ များစွာရှိပေမယ့် တစ်ဦးနဲ့တစ်ဦးမတူတာကြောင့် ကိုယ်နဲ့သင့်တော်တာကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

ကိုယ်နဲ့ မသင့်တော်တဲ့ သန္ဓေတားနည်းကိုရွေးချယ်မိရင် မလိုလားအပ်ဘဲ ကိုယ်ဝန်ရသွားနိုင်ပြီး နောက်ဆက်တွဲဝန်ထုတ်ဝန်ပိုးတွေခံစားကြရမှာဖြစ်ပါတယ်။

ဘာကြောင့်ကိုယ်ဝန်တားဖို့လိုအပ်တာလဲ

ဘာကြောင့် ကိုယ်ဝန်တားဖို့လိုအပ်သလဲမေးရင် တစ်ယောက်နဲ့တစ်ယောက် အဖြေတူမှာမဟုတ်ပါဘူး။ တချို့က သမီးရည်းစားဘဝမှာ အတူနေမိလို့၊ အရွယ်ငယ်ငယ်နဲ့ အိမ်ထောင်ကျသွားလို့၊ စီးပွားရေးအဆင်မပြေလို့ စတဲ့ သူအကြောင်းနဲ့သူ ရှိကြပါတယ်။

သမီးရည်းစားတွေဆိုရင်လည်း မတော်တဆအတူနေမိသွားလို့ ကိုယ်ဝန်ရသွားရင် ပတ်ဝန်းကျင်က ပြောစရာဖြစ်လာနိုင်ပါတယ်။

အခုခေတ်မှာ ဆယ်ကျော်သက်အရွယ်လေးနဲ့အိမ်ထောင်ကျတာတွေ ခပ်စိပ်စိပ်တွေ့လာရပါတယ်။

နယ်ဘက်မှာ ဆေးဆိုင်ဖွင့်ထားတဲ့သူတစ်ယောက်အဆိုအရ အိမ်ထောင်ကျသွားတဲ့ဆယ်ကျော်သက်အရွယ်တွေဟာ စနစ်တကျကိုယ်ဝန်တားနည်းကိုလည်းမသိ၊ သူများကိုမေးရမှာလည်း ရှက်တာနဲ့ ကိုယ်ဝန်ရသွားတာအများကြီးရှိတယ်လို့ဆိုပါတယ်။

ကိုယ်ဝန်ရသွားမှ ဖျက်ချဖို့ကြိုးစားတာတွေလည်း တွေ့ရတယ်လို့ဆိုပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားရင် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကြုံရနိုင်သလို ပညာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ အခက်အခဲ​တွေ ရှိလာနိုင်ပါတယ်။

ဒီအကြောင်း Happy Healthy Myanmar ကရေးသားထားကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

နည်းမမှန်ရင် အန္တရာယ်များတယ်

အရပ်ပြောတားနည်းတွေကြောင့် အခန့်မသင့်လို့ ကိုယ်ဝန်ရသွားရင် ဖျက်ချပစ်တာမျိုးက မိခင်ရော ကလေးအတွက်ပါ အသက်အန္တရာယ်ရှိပါတယ်။ တရားလည်းမဝင်ပါဘူး။ ဥပဒေအရ လူသတ်မှုမြောက်ပါတယ်။

ကိုယ်ဝန်ဖျက်ချရင်ကြုံရမယ့် ကျန်းမာရေးပြဿနာနဲ့ ဥပဒေဆိုင်ရာကိစ္စတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာ ရေးသားထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

မဖျက်ချဘဲ ကလေးယူလိုက်ပြန်ရင်လည်း နောက်ဆက်တွဲ ဝန်ထုတ်ဝန်ပိုးပိလာနိုင်ပါတယ်။ ယနေ့ခေတ်လို ပဋိပက္ခကာလထဲမှာ ပိုပြီးဝန်ထုတ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် စနစ်ကျပြီးဘေးကင်းတဲ့ သားဆက်ခြား နည်းလမ်းတွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ၊ အယူအဆမှားယွင်းနေတာတွေကို အချက်အလက်စစ်ဆေးဖော်ပြပေးသွားမှာဖြစ်ပါတယ်။

မိန်းမကိုယ်ပြင်ပသုတ်လွှတ်တာ

သားဆက်ခြားနည်းတွေထဲ မိန်းမကိုယ်ပြင်ပသုတ်လွှတ်တာက ထိရောက်မှုအနည်းဆုံးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ဝန်ရနိုင်ခြေအများဆုံးဖြစ်ပါတယ်။

ကွန်ဒုံးသုံးစွဲတာ၊ ကိုယ်ဝန်ဆောင်တားဆေးတွေ သုံးစွဲတာနဲ့နှိုင်းယှဉ်မယ်ဆိုရင် သုတ်အပြင်လွှတ်တာက ကိုယ်ဝန်မရအောင် ၁၈ ရာနှုန်းပဲ စွမ်းဆောင်ပေးနိုင်တယ်လို့ဆိုပါတယ်။ အဲဒီနည်းက လူတစ်ရာမှာ ၁၈ ဦးပဲ ကိုယ်ဝန်မရတာဖြစ်ပြီး ကျန်တဲ့ ၈၂ ဦးကတော့ ကိုယ်ဝန်ရသွားကြတာကိုဆိုလိုတာပါ။

မိန်းမကိုယ်ပြင်ပသုတ်လွှတ်တာက ကလေးမရနိုင်ဘူးဆိုတာက အယူအဆအမှားသာဖြစ်တယ်လို့ OnDoctor ဝက်ဘ်ဆိုက်မှာရေးသာထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဒါကြောင့် မိန်းမကိုယ်ပြင်ပသုတ်လွှတ်တာ၊ ရက်ရှောင်တာတွေက ရာနှုန်းပြည့် ကိုယ်ဝန်မရအောင်တားပေးနိုင်တယ်ဆိုတဲ့ အရပ်ပြောစကားတွေကို နားမယောင်မိဖို့အရေးကြီးပါတယ်။

ရက်ရှောင်တာ

ကိုယ်ဝန် မရအောင်တားတဲ့နည်းထဲမှာ ရက်ရှောင်နည်းလည်း ပါဝင်ပါတယ်။ ရက်ရှောင်နည်းက ဆေးဝါးတွေ ဝယ်ဖို့ မလိုအပ်တာကြောင့် ကိုယ်ဝန်တားဖို့အတွက် အလွယ်တကူအသုံးပြုတတ်ကြပါတယ်။

ရက်ရှောင်နည်းဟာ ရာသီစက်ဝန်းမှန်ကန်တဲ့အမျိုးသမီးတွေအတွက်ပဲ ထိရောက်တာပါ။ ရာသီမမှန်တဲ့သူအတွက်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

နောက်တစ်ချက်က ဒီနည်းလမ်းမှာ သားဥကြွေရက် တွက်ချက်ရတာတွေရှိပါတယ်။ မတွက်တတ်ရင် မသုံးတာပိုကောင်းတယ်လို့ ကျွမ်းကျင်ဆရာဝန်တွေကအကြံပြုပါတယ်။

ပြီးတော့ လိင်မဆက်ဆံဘဲ ရှောင်ရမယ့်ရက်တွေ သေသေချာချာ မှတ်ထားရမှာပါ။ တစ်ရက်တလေမှ လွဲလို့မရပါဘူး။ လွဲရင်ကိုယ်ဝန်ရသွားနိုင်ပါတယ်။

ဒီအချက်တွေကြောင့် ကျွမ်းကျင်သူတွေက ရက်ရှောင် သန္ဓေ တားနည်းကို အားမပေးကြပါဘူး။

ရက်ရှောင်ပြီးအတူနေကြတဲ့ စုံတွဲအနေနဲ့ အခန့်မသင့် ကိုယ်ဝန်ရသွားနိုင်ခြေရှိတာမို့ ဒီနည်းလမ်းအကြောင်း သေသေချာချာ လေ့လာထားဖို့ လိုအပ်တဲ့အကြောင်း ဟဲလိုဆရာဝန်ဝက်ဘ်ဆိုက်မှာရေးသားထားတာကို ဒီနေရာမှာလေ့လာနိုင်ပါတယ်။

အရေးပေါ်သန္ဓေတားဆေး

အရေးပေါ်တားဆေးနဲ့ပတ်သက်ပြီးလည်း အယူအဆမှားနေတာတွေရှိပါတယ်။

လိင်ဆက်ဆံပြီးတိုင်း အရေးပေါ်တားဆေးသောက်ရမယ်ဆိုတဲ့အယူအဆအမှား၊ ဆေးနှစ်လုံးပါတဲ့ အရေးပေါ်တားဆေးကို တစ်လုံးပဲသောက်ရင် လုံလောက်တယ်ဆိုတဲ့အမှား၊ အရေးပေါ်တားဆေးကို ခဏခဏအသုံးပြုတတ်တဲ့အမှား စတဲ့အမှားတွေတွေ့ရတတ်ပါတယ်။

အရေးပေါ်တားဆေးဟာ အခြားသန္ဓေ တားနည်းတွေနဲ့လက်လှမ်းမမီတဲ့အချိန်၊ အရေးပေါ်အကြောင်းအရာတစ်ခုခု ဥပမာ အဓမ္မ ပြုကျင့်ခံရတာမျိုးတွေမှာမှ အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတာပါ။

တချို့တွေအရေးပေါ်တားဆေးကို လိင်ဆက်ဆံပြီးတိုင်းသောက်နေကြတာဟာ မှားယွင်းပါတယ်။

အရေးပေါ်တားဆေးကိုသုံးမယ်ဆိုရင် ဆေးမသောက်မီ သုံးရက်ကနေ ငါးရက်အတွင်း ဖြစ်လာမယ့် ကိုယ်ဝန်ကို တားဆီးပေးနိုင်ပါတယ်။

ဒီထက်ပိုသွားမယ်ဆိုရင်တော့ အရေးပေါ် တားဆေးက သန္ဓေ တားဆီးပေးမှာ မဟုတ်တော့ပါဘူး။

ဆေးနှစ်လုံးပါတဲ့အရေးပေါ်တားဆေးဆိုရင်နှစ်လုံးစလုံးသောက်ရပါမယ်။ ပထမတစ်လုံးသောက်ပြီး ၁၂ နာရီခြားပြီးမှ နောက်တစ်လုံးကိုဆက်သောက်နိုင်သလို နှစ်လုံးစလုံးကို တစ်ပြိုင်နက်သောက်လည်း ရပါတယ်။

အရေးပေါ်တားဆေးဟာ နာမည်နဲ့လိုက်အောင် အရေးပေါ်မှ သုံးရတဲ့ဆေးဖြစ်ပါတယ်။ ဒါကြောင့် ခဏခဏသုံးစွဲလို့ မသင့်တော်ပါဘူး။

ခဏခဏသောက်နေမယ်ဆိုရင်တော့ ကိုယ်ဝန်တားနိုင်စွမ်းလျှော့ကျလာစေနိုင်သလို ရာသီစက်ဝန်းပြောင်းသွားတာမျိုးဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဟဲလိုဆရာဝန်ဝက်ဘ်ဆိုက်မှာ အရေးပေါ်တားဆေးအကြောင်း အသေးစိတ်ရေးသားထားတာကို ဒီနေရာမှာ ဝင်ကြည့်နိုင်ပါတယ်။

အရေးပေါ်တားဆေးက ဟော်မုန်းကို တိုက်ရိုက်အများကြီး ထိုးထည့်တာဖြစ်တဲ့ အတွက် အမြဲတမ်းသုံးစွဲ​နေရင် ကင်ဆာဖြစ်တတ်တယ်။ အထူးသဖြင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်တတ်တယ်လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဘေးကင်းတဲ့ သားဆက်ခြားနည်း

ဘယ်အရာက ဘေးကင်းပြီး စိတ်ချရတဲ့ သားဆက်ခြားနည်းလဲလို့မေးရင် ကိုယ်နဲ့ သင့်တော်တာကို ရွေးပြီး အသုံးပြုရမှာပဲဖြစ်ပါတယ်။

တချို့က အလုပ်မအားလို့၊ မေ့တတ်လို့ နေ့စဉ်သောက်ဆေးနဲ့ အဆင်မပြေတာရှိမယ်၊ တချို့က ငွေကြေးမတတ်နိုင်လို့ ဈေးကြီးတဲ့ကိုယ်ဝန်တားနည်းအတွက် အဆင်မပြေတာ စတဲ့ ပြဿနာကိုယ်စီရှိကြလို့ပါ။

ကိုယ်နဲ့အဆင်ပြေရာကို ရွေးချယ်နိုင်ဖို့အတွက် Dawei Watch ကဖော်ပြထားတဲ့ ဘေးကင်းလုံခြုံတဲ့ သားဆက်ခြားနည်းများအကြောင်းကို ဒီနေရာ နဲ့ ဒီနေရာတွေမှာ ဝင်ကြည့်နိုင်ပါတယ်။

အကြံပြုချက်

  • အရပ်ပြော ကိုယ်ဝန်တားနည်းတွေကို မျက်စိမှိတ်မယုံပါနဲ့။ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းသင့်ပါတယ်။
  • ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ ငယ်ရွယ်အိမ်ထောင်ရှင်တွေ ဘေးကင်းတဲ့သန္ဓေတားနည်း လမ်းတွေကို လေ့လာထားသင့်ပါတယ်။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားပြီးမှ ဖျက်ချတာက နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်‌လို့ပါ။

အယူအဆအမှားတွေ၊ သတင်းအတု၊ သတင်းအမှားတွေဖြစ်ဖြစ်၊ ဝါဒဖြန့်ချီတာတွေနဲ့ပတ်သက်တာဖြစ်ဖြစ် တွေ့ရှိခဲ့လို့ရှိရင် Dawei Watch Facebook Page Messenger ကိုဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။

အယူအဆအမှားတွေ၊ ငွေကြေးလိမ်လည်တာ၊ သတင်းအတု၊ သတင်းအမှားတွေ၊ ဝါဒဖြန့်ချီထားတာတွေနဲ့ပတ်သတ်ပြီး Dawei Watch က အချက်အလက်စစ်ဆေးဖော်ပြထားကို Fact Check ကဏ္ဍမှာ ဝင်ကြည့်နိုင်ပါတယ်။