စပ်ဆေး သောက်သင့်လား

0
2414

အများစုက နေထိုင်မကောင်းဖြစ်လာရင် ဆေးရုံဆေးခန်းတွေထက် အရင်ဦးအောင်သွားကြတာက ဆေးဆိုင်တွေကိုပဲဖြစ်ပါတယ်။

ဆေးဆိုင်ဆိုတာကလည်း အမျိုးမျိုးရှိပါတယ်။ ဆေးဝါးကျွမ်းကျင်သူတွေ ထိုင်ကြတဲ့ဆေးဆိုင်တွေကို မြို့ပြမှာ အနည်းငယ်လောက် တွေ့နိုင်ပေမယ့် ကျေးလက်ဒေသတွေမှာတော့ ဆေးအကြောင်း တီးမိခေါက်မိရှိတယ်ဆိုရင်ပဲ ဆေးရောင်းနေကြပါပြီ။

ကျန်းမာရေး တစ်ခုခုဖြစ်ပြီဆိုရင်တော့ အများစုက ဆေးဆိုင်တွေမှာ စပ်ဆေးလို့ခေါ်တဲ့ ဆေးတွဲတွေကို ဝယ်သောက်ကြပြီး မသက်သာတဲ့အချိန်ကျမှသာ ဆေးခန်းကို သွားလေ့ရှိတာပါ။

ဆေးဆိုင်တွေကရောင်းတဲ့ စပ်ဆေးတွေက ရောဂါသက်သာတာမြန်သလို ငွေကြေးကုန်ကျမှုနည်းတယ်ဆိုတဲ့အချက်တွေကြောင့် ဒေသခံတွေအကြား တွင်ကျယ်နေတဲ့ အနေအထားဖြစ်ပါတယ်။

စပ်ဆေးသောက်တာကြောင့် ကောင်းကျိုးဆိုးပြစ် ခံစားရသူတွေကလည်း ဒုနဲ့ဒေးပါ။

ဒါကြောင့်မို့ ဒေသတွင် အသုံးများပြီးတွင်ကျယ်နေတဲ့ စပ်ဆေးက ဘေးကင်းရဲ့လား၊ ဘယ်လိုသောက်သုံးသင့်လဲ၊ ဘာတွေ ထိခိုက်ခံစားရနိုင်လဲဆိုတာကို ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်ပါတယ်။

DW – လူတွေကြားမှာ တွင်တွင်ကျယ်ကျယ်သုံးနေကြတဲ့ စပ်ဆေးက ဈေးလည်းသက်သာတယ်။ ရောဂါသက်သာတာလည်း မြန်တယ်ဆိုပြီး ဝယ်ယူသောက်သုံးနေကြတာပေါ့ခင်ဗျား။ဆိုတော့လေ စပ်ဆေးက ဘယ်လောက်အထိ အန္တရာယ်ရှိလဲပေါ့ခင်ဗျား။

Dr – စပ်ဆေးဆိုတဲ့နေရာမှာ ကျွန်တော်တို့က နှစ်ပိုင်းခွဲပြောရမှာနဲ့တူတယ်။ ဆေးဆိုင်တွေ ဒါမှမဟုတ်ရင် ကျွမ်းကျင်မှုမရှိတဲ့သူတွေ ဆီကနေပြီးတော့လေ။  အဓိကကတော့ ဆေးဆိုင်တွေပေါ့ခင်ဗျား။ လူနာကလည်း မပါလာဘူး။ ဥပမာ ဗိုက်အောင့်လို့ ဆေးစပ်ပေးလိုက်ပါဦးဆိုတာ တစ်မျိုးပေါ့နော်။ အဲလိုမဟုတ်ဘဲနဲ့ (အသိမိတ်ဆွေ)အချင်းချင်းပေါ့။ အိမ်နီးနားချင်ပေါ့လေ။ “ငါ့တုန်းကဗိုက်အောင့်တာ ဒီဆေးသောက်လို့ သက်သာတယ်၊သောက်ကြည့်ပါလား သုံးခွက်ဝယ်ထားတာ ပိုနေတယ်။ ဒါမှမဟုတ်ရင်လည်း ငါဗိုက်အောင့်တုန်းက ဆရာဝန်ကပေးလိုက်တဲ့ဆေး။ဆေးညွှန်းရှိသေးတယ် သွားဝယ်ပါလား”ဆိုတာက တစ်ခုရှိတယ်ခင်ဗျား။

အဲဒီနှစ်ခုက နှစ်ခုစလုံးမှာ ပြဿနာရှိတယ်ခင်ဗျား။ ပထမတစ်ချက်ကို ပြန်ပြောရမယ်ဆိုရင် နေမကောင်းဖြစ်ပြီဆိုရင် စပ်ဆေးသွားဝယ်သောက်ကြတယ်ပေါ့နော်။ စပ်ဆေးသွားဝယ်သောက်တယ်ဆိုတဲ့နေရာမှာ လူနာပါချင်လည်းပါမယ် ပါချင်မှလည်းပါမယ်ပေါ့နော်။ ထင်ရှားတဲ့ရောဂါလက္ခာတစ်ခုကို ပြပြီးတော့ ပြောပြီးတော့ ဒီဟာကိုပျောက်အောင်ဆေးစပ် ပေးပါဆိုတဲ့သဘောပေါ့လေ။ အဲဒီမှာ ဘာပြဿနာဖြစ်တုန်းဆိုရင် ကျွန်တော်တို့က ထင်ရှားတဲ့လက္ခဏာကတော့ရှိပေမယ့် အချို့လက္ခဏာတွေကျတော့ တူနေတာရှိနိုင်တယ်။ ဥပမာ ဖြစ်ဖူးတဲ့သာဓက က ကိုယ်ခန္ဓာကယားလို့ဆိုပြီးတော့ ဆေးဆိုင်မှာ ဆေးသွားစပ်ခိုင်းတယ်ပေါ့နော်။ ဆေးဆိုင်ကလည်း ယားတယ်ဆိုတော့ မှိုသတ်ဆေးတွေ ပေးလိုက်တာပေါ့နော်။ တစ်ကယ်တမ်းဖြစ်နေတာကျတော့ အဲဒီလူက ကျောက်ကပ်ပျက်လို့ ကျောက်ကပ်ကနေ စစ်ထုတ်ရမယ့်ဟာတွေ မစစ်ထုတ်နိုင်လို့ပေါ့နော်။ အဆိပ်လယ်ဗယ်တက်လာပြီးတော့ ကိုယ်ခန္ဓာအရေးပြားအောက်က ယားတာခင်ဗျား။ အဲဒီအချိန်မှာ ကျောက်ကပ်က ပျက်နေလို့မစစ်ထုတ်နိုင်လို့ဆိုကာမှ မှိုသတ်ဆေးတွေလည်းသောက်ရော မှိုသတ်ဆေးတွေက သောက်ဖန်များရင် ကျောက်ကပ်ကို ထိခိုက်တာပေါ့လေ။ အဲဒါဆို ပိုဆိုးတာပေါ့။

နောက်တစ်ချက်က ဘာဖြစ်လာနိုင်လဲဆိုတော့ ဆေးလိပ်ပတ်မလည်တာပေါ့ခင်ဗျား။ ဒီမှိုသတ်ဆေးက တစ်နေ့ကို တစ်ကြိမ်နဲ့ ၇ ရက်သောက်ရမယ်။ ၇ ရက်စလုံးကို သူတို့မရောင်းလိုက်ဘူးလေ။ တစ်ခွက်နှစ်ခွက်စာပဲ ယူသွားဆိုတာမျိုးပေါ့။ ဆေးကလည်း လိပ်ပတ်မလည်ဘူး။ ပိုးသတ်ဆေးတွေကိုလည်း နှစ်ခွက်နဲ့သောက်မယ် ။ သုံးခွက်နဲ့သောက်မယ်ဆိုတော့ နောက်ပိုင်းဆိုရင် ဆေးယဉ်ပါးတာတွေဖြစ်တာပေါ့။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း သေချာစစ်ပြီးမပေးတာဖြစ်တဲ့အတွက် အနာတစ်ခြား ဆေးတစ်ခြားလည်းဖြစ်နိုင်တယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိူးတွေကို သေချာမစစ်ပေးတာဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေကို ပိုပြီးခံစားရနိုင်တယ်။ ဆေးမတိုးတာတွေ ဖြစ်နိုင်တယ်။

နောက်တစ်ချက်က ထည့်သုံးတဲ့ဆေးတွေက နှစ်မျိုးရှိတယ်။ ပထမတစ်ချက်ကတော့ ဈေးပေါပေါ သက်သက်သာသာနဲ့ ရောင်းလို့ ရအောင်လို့ပေါ့နော်။ ဘယ်ကမှန်းမသိတဲ့ တရားမဝင်သွင်းထားတဲ့ဆေးတွေရှိတယ်။ ဆေးညွှန်းတွေကလည်း ကျွန်တော်တို့ မဖတ်တတ်တဲ့ဟာတွေနဲ့ ရေးထားတယ်ပေါ့။ ဒါကိုပဲ အရင်တုန်းက ဘယ်လိုသုံးတယ်ဆိုတဲ့ဟာတွေနဲ့ ထည့်ပြီးတော့ ပေးလိုက်တဲ့ဟာတွေရှိတာပေါ့။ အဲဒီတော့ ဆေးတွေရဲ့အရည်အသွေး အရည်အချင်း စိတ်ချရမှုမှာ ပြဿနာရှိတာပေါ့နော်။

ဒုတိယတစ်ချက်က မြန်မြန်သက်သာတယ်။ တစ်ချို့ဟာတွေကျတော့ ကျွန်တော်တို့က တစ်ခါတစ်လေမှာ (ဆေး)တွဲပေးတယ်။ ဒါပေမဲ့ အမြဲတမ်းတွဲမပေးရတဲ့ဆေးတွေရှိတယ်။ ဒါပေမဲ့ဆေးဆိုင်(စပ်ဆေးရောင်းသည့်ဆိုင်)တွေမှာကျတော့ မြန်မြန်ပျောက်ဖို့လိုတာကိုး။ ဆေးဆိုင်တွေက မြန်မြန်နဲ့ သက်သာဖို့လိုတာဖြစ်တဲ့အတွက် Hight Does တွေပေးတာပေါ့။ ဥပမာ ပါရာစီတမောရယ် ၊ အကိုက်အခဲပျောက်ဆေးနောက်တစ်မျိုးရယ်၊ ပြီးရင် စတီးရှိုက်လိုမျိုးရယ် သုံးမျိုးလေးမျိုးလောက် ပေါင်းလိုက်ရင် ချက်ချင်းသက်သာတာတယ်ခင်ဗျား။ ဒါပေမဲ့ဘေးထွက်ဆိုးကျိုးတွေက များတာပေါ့။ မြန်မြန်ပျောက်ဖို့လိုတာ ဖြစ်တဲ့အတွက် ဒီလိုမျိုးဘေးထွက်ဆိုးကျိုးတွေကို မစဉ်းစားဘဲနဲ့ လုပ်တယ်ပေါ့။ ဆေးDoesအမြင့်ဆုံးနဲ့ သောက်ရမယ့် အကြိမ်ရေအများဆုံးပေါင်းချလိုက်တဲ့အချိန်မှာ ချက်ချင်းတော့သက်သာပေမယ့် အဲဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေက ကျောက်ကပ်တွေ အသည်းတွေထိစေတာပေါ့နော်။

နောက်တစ်ချက်က လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံနဲ့ခံနိုင်စွမ်းတွေ မတူတာဖြစ်တဲ့အတွက် ဒီလူလာလည်း ဒီလက္ခဏာပြောရင် ဒီဆေးပဲစပ်ပေးလိုက်တာလေ။ ဘော်ဒီဝိတ်တွေ နောက်ကြောင်းရောဂါရာဇဝင်တွေ အခြေခံဘာရောဂါတွေရှိ လည်း မမေးမစမ်းဘဲနဲ့ လက်ရှိကိုယ်ခန္ဓာမှာစမ်းလို့ရတဲ့လက္ခဏာတွေကို ဘာမှမစမ်းရဘဲနဲ့ အပြောလေးတစ်ခုနဲ့ပဲ ဆေးပေးတာဖြစ်တဲ့အတွက် အနာနဲ့ဆေးနဲ့ ထိချင်မှလည်း ထိမယ် ။ ထိချင်လည်းထိမယ်။ ထိခဲ့ရင်တောင်မှ ဘေးထွက်ဆိုးကျိုးတွေ များတာပေါ့။

DW – ဆိုတော့လေ စပ်ဆေးဆိုတာက ဥပဒေစိုးမိုးမှုရှိတယ်ဆိုတဲ့ခေတ်ကတည်းက ခေါင်းထောင်နေတယ်ပေါ့နော်။ အခုလို ကျန်းမာရေးစနစ်မကောင်းတဲ့အခြေအနေမျိုးမှာ ဆေးရုံဆေးခန်းတွေသွားဖို့ လက်လှမ်းမမီတဲ့ အခင်းအကျင်းမှာ စပ်ဆေးကလည်း အန္တရာယ်များတယ်ဆိုတော့ ရောဂါအခြေအနေအလိုက် ဘယ်လိုဆေးမျိုးတွေ သောက်လို့ရလဲခင်ဗျား။

Dr – အဲဒါကတော့ ရောဂါ ဘယ်လိုအခြေအနေအပေါ်မှာမူတည်ပြီးတော့မှ ကျွန်တော်တို့က ပြောလို့ရမယ်။ အချို့ရောဂါတွေကျတော့ ဖျားတယ် ပါရာစီတမောလောက်သည် သောက်လို့ရတယ်ခင်ဗျား။ ဆရာဝန်ဆေးညွှန်းစာမပါဘဲနဲ့ သောက်လို့ရတဲ့ဆေးဝါးများ (အဖျားကျဆေး၊ ဝမ်းတိတ်ဆေး၊ လေဆေး စတဲ့ အိမ်သုံးဆေးဝါး) စာရင်းဆိုပြီး ရှိတယ်။ အဲလိုဆေးမျိုးတွေကတော့ (ရောဂါအလိုက်) တစ်မျိုးချင်းစီကို သောက်လို့ရတယ်။ ကိုယ့်ဟာကိုသာ စပ်မသောက်နဲ့။

နောက်တစ်ခုရှိတာက တယ်လီကျန်းမာဆိုပြီး လုပ်ကြတာရှိတယ်။ အဲလိုဟာတွေနဲ့ဆိုရင် နည်းနည်းသက်သာမယ်ခင်ဗျား။ (အွန်လိုင်းကနေ ရောဂါအခြေအနေကို ကျန်းမာရေးကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးနိုင်တဲ့နေရာ)။အဲဒါထိုင်တဲ့သူက တစ်လွဲမလုပ်ဘူးလေ။