တိုင်းအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးပြတ်လပ်နေ

0
1712

တနင်္သာရီတိုင်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးပြတ်လပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ အသက် ၉ လမှ ၁၅နှစ်အတွင်း အရွယ်ကလေးငယ်များကို ထိုးနှံပေးသည့် ပုံမှန်ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။

လောင်းလုံးမြို့နယ်တွင်မူ အဆိုပါကာကွယ်ဆေး မထိုးရသည်မှာ သုံးလဆက်တိုက်ရှိနေပြီဖြစ်ကြောင်း ကလေးမိခင်တစ်ဦးက ပြောသည်။

“အခြားကာကွယ်ဆေးတွေအပြည့်ထိုးရတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါတစ်ခုပဲ မထိုးရတာ။ တစ်ခါသွားရင် တစ်ခါ မရှိဘူးပြောပြောလိုက်တာ။ အခုဆို သုံးလရှိပြီ” ဟု ဇူလိုင်လ ၃၁ ရက်က လောင်းလုံးဆေးရုံတွင် ကာကွယ်ဆေးသွား ထိုးပေးသည့် မိခင်တစ်ဦးက ဆိုသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြတ်လပ်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမည်မဖော်လိုသည့် သတင်းရင်းတစ်ဦးက ပြောဆိုသည်။

“ဗဟိုမှာတောင်မှ ပြတ်လပ်နေတာပါ” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံ မေးမြန်းရာတွင်မူ ဂျပန်ဦးနှောက်ရောင်ရောင်ရောဂါကာကွယ်ဆေး မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းတွင် ‌လသားအရွယ်ကလေးများကို ထိုးနှံပေးသည့်ကာကွယ်ဆေး လအတန်ကြာပြတ်လပ်သည်ဟူ၍ မရှိဖူးဘဲ ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်တွင်မူ လူစုလူဝေးပြဿနာကြောင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကာလတစ်ခုအကြာ ရပ်နားခဲ့ဖူးသည်။

ယခုဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးပြတ်လပ်ရသည့်အကြောင်းအရင်ကိုမူ သေသေချာချာမသိရသေးပေ။

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းအတွင်း ကျေးလက်ကျန်းမာရေးကွန်ရက် တစ်နည်းအားဖြင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ်များ ရပ်တန့်သွားခဲ့သည်။

ကလေးများကာကွယ်ဆေးထိုးလုပ်ငန်းများမှာ ကျေးရွာတိုင်းတွင် ထိုးနှံပေးနေရာမှ အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ်ရပ်ကွက် စုရပ်တို့တွင်သာ ထိုးနှံပေးတော့သည်။

ထိုသို့ ထိုးနှံပေးရာတွင်လည်း နေ့တိုင်းထိုးနှံပေးခြင်းမဟုတ်ဘဲ တစ်လတစ်ကြိမ်သာ ထိုးနှံပေးကြတော့သည်။

ယင်းအတွက်ကြောင့် တိုက်ပွဲများ၊ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသက ကလေးများ၊ မြို့နှင့် ဝေးကွာသည့် ဒေသက ကလေးများမှာ ပုံမှန်ကာကွယ်ဆေးထိုးနှံခွင့်မရဘဲ ဖြစ်လာသည်။

ကလေးများကို ထိုးနှံပေးနေသည့် ပုံမှန်ကာကွယ်ဆေးများအနက် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ ဦးနှောက်ရောင်ရမ်းမှုရောဂါကိုကာကွယ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ ခြင်မှတစ်ဆင့်ကူးစက်သည့် ဗိုင်းရပ်စ် တစ်မျိုးဖြစ်ကြောင်း ဆေးပညာဆိုင်ရာ စာအုပ်များတွင်ရေးသားထားသည်။

ယင်းရောဂါကြောင့် ဦးနှောက်နှင့် ဗဟိုအာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေပြီး အသိဥာဏ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမှုပိုင်းဆိုင်ရာ ချို့ယွင်းခြင်းများ ဖြစ်နိုင်သလို အသက်လည်း သေဆုံးနိုင်သည်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စတင်ထိုးနှံပေးခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ၏ ၂၀၂၂ ခုနှစ်ထုတ်ပြန်ချက်အရ ဂျပန်ဦးနှောင်ရောင်ရောဂါ ကူးစက်ပြန့်ပွား နေသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံအနက် မြန်မာနိုင်ငံလည်းပါဝင်နေသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် တစ်နှစ်လျှင် ၂၃၆၀၀ ကျော်မှ ၂၀၄၀၀ အထိရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။