တနင်္သာရီ စစ်ကောင်စီတပ်ကို တောင်ပိုင်းညီနောင်စစ်ကြောင်း ဝင်တိုက်

0
1177

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ရေဖြူရွာရှိစစ်ကောင်စီတပ်ကို တောင်ပိုင်းညီနောင်စစ်ကြောင်း (SBA)က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တောင်ပိုင်းညီနောင်စစ်ကြောင်း ထံမှသိရသည်။

ရေဖြူကျေးရွာ၊ စစ်ကောင်စီဗျူဟာကုန်းနှင့် မလှမ်းမကမ်းရှိ ကမ္ဘောဇဆီအုန်းကုမ္ပဏီရှေ့ရှိ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု တောင်ပိုင်းညီနောင်သုံးဖွဲ့တွင်ပါဝင်သည့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် လမ်းသွားလမ်းလာများကို စစ်ဆေးနေချိန် ခရီးသည်မရှိခိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကာ တောင်ပိုင်းညီနောင်စစ်ကြောင်းဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပြီးနောက် ရေဖြူရွာနှင့်ချောင်းလမုရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“လက်နက်ကြီးနဲ့ပစ်လို့ ထမင်းတောင်မချက်စားရဘူး။ အိမ်အောက်မှာ ဆင်းဝပ်ပြီးနေရတယ်”ဟု ရေဖြူရွာနေ အမျိုးသမီး ကပြောသည်။

 ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ကလည်း တနင်္သာရီထုံခါအကျဥ်းစခန်းကို တောင်ပိုင်းညီနောင်စစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။

ထုံခါအကျဥ်းစခန်းမှာ အကျဥ်းသားများနှင့် ဝန်ထမ်းအားလုံး စခန်းကိုစွန့်ခွါသွားပြီးနောက် ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။

တောင်ပိုင်းညီနောင်စစ်ကြောင်းမှာ KTLA (ကော်သူးလေတပ်မတော်)၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် People liberation Army တပ်ဖွဲ့တို့ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်သည်။