သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ထိုးသင့်သလား

0
2068

စစ်ကောင်စီက ယခုနှစ်တွင်ဖြစ်ပွားနှုန်းနည်းပါးသည်ဟု ကြေညာထားသော သွေးလွန်တုပ်ကွေးမှာ ထားဝယ်ဒေသအတွင်း အဖြစ်များနေသည်။

တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု စာရင်းအချက်အလက်မရနိုင်သည့် အနေအထားတွင် ရပ်ကွက်တိုင်း၊ကျေးရွာတိုင်းရှိ အိမ်များတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသည်။

ထိုအခြေအနေတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း ပျက်ယွင်းနေသည့်အတွက်  အချိန်မီဆေးကုသမှုမရဘဲ အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

ထိုအခင်းအကျင်းတွင် သွေးလွန်တုပ်ကွေးကာကွယ်ဆေးကို ငွေကျပ်သောင်းဂဏန်းဖြင့် ထိုးနှံပေးနေသည်ဆိုသည့် သတင်းကလည်း ဒေသခံများအကြား ပျံ့နှံ့နေသည်။ (WHO အသိအမှတ်ပြု သွေးလွန်တုပ်ကွေး ကာကွယ်ဆေးမှာ ကျပ်သုံးသိန်းခွဲကျော်ရှိသည်)

မိဘများကလည်း မိမိကလေးသွေးလွန်တုပ်ကွေးရန်က ကာကွယ်နိုင်ရေးမျှော်မှန်းပြီး ကာကွယ်ဆေးထိုးရန် တာစူနေကြသည်။

ထားဝယ်ဒေသတွင် အခငွေကြေးဖြင့် ထိုးပေးနေသည့် သွေးလွန်တုပ်ကွေးကာကွယ်ဆေးက မည်သို့သော ဆေးဖြစ်သနည်း၊ အမှန်တကယ်ရော ကာကွယ်နိုင်ရဲ့လား စသည့်အကြောင်းအရာများကို သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးအား မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်ပါသည်။

DW – သွေးလွန်တုပ်ကွေးကာကွယ်ဆေးဆိုပြီး ထိုးနေကြတာ မြေပြင်မှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာပေါ့နော်ဆရာ။ အဲဒီကာကွယ်ဆေးက ဘယ်လိုမျိုးလဲဆိုတာ ရှင်းပြပေးပါဆရာ။

Dr – အဲဒီဆေးကို မြန်မာ FDA(အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)က တရားဝင်မှတ်ပုံတင်ပြီး တင်သွင်းခွင့်ပေးထားလား မပေးထားလာဆိုတာ ကျွန်တော်မသိဘူးပေါ့နော်။ လက်ရှိသွေးလွန်တုပ်ကွေး ကာကွယ်ဆေးက နှစ်မျိုးရှိတယ်။ နှစ်မျိုးမှာမှ WHO(ကမ္ဘာ့ကျန်းမာရေးအဖွဲ့)က အသိအမှတ်ပြုပြီးတော့ သုံးခွင့်ပေးထားတဲ့ဟာက Dengvaxia ဆိုတဲ့ဆေး။ ကိုဗစ်ဆေးထုတ်တဲ့ကုမ္ပဏီက ထုတ်တာ။

သူက ခြောက်လခြားပြီး သုံးကြိမ်ထိုးရမယ်။ ခြောက်နှစ်ခံတယ်။ (အသက်) ၉ နှစ်ကနေ ၁၆ နှစ်ကြား စထိုးလို့ရတယ်။ အဲဒီဆေးတစ်မျိုးပဲ WHOက အသိအမှတ်ပြုတာ။ သူက ၁ Dose ကို ၁၁၄ ဒေါ်လာ  ကျတယ်။ တစ်ခါထိုးရင် ၁၁၄ ဒေါ်လာ(ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၂၀၀ ကျပ် ဖြင့်တွက်ပါက ၃၆၄၈၀၀ကျပ်) ပေးရတယ်။ အဲဒါတောင်မှ ကုမ္ပဏီဈေးပေါ့နော်။ (၂၀၁၅ ခုနှစ်ဝန်းကျင်တွင် မက္ကစီကို၊ဖိလစ်ပိုင်၊ ဘရာဇီး၊ ကွာတီမာလာ၊အင်ဒိုနီးရှားစသည့် နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံ FDA က ခွင့်ပြုပြီး ထိုးခွင့်ပြုထားသည်)

(ကာကွယ်ဆေး) မထိုးခင်မှာဘာပြောတုန်းဆိုတော့ သွေးလွန်တုပ်ကွေး အောက်ဘရိတ် (အစုလိုက်အပြုံလိုက်) ဖြစ်သွားတဲ့နေရာမှာ နေတဲ့ကလေးလားပေါ့နော်။ သို့မဟုတ်ရင် သွေးလွန်တုပ်ကွေးဖြစ်ဖူးလာပေါ့နော်။ သွေးလွန်တုပ်ကွေးဖြစ်ဖူးတယ် ဒါမှမဟုတ်ရင် သွေးလွန်တုပ်ကွေးဖြစ်တဲ့ ဧရိယာမှာနေတဲ့ကလေးတွေဆိုရင် ထိုးခွင့်ပေးတယ်။ ဒါပေမဲ့ အစိုးရပရောဂျက်အနေနဲ့ ထိုးတာမဟုတ်ဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ထိုး အဲလိုမျိုး။

သွေးလွန်တုပ်ကွေးကာကွယ်ဆေး ဘာဖြစ်လို့ အများကြီးမထွက်တာတုန်းဆိုရင် သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်က မျိုးကွဲ ၄ မျိုးရှိတာပေါ့နော်။ အဲဒီမျိုးကွဲ ၄ မျိုးစလုံးကို ကာကွယ်ဖို့အတွက်ကျတော့ နည်းနည်းလုပ်ရတာခက်တာပေါ့လေ။ အဲဒါကြောင့် အခုနောက်ပိုင်းမှ ပေါ်တာလို့ ပြောတယ်။ အဲဒီကျွန်တော်ပြောတဲ့ဆေးကတော့ မျိုးကွဲ ၄ မျိုးစလုံးကို ကာကွယ်နိုင်တယ်လို့ ပြောတယ်။

DW – ဆရာရှင်းပြသွားတဲ့အထဲမှာပါတာပေါ့နော်။ ဆေးထိုးရင် အသက်အရွယ်ကန့်သတ်ချက်တွေရှိတယ်။ နောက်ပြီးတော့ သွေးလွန်တုပ်ကွေးဖြစ်ဖူးတဲ့သူ ဒါမှမဟုတ်ရင် အစုလိုက်အပြုံလိုက်ဖြစ်တဲ့နေရာမှာနေတဲ့သူပြီးတော့လေ။ အဲဒီဆေးရဲ့ သတ်မှတ်ချက်တွေပေါ့လေ။ ဆိုတော့ အခြားအမည်နဲ့ ထွက်လာတဲ့ဆေးတွေကရော ကန့်သတ်ချက်တွေ အပြောင်းအလဲရှိလားခင်ဗျား

Dr –  ရှိတာပေါ့ခင်ဗျား။ ဆေးတစ်မျိုးနဲ့တစ်မျိုး ကန့်သတ်ချက်တွေက အခြေခံတော့ အချို့ဟာတွေတော့ တူကောင်းတူမယ်ခင်ဗျား။ ဒါပေမဲ့ အကုန်လုံးက တစ်မျိုးနဲ့တစ်မျိုးက အလုံးစုံမတူနိုင်ဘူးလေ။ အခုလောလောဆယ်မှာ ထွက်ထားတာက ဆေးတစ်မျိုးပဲရှိတာ။ နောက်ဆေးတစ်မျိုးက သုံးခွင့်မပေးဘူး။ ထိုးပြီးရင် ဘေးထွက်ဆိုးကျိုးရှိ မရှိ စမ်းသပ်စစ်ဆေးတဲ့အဆင့်ပဲရှိသေးတယ်။

DW – WHO က အသိအမှတ်မပြုသေးတဲ့ကာကွယ်ဆေးထိုးတယ်ဆိုရင် ဘာဆက်ဖြစ်နိုင်လဲဆရာ။ ကာကွယ်နိုင်ရဲ့လားခင်ဗျား။

Dr – WHO က အသိအမှတ်မပြုသေးတဲ့ စမ်းသပ်စစ်ဆေးဆဲ ဆေးကိုတော့လေ မြန်မာနိုင်ငံထဲရောက်လာပြီးတော့ လူတွေကိုထိုးမယ်လို့တော့ ကျွန်တော်မထင်ဘူးခင်ဗျား။ နှစ်ခုပဲရှိတယ်။ အခုကျွန်တော်ပြောတဲ့ဆေး(Dengvaxia) ကိုပဲ လာထိုးနေတာလား။ ထိုင်းမှာကလည်း ထိုင်းFDA က အသိအမှတ်ပြုထားပြီးသားဆိုတော့လေ။ နီးနေတော့လေ။ သူကသယ်ရလည်းလွယ်တယ် ပေါင်ဒါလိုအမှုန့်လို့ ပြောတယ်ပေါ့နော်။ အဲဒါပဲ ထိုးနေသလားပေါ့။ အဲလိုမှမဟုတ်ဘဲ တခြားဆေးထိုးတယ်ဆိုရင်တော့ “ငါသွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးပြီးပြီ။ ငါသွေးလွန်တုပ်ကွေး မဖြစ်တော့ဘူး”ဆိုရင်တော့ တစ်ကယ်တမ်းကြတော့ အဲဒီဆေးက သွေးလွန်တုပ်ကွေးကို မကာကွယ်နိုင်တော့ လွတ်သွားတာပေါ့နော်။ အဲလိုမျိုးလည်း ဖြစ်နိုင်တယ်။ အဲဒါက ကြောက်ဖို့ကောင်းတာ။

DW – အခုဆိုရင် သွေးလွန်တုပ်ကွေးကာကွယ်ဆေးဆိုပြီး ကိုယ့်အစီအစဉ်နဲ့ထိုးကြတာပေါ့နော်ခင်ဗျား။ ဆိုတော့ ဈေးလည်းပေါတယ်ပေါ့။ အဲလိုမျိုးအခြေအနေမှာ ကာကွယ်ဆေးထိုးနေတဲ့ ဒေသခံတွေကို ဘာပြောချင်လဲခင်ဗျား။

Dr – တရားဝင်မဟုတ်ဘဲနဲ့တော့ ဘာဆေးမှန်းလည်းမသိ။ ဒါပေမဲ့ သူတို့ကလည်း အဲဒီဆရာတွေကို ယုံလို့ထိုးကြတာနော်။ ကျွန်တော့်အနေနဲ့ကတော့ ပြောဖို့တော့ ခက်တာပေါ့နော်။ (ကာကွယ်ဆေး) ထိုးပြီးပြီဆိုပြီးတော့လည်း မပေါ့နဲ့ပေါ့နော်။ ဒီလိုပဲ သတိပေးရတော့မယ်။ 

ငါသွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးထားတယ်။ ငါသွေးလွန်တုပ်ကွေးမဖြစ်တော့ဘူး။ ငါ့ကလေးတွေလည်း မဖြစ်တော့ဘူးဆိုပြီး သွေးလွန်တုပ်ကွေး(ကာကွယ်ရေး)အခြေခံတွေဖြစ်တဲ့ ခြင်အကိုက်မခံနဲ့တို့ဘာတို့ ရှိတယ်လေ။ အဲဒါတွေကိုတော့ လွတ်မသွားစေချင်ဘူးပေါ့နော်။

အခုက ကျွန်တော်တို့ကြောက်တာက သွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးထားပြီးပြီ။ အဲကြောင့်မို့ အဲဒီခြင်တွေကို (ခြင်အကိုက်မခံရဆိုသည့်အသိ) လွတ်သွားတယ်။လွတ်သွားရင် အချိန်နှောင်းတဲ့အချိန်မှ ဆေးရုံရောက်သွားရင် ဒုက္ခရောက်မယ်။ အဲဒီတော့ ပြောချင်တာက ကာကွယ်ဆေးထိုးထားပြီးပြီဆိုရင်လည်း မပေါ့နဲ့။ တစ်ကယ်ဆေး အစစ်အမှန်ကိုထိုးဦးတော့။ ကာကွယ်နိုင်တာသည် ၈၀ ရာခိုင်နှုန်း ၈၂ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်တယ်။ ကာကွယ်နိုင်တဲ့အစွမ်းက ၉၀ ရာခိုင်နှုန်းကျော်ကို မပေးဘူး။ ၇၉ ရာခိုင်နှုန်းကနေ ၈၂ ရာခိုင်နှုန်းလောက်အထိပဲပေးတာခင်ဗျား။

ကာကွယ်ဆေးတစ်ခုအနေနဲ့ သီအိုရီကောင်းပေမယ့် မပေါ့သွားစေချင်ဘူး။နောက်ပြီးတော့ သွေးလွန်တုပ်ကွေးကာကွယ်တဲ့ အခြေခံအချက်တွေကိုတော့ လွတ်မသွားစေချင်ဘူး။ (သွေးလွန်တုပ်ကွေး ရောဂါပိုးသယ်ဆောင်သည့် ခြင်ပေါက်ဖွားမှုမရှိစေရန် ဖုံးသွန်လဲစစ်လုပ်ရန်နှင့် နေ့ဘက်ခြင်ကိုက်မခံရစေရန် သတိထားရမည့်အချက်များ)

DW – သွေးလွန်တုပ်ကွေးကာကွယ်ဆေးက ရာသီတုပ်ကွေးကိုရော ကာကွယ်နိုင်လားဆရာခင်ဗျား။

Dr – မကာကွယ်နိုင်ဘူးခင်ဗျား။ ရာသီတုပ်ကွေးကာကွယ်ဆေးနဲ့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးနဲ့ ဘာမှမဆိုင်ဘူးခင်ဗျား။ ရာသီတုပ်ကွေးဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ဗိုင်းရပ်စ်မတူဘူး။ ကာကွယ်ဆေးတွေသည် သူကာကွယ်ဖို့ထုတ်ထားတဲ့ သတ်သတ်မှတ်မှတ်ဗိုင်းရပ်စ်ကိုပဲ ကာကွယ်တယ်။ အဲတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးသည် ရာသီတုပ်ကွေးကို မကာကွယ်ဘူး။ ရာသီတုပ်ကွေးကာကွယ်ဆေးသည် သွေးလွန်တုပ်ကွေးကို လုံးဝမကာကွယ်ဘူး။ အဲတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးလည်းထိုးမယ်။ ရာသီတုပ်ကွေးကာကွယ်ဆေးလည်းထိုးမယ်ဆို ထိုးရမယ်။

နောက်တစ်ခုက ရာသီတုပ်ကွေးကာကွယ်ဆေးလို့ ပြောပြီးထိုးတာကို သွေးလွန်တုပ်ကွေးကာကွယ်ဆေးဆိုပြီး အမှတ်မှားကြတာ။ ရာသီတုပ်ကွေးကာကွယ်ဆေးက (ဈေးနှုန်း)အဲလောက်ပဲရှိတယ်။ သွေးလွန်တုပ်ကွေးကာကွယ်ဆေးလား ရာသီတုပ်ကွေးကာကွယ်ဆေးလား သေချာမေးပြီးမှ ထိုးဖို့လိုမယ်ခင်ဗျား။