ဒဏ်ရာကြောင့် ဟော့ဂျ်လန်း သုံးပတ်ခန့် နားရနိုင်၊ ယနေ့ညပွဲမှစပြီး မန်ချက်စတာဒါဘီပွဲအထိ လွဲနိုင်ဟုဆို

0
641

မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းသည် ကြွက်သားဒဏ်ရာရရှိထားသည့်အတွက် ယနေ့ညယှဉ်ပြိုင်ရမည့် ဖူလ်ဟမ်နှင့်ပွဲစဉ်မှစတင်ကာ မတ်လ ၃ ရက်နေ့တွင် မန်ချက်စတာဒါဘီပြိုင်ဘက် မန်စီးတီးနှင့်ကစားရမည့် မန်ချက်စတာဒါဘီပွဲစဉ်အထိ လွဲရတော့မည်ဖြစ်ကြောင်း သိရှိရသည်။

မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းသည် ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံးအဖြစ် သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အထိ နားရနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

ဟော့ဂျ်လန်းသည် မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ဂိုးသွင်းပေးထားနိုင်သည့် ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတလျှောက် ပွဲစဉ် ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း စံချိန်ရရှိထားပြီဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဟော့ဂျ်လန်းသည် လေ့ကျင့်ရေးအစီအစဉ်တွင် အသေးစားကြွက်သားဒဏ်ရာကို ရရှိသွားခြင်းဖြစ်သည်ဟု နည်းပြ အီရစ်ခ်တန်းဟတ်ဂ်က အတည်ပြုချက်ပေးအပ်လိုက်ပြီး အနည်းဆုံးအဖြစ် မန်ယူ၏ရှေ့လာမည့်ပွဲစဉ် ၃ ပွဲခန့်ကို ဟော့ဂျ်လန်း လွဲချော်နိုင်သည်ဟု နည်းပြ အီရစ်ခ်တန်းဟတ်ဂ်က ပြောကြားထားသည်။

ဟော့ဂျ်လန်းသည် ယနေ့ညယှဉ်ပြိုင်ရမည့် ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်၊ လာမည့်ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ရမည့် နော်တင်ဟမ်နှင့် အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်နှင့် မတ်လ ၃ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မန်စီးတီးနှင့်ပရီးမီးယားလိဂ်ပွဲတို့ကို လွဲချော်ရရန် ရှိနေပြီး ‌ဟော့ဂျ်လန်း မကစားနိုင်ချိန်တွင် မန်ယူအသင်း၏တိုက်စစ်အတွက် နည်းပြ အီရစ်ခ်တန်းဟတ်ဂ်မှာ ခေါင်းခဲဖွယ်ရာရှိလာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

News Source – BBCSports