တိုက်စစ်အစွမ်းပြပြီး ဘာစီလိုနာကို အာဆင်နယ်က ငါးဂိုး သုံးဂိုးဖြင့် အနိုင်ယူ

0
1822

အာဆင်နယ်အသင်းသည် အမေရိကန်ပြည်ထောင်စုတွင် ယှဉ်ပြိုင်ကစားခဲ့သော ရာသီကြိုခြေစမ်းပွဲစဉ်၌ ဘာစီလိုနာကို ငါးဂိုး သုံးဂိုးဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း သိရှိရသည်။

အာဆင်နယ်နှင့် ဘာစီလိုနာတို့၏ပွဲစဉ်သည် တိုက်စစ်အပြန်အလှန်ဖွင့်ကစားသောပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်အတွင်း၌ပင် တစ်ဖက်နှင့်တစ်ဖက် ဂိုးများ အပြန်အလှန်သွင်းကာ နှစ်ဂိုးစီ သရေရလဒ်ဖြစ်နေခဲ့သည်။

အာဆင်နယ်သည် ပွဲကစားချိန် ၂၂ မိနစ်တွင် ပင်နယ်တီအခွင့်အရေး ရရှိခဲ့သေးသော်လည်း ယင်းပင်နယ်တီကို ဆာကာ ကန်သွင်းရာတွင် လွဲချော်သွားခြင်းကြောင့် ဘာစီလိုနာ ဂိုးပေးရ သက်သာသွားခဲ့သည်။

ဘာစီလိုနာသည် ကစားသမား ၁၁ ယောက်လုံးကို လူစားလဲလှယ်ကာ ကစားကွက်နှင့် နည်းဗျူဟာပိုင်းဆိုင်ရာ စမ်းသပ်သွားခဲ့ပြီး အာဆင်နယ်ကမူ ကစားသမား ၉ ဦးအထိ လူစားလဲလှယ်ကာ ကစားကွက် အခင်းအကျင်းကို အပြောင်းအလဲလုပ်သွားခဲ့သည်။

အာဆင်နယ်သည် ဒုတိယပိုင်း ပွဲကစားချိန် ၄၅ မိနစ်တွင် ဘာစီလိုနာဘက်သို့ သွင်းဂိုး သုံးဂိုး ထပ်သွင်းကာ ပွဲပြီးဆုံးချိန်တွင် ငါးဂိုး သုံးဂိုး ရလဒ်ဖြင့် နိုင်ပွဲရယူသွားနိုင်ခဲ့သည်။

အာဆင်နယ်အတွက် ဂိုး ၅ ဂိုးကို ဆာကာ(၁၃ မိနစ်)၊ ကိုင်ဟားဗက်ဇ်(၄၃ မိနစ်)၊ ထရော့စ်ဆတ်ဒ်(၅၅ မိနစ်နှင့် ၇၈ မိနစ်)နှင့် ဖေဘီယို ဗီအဲရာ(၈၉ မိနစ်)တို့က သွင်းယူပေးခဲ့ကြပြီး ဘာစီလိုနာအသင်း ရရှိသွားခဲ့သော ဂိုး ၃ ဂိုးကိုမူ လီဝန်ဒေါစကီး(၇ မိနစ်)၊ ရာဖင်ညာ(၃၄ မိနစ်)နှင့် ဖာရန်တောရက်စ်(၈၈ မိနစ်)တို့က သွင်းယူပေးခဲ့ကြသည်။