တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ များလာတော့

0
5090

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ တော်လှန်ရေးအရှိန် မြင့်တက်လာမှုနှင့်အတူ စစ်ကောင်စီကလည်း ခပ်ကြမ်းကြမ်းကိုင်တွယ် ထိန်းချုပ်ရန်ကြိုးစားလာနေသည်။

ယင်းအပြင် စစ်ကောင်စီစစ်ကြောင်းနှင့် တပ်စခန်းများ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရမှု များကြောင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများလည်း ပိုမိုပြုလုပ်လာနေသည်။

လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာမှုကြောင့် ဒေသခံများစိုးရိမ်နေကြပြီး လေကြောင်းရန် ကာကွယ်နိုင်ရေး နည်းလမ်းရှာလာကြရသည်။

ဒေသခံအချို့က ဗုံးခိုကျင်းများတူးကြသော်လည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပါက ဖမ်းဆီးနှိပ်စက်ခံရမည်စိုးသဖြင့် အများစုက မတူးရဲကြပေ။

ယင်းအခြေအနေများကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“စစ်ပွဲလည်းမလိုချင်ဘူး။ ဘာမှမလိုချင်ဘူး။ အရင်ကလို ငြိမ်းချမ်းချင်တယ်”

ဒေသခံအမျိုးသမီးတစ်ဦး တနင်္သာရီမြို့နယ်

DW ။ ရှေ့မှာလည်း မြို့နယ်ထဲက ရွာအချို့မှာလေကြောင်း တိုက်ခိုက်ခံထားရဖူးတယ်ဆိုတော့ နောက်ထပ် တိုက်ခိုက်ခံရနိုင်မယ်လို့ထင်လား။

ဖြေ ။ ရှိ(ထင်)တယ်။ ဘာကြောင့်လဲဆိုရင် PDF တွေက ၅၆၁ (စစ်ကောင်စီတပ်ရင်း) ထဲကို လာပစ်မယ်ဆိုရင် လေကြောင်းက လာမယ်လို့ပြောထားတယ်။ အဲဒါကြောင့် လေကြောင်းလာမယ့် အခြေအနေတွေက အများကြီးရှိတယ်။

DW ။ လေကြောင်းတိုက်ခိုက်ခံရနိုင်တဲ့အပေါ် ဘယ်လိုစိုးရိမ်နေတာရှိလဲ။

ဖြေ ။ သူတို့လာရင် တော့ပြေးရတာပေါ့ ဒီလောက်ပဲရှိတာပေါ့။ အိမ်မှာနေရင်လည်း မလုံခြုံဘူးလေ။ ပြေးရတာပေါ့။

DW ။ တကယ်ဖြစ်လာခဲ့ရင် ဘယ်လိုကာကွယ်မယ်လို့စိတ်ကူးထားလဲ။

ဖြေ ။ ခြံထဲမှသွားတိမ်းရှောင်မယ်။ ပစ်တဲ့နေရာကနေ အဝေးကိုသွားမှပဲရမယ်လေ။ ပြီးမှာပဲပြန်လာချင်ပြန်လာရမှာပေါ့။ တစ်ခြားနေရာသွားဖို့မှမရှိဘဲ။

DW ။ ကြိုတင်ပြင်ဆင်တဲ့အပိုင်းနေနဲ့ရော ဘာတွေ လုပ်ထားပြီးပြီလဲ။

ဖြေ ။ ရိက္ခာတွေပြင်ထားတယ်။ စုထားတာပေါ့လေ။ အခုတော့အိမ်မှာနေနေသေးတယ်ပေါ့။ တကယ်ဖြစ်လာခဲ့ရင်သွားရမှာပေါ့။ ရိက္ခာတော့ကြိုစုထားတယ်။ တကယ်ဖြစ်လာခဲ့ရင် အစာရေစာပြတ်မှာကြောက်လို့လေ။

DW ။ လေယာဉ်အသုံးပြုပြီး တိုက်ခိုက်နေတဲ့အပေါ်မှာ ဘာပြောချင်တာရှိလဲ။

ဖြေ ။ မလိုချင်ဘူး ဒီလေကြောင်းနဲ့တိုက်လိုက်လာမယ့်အရာမျိုး။ သေနတ်ငယ်တွေ၊ လက်နက်ကြီးတွေ၊ လက်နက်နက်ငယ်တွေ ပစ်ရင်တော်သေး လေကြောင်းဆိုတော့ ပြေးဖိုနေရာမရှိဘူးလေ။ မလိုချင်ဘူး။ စစ်ပွဲလည်းမလိုချင်ဘူး။ ဘာမှမလိုချင်ဘူး။ အရင်ကလို ငြိမ်းချမ်းချင်တယ်။ လူငယ်တစ်ယောက်အနေနဲ့တော့ လွတ်လပ်မှုလိုချင်တယ်လေ။

DW ။ တစ်ခြားဘာတွေ ဖြည်စွက်ပြောချင်တာရှိလဲ။

ဖြေ ။ စစ်ပွဲကိုမလိုချင်တော့ဘူး။ နိုင်ငံရေးအေးချမ်းချင်တယ်။

DW ။ ကျေးဇူးတင်ပါသည်။

“ဗုံးခိုကျင်းထဲခိုနေလို့ တွေ့သွားရင်လဲမလွတ်ဘူး။ တွေ့ရင်ဖမ်းရိုက်ခံရမယ်”

ဒေသခံအမျိုးသားတစ်ဦး တနင်္သာရီမြို့နယ်

DW ။ တနင်္သာရီမှာ နောက်ထပ်လေကြောင်း တိုက်ခိုက်ခံရနိုင်လား။

ဖြေ ။ အခုအခြေနေနဲ့ဆိုတော့ မရှိနိုင်သေးဘူး။ တိုက်ပွဲဖြစ်ပြီဆိုလည်း အချီကြီးဖြစ်တာဆိုတော့။ တစ်ခြားဒေသတွေမှာလို တစ်ရက်နှစ်ရက်ဖြစ်ပြီး ပြီးသွားတာမဟုတ်တော့။ ခုက သူတို့ ရိက္ခာစုရမှာနဲ့ဘာနဲ့ အချိန်ယူရဦးမှာလေ။ ပြီးတော့ ဒဏ်ရာရထားတဲ့သူတွေလည်း ဆေးကုရဦးမယ်ဆိုတော့ကာ ခုတော့ငြိမ်နေတဲ့ကာလဆိုတော့ လေကြောင်းနဲ့ လာတိုက်မယ့် အခြေနေတော့မရှိသေးဘူးလို့ မြင်တယ်။ PDF တွေ အလုံးအရင်းနဲ့တိုက်လို့ သူတို့လေကြောင်းစစ်ကူခေါ်မှပဲ မြိတ်ကနေလာတယ်လေ။ လောလောဆယ်တိုက်ပွဲက ငြိမ်နေသေးတော့ လေယာဉ်နဲ့လာပစ်မယ် အခြေနေမျိုးတော့ မရှိသေးဘူးလို့မြင်တယ်။

DW ။ တိုက်ပွဲဖြစ်လို့ လေကြောင်းစစ်ကူနဲ့လာပစ်ခဲ့ရင် ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ ။ အဖေ၊ အမေ ညီမတွေကို ခြံထဲပို့မယ်။ ဘာလို့လဲဆို PDF တွေလည်းမရှိဘူး။ စစ်တပ်လည်းအလွယ်တကူ မရောက်နိုင်ဘူးဆိုတော့လေ။ အခြေအနေတွေ မကောင်းဘူးပြောသံကြားရင် ဒီလိုပဲ အခြေအနေအရ ကြိုတင်ပြီး သွားပို့ထားတာပေါ့။ ကျွန်တော်ကတော့ အိမ်မှာလူမရှိလို့လည်း မရဘူးဆိုတော့လေ။ အိမ်အောက်ထပ်မှာနေရမှာပေါ့။ လေယာဉ်နဲ့ကျဲမယ်ဆိုလည်း အပေါ်ထပ်မှာ ကြေရင်ကြေပေါ့ အောက်ထပ်ကိုတော့ ဖြိုနိုင်မှာမဟုတ်ဘူးလေ။ အိမ်အောက်မှာပဲ အဲလိုပဲ တစ်ယောက်တည်းနေတာပေါ့။

DW ။ အဲဒါက လေကြောင်းတိုက်ခိုက်လို့ဖြစ်လာမယ့် အန္တရာယ်ကို အပြည့်အဝကာကွယ်နိုင်ပါ့မလား။

ဖြေ ။ အပြည်ဝတော့ ဘယ်ကာကွယ်နိုင်မလဲ။ ဒီဟာကြီးတွေက ကြမ်းလည်းကြမ်း၊ တစ်ချို့ကရမ်းဘီလူးတွေတောင် ပါသေးတယ်ဆိုတော့ကာ မီးပါထလောင်မှာလေ။ ဒါတွေက။ ရာနှုန်းပြည့်တော့မကာကွယ်နိုင်‌ဘူး။ ဒါပေမဲ့ညအိမ်တွေမှာလည်း လူမရှိလို့မရပြန်ဘူး။ လူမရှိရင် သူခိုးကခိုးဖို့ချောင်းနေတာ။ ဒါတွေလည်း ကြောက်ရသေးတယ်။

DW ။ ဗုံးခိုကျင်းဆိုတာရော ကြားဖူးလား။

ဖြေ ။ တစ်ချို့အိမ်မှာတော့လုပ်ထားတယ်။ အိမ်အောက်မှာကျင်းကြီးတူးပြီးတော့ အပေါ်မှာသစ်ပြားထူထူ သဲအိတ်တွေနဲ့စီထားတာပေါ့။ ပြေးလို့မလွယ်တဲ့ သက်ကြီးပိုင်းတွေရှိတယ်လေ ။လက်နက်ကြီးတွေပစ်တဲ့အခါမျိုး အဲထဲဝင်နေကြတာပေါ့။

DW ။ ဗုံးခိုကျင်းတူးတာနဲ့ ထွက်ပြေးတာ ဘယ်ဟာက အကာအကွယ်ပိုရမယ်လို့ထင်လဲ။

ဖြေ ။ ဗုံးခိုကျင်းက ကောင်းမယ်ထင်တယ်။ တကယ်လို့ တိုက်ပွဲကြားဆိုရင် ကျည်ဆန်က ပလူပျံနေမှာပဲလေ။ ပြေးရင်ထိချင်လည်း ထိနိုင်သေးတယ်လေ။ မဖြစ်ခင်တော့ ပြေးတာကောင်းတယ်။ ဖြစ်ပြီးမှတော့ ဗုံးခိုကျင်းထဲခိုနေတာ အဆင်ပြေမယ်ထင်တယ်။

DW ။ အစ်ကိုတို့ရောတူးထားဖြစ်လား။

ဖြေ ။ ကျွန်တော်အိမ်က စလစ်လောင်းထားတယ်ဆိုတော့ တူးလို့အဆင်မပြေဘူး။

DW ။ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်အောင် ဘာတွေလုပ်ထားပြီးပြီလဲ။

ဖြေ ။ အဝတ်အစားတွေပြင်ထားတယ်။ ခြံထဲမှသွားနေမယ်ဆိုရင် စားလို့ရအောင်ရိက္ခာတွေ ကြိုပြင်ထားတယ်။ လောလောဆယ်အဲဒါတွေပဲရှိတာ။ တစ်ခြားပြင်ထားတာမျိုးတော့ ဘာမှမရှိဘူး။ ခြံထဲမှာပဲအလွယ်တစ်ကူ သွားနေလို့ရသေးတယ်လေ။

DW ။ အစ်ကိုဒေသက လေကြောင်းရန် ကြိုတင်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ဗုံးခိုကျင်းတူးတာနဲ့ ခြံထဲရှောင်မဲ့သူ ဘယ်ဟာကပိုများလည်း။

ဖြေ ။ ရှောင်ပြေးမယ့်သူကပိုများတယ်။

DW ။ ဘာကြောင့်လဲခင်ဗျား။

ဖြေ ။ ဖြစ်မယ်ဆို ရွာထဲမှာပဲလာဖြစ်ကြတာလေ။ ရွာပြင်မှာဖြစ်တာကနည်းတယ်လေ။ ဒီဘက်မှာကတောတွေ၊ ခြံတွေများတော့ အဲဒီမှာခိုလှုံမယ့်သူကများတာပေါ့။ အဓိကဘာလဲဆို PDF တွေရှိတဲ့နေရာပဲ လိုက်ပစ်တာလေ။ လက်နက်ကြီးနဲ့ပစ်ရင်လည်း PDF တွေရှိတဲ့နေရာပဲ ပစ်တာဆိုတော့ ထွက်ပြေးတာက ဘေးအကင်းဆုံးပဲလေ။ ဗုံးခိုကျင်းထဲခိုနေလို့ တွေ့သွားရင်လဲမလွတ်ဘူး။ တွေ့ရင်ဖမ်းရိုက်ခံရမယ်။ ထင်ရင် ထင်သလိုလုပ်ခံရဦးမှာ။ အဲတော့ သူတို့နဲ့ဝေးလေကောင်းလေပဲ။ အဲပုံစံမျိုးဖြစ်နေတယ်။

DW ။ ပြည်သူတွေရှိတဲ့နေရာကို လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ ။ တကယ်လေကြောင်းဆိုတာက ပြည်တွင်းစစ်မှာ မသုံးသင့်တဲ့လက်နက်ပါပဲ။ ပြည်ပရန်ကာကွယ်တဲ့နေရာမှာပဲ သုံးသင့်တယ်လိုမြင်တယ်။ ပြည်တွင်းစစ်မှာက ကိုယ်လူမျိုးအချင်းချင်း တွေပဲလေ။ မဟုတ်ဘူးလား။ ကိုယ်မိသားစုဝင်တွေကို သတ်နေတာနဲ့အတူတူပဲပေါ့။ သူတို့က အမိန့်အရဆိုတာပဲလုပ်နေတာ။ တကယ်ဆို ကိုယ်ချင်းစာစိတ်မရှိဘူး သူတို့မှာ။သူတို့မှာက ဝါဒမှိုင်းတွေသွင်းခံထားရတာလေ။ ကျွန်‌တော်ဒေသကလည်း ဟိုးအရင်ကတည်းက အမည်းရောင်ဆိုတော့ ကျွန်တော်တို့ကို လူလို့တောင် မသတ်မှတ်ဘူးလေ။ သူတို့ကို ပြန်တော်လှန်မယ့်သူဆိုပြီး အပြတ်ရှင်းချင်နေတာ။ အဲဒီစိတ်တွေသွတ်သွင်းပေးထားတာ။ ကျွန်တော်တို့ကို ပြည်သူလို့တောင် မသတ်မှတ်တော့တာ။ ပြည်သူလို့သတ်မှတ်ရင်လေကြောင်းက သုံးလည်းမသုံးသင့်ပါဘူးလေ။ PDF တွေမှာက ကာကွယ်နိုင်မယ့် နည်းစနစ်ကရှိပြီးသား။ ကျွန်တော်ပြည်သူတွေမှာက ဘာအကာကွယ်မှမရှိဘူးလေ။ ခံရမယ်ဆို ပြည်သူတွေပဲပိုခံရမှာပါ။

DW ။ အခြားဘာတွေများ ထပ်ဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ ။ စစ်မှုထမ်းဥပဒေဆိုတာကို ပြောချင်တယ်။ ကျွန်တော်တို့ဒေသမှာ လူငယ်တွေမရှိတော့ဘူး။ ရှိတဲ့လူငယ်တွေရဲ့အနာဂတ်အပေါ် မိဘတွေကလည်း စိုးရိမ်နေကြတယ်။ ဒီအခြေနေမှာ ဒီဥပဒေကို မကျင့်သုံးသင့်ဘူး လို့ပြောချင်တယ်။ နိုင်ငံရေးတည်ငြိမ်အေးချမ်းနေတဲ့ကာလမှာ ကျင့်သုံးရင် ဒါကို‌တော့လက်ခံတယ်။ အဲဒီလိုကာလမှာဆို ကိုယ်တိုင်စစ်မှုထမ်းဖို့အသင့်ပါပဲ။ သေဖို့အလားအလာမရှိဘူးလေ။ စစ်မှုထမ်းရင်း စစ်ပညာတောင်ရဦးမှာ။ အခုအခြေနေက ဒီဥပဒေက ဘာရည်ရွယ်ချက်လဲ၊ ဘယ်လိုကျင့်သုံးမလဲပေါ့။ နိုင်ငံရေးပရိယာယ်ကများတယ်လေ။ ရှေ့တန်းပို့ရင်ဘယ်လိုလုပ်မလဲ။ ကျွန်‌တော်တို့က အဲဒါပဲစိုးရိမ်ကြောင့်ကြနေရတယ်။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

“သူများပြေးရင်ကိုယ်လိုက်ပြေးပေါ့။ သူများနေရင် ကိုယ်လည်း ကိုယ့်အိမ်ထဲပဲ ကိုယ်နေတယ်”

CDM ဘွဲ့ကြို လူငယ်အမျိုးသမီးတစ်ဦး ညောင်ပင်ကွင်းရွာ၊ တနင်္သာရီမြို့နယ်

DW ။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ဖူးလား။

ဖြေ ။ ညီမတို့ရွာဘက်မှာတော့ တခါမှ မရှိသေးဘူး။လေယာဉ်ပျံတွေ လာဝဲတာတွေတော့ရှိတယ်။ ဘန်လော(ရွာ)တို့ မောတောင်ငယ်ရွာဘက်မှာတော့ လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်ဖူးတယ်။

DW ။ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်လိုစိုးရိမ်နေရလဲ။

ဖြေ ။ ဒီဘက်မှာတော့ လေယာဉ်လာဝဲတာလောက်ပဲရှိတယ်။ ညီမတို့နေရာကို လေယာဉ်နဲ့ဗုံးကြဲဖို့က မဖြစ်နိုင်ဘူးထင်တယ်။ ချောင်နည်းနည်းကျတယ်ဆိုတော့၊ လက်နက်ကြီးတွေဘာတွေလည်း ဒီဘက်ကိုသိပ်မရောက်ဘူး။

DW ။ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုသိလား၊ ဘယ်အချက်တွေလဲ။

ဖြေ ။ သိတော့သိတယ်၊ ဗုံးခိုကျင်းတွေဘာတွေ တူးတာတို့ဘာတို့။ အိမ်ထဲမှာပဲနေဖို့တွေလောက်တော့သိတယ်။ စာတွေဘာတွေ သေသေချာချာတော့မဖတ်ဖူးဘူး။ သူများတွေနဲ့ အချင်းချင်း မေးကြ ပြောပြကြတာလောက်ပဲသိတယ်။

DW ။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘာတွေလုပ်ထားလဲ။

ဖြေ ။ တချို့အိမ်တွေမှာတော့ ဗုံးခိုကျင်းတွေတူးထားကြတယ်။ ညီမတို့အိမ်တော့ မတူးထားဘူး။ သူများပြေးရင်ကိုယ်လိုက်ပြေးပေါ့။ သူများနေရင် ကိုယ်လည်း ကိုယ့်အိမ်ထဲပဲ ကိုယ်နေတယ်။

DW ။ စစ်ကောင်စီက လေကြောင်းသုံးပြီးတိုက်ခိုက်တာတွေ လုပ်လာတဲ့အပေါ် ညီမအနေနဲ့ ဘယ်လိုမြင်လဲ။ ဘာပြောချင်လဲ။

ဖြေ ။ မြေပြင်စစ်ကြောင်းတွေကို လေကြောင်းနဲ့ကူတာပေါ့နော်။ မြေပြင်စစ်ကြောင်းတွေ စစ်ကြောင်းထိုးလို့မနိုင်တဲ့အခါ လေကြောင်းနဲ့ကူပြီးပစ်ပေးတာပေါ့။

“ကျွန်မကတော့ ဂူတူးထားတယ်။ လေယာဉ်ပျံနဲ့မပစ်လည်း အမြောက်နဲ့ပစ်နေတယ်လေ။ အမြောက်နဲ့ပစ်လည်းသေတတ်တာပဲ”

အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး ‌လောင်းလုံးမြို့နယ်

DW ။ လေကြောင်းတိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေရှိလား။ ဘာကြောင့်လဲ။

ဖြေ ။ ရှိလား။ မရှိလားတော့ ကျွန်မလည်းသေချာမပြောတတ်ဘူးရှင်။ ဖြစ်ချင်လည်းဖြစ်လာနိုင်တယ်။ ဘာဖြစ်လဲဆိုတော့ သူတို့က( စစ်ကောင်စီတပ်က) မနိုင်ရင် လေယာဉ်ပျံနဲ့ပစ်တယ်ဆိုပြီး ကြားဖူးတယ်။ သတင်းထဲမှာလည်း အမြဲပဲပါနေတာ။

DW ။ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်လို စိုးရိမ်နေရလဲ။

ဖြေ ။ စိုးရိမ်နေရတယ်။ ကျွန်မတို့ရွာမှာဆိုရင် လေယာဉ်ပျံအသံကြားရင်ကို ကြောက်နေကြတာ။ ကလေးတွေကို လေယာဉ်ပျံအသံကြားတာနဲ့ အိမ်ထဲပြေးဝင်လာဆိုပြီး သင်ပေးထားရတယ်။ လောင်းလုံးရဲစခန်းတွေ(ထားဝယ်) မြို့ကိုပြောင်းလိုက်ပြီးကတည်းက လေယာဉ်ပျံနဲ့ဗုံးလာကြဲတော့မယ်ဆိုပြီး ပြောနေကြတာ။ အမြဲသတိထားနေရတာပေါ့။

DW ။ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို သိလား။ ဘယ်အချက်တွေလဲ။

ဖြေ ။ သူများပြောပြသလောက်တော့ နည်းနည်းပါးပါးသိတယ်ရှင်။ ဂူဆိုတာလားမသိဘူး အဲထဲဝင်နေရမယ်တဲ့။ ကျန်တာတော့ မသိဘူးရှင်။ သူများတွေက ဂူထဲဝင်နေရမယ်ပဲ ပြောပြတယ်။

DW ။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘာတွေလုပ်ထားလဲ။

ဖြေ ။ တစ်မိသားစုလုံးနေလို့ရအောင် ဂူတူးထားတယ်ရှင်။ ဖြစ်လာရင်အဲမှာဝင်နေမယ်။

DW ။ သူများတွေရော ဂူတူးထားကြသေးလား။

ဖြေ ။ တူးတဲ့သူလည်းရှိတယ်။ မတူတဲ့သူလည်းမတူးဘူးရှင်။ သူ့အတွေးနဲ့သူပေါ့ရှင်အဲဒါကတော့။ ကျွန်မတို့မှာက ယောက်ျားသားလည်းမရှိဘူး။ ကလေးတွေနဲ့ ကျွန်မပဲရှိတာဆိုတော့ သူများပြေးရင် ကိုယ်ပြေးမနိုင်ဘူး။ အဲကြောင့်တူးထားတာ။

DW ။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ စစ်တပ်ကတော့ ကျွန်မတို့ရွာကိုလာရင် အိမ်တွေရိုက်ဖျက်ဝင်ပြီးရှိတာ အကုန်ယူသွားတာပဲ။ အိမ်မီးရှို့ခံနေရတာလည်းအများကြီးပဲ။ ကျွန်မတို့ရွာနားမှာပဲဖြစ်နေကြတာ။ အဲဒါလည်းသူတို့မနိုင်ဘူး။ သူတို့မနိုင်ရင် လေယာဉ်ပျံနဲ့ လာပစ်တတ်လို့ ဂူတူ‌ထားတာ။

DW ။ နောက်ထပ်ဘာများပြောစရာရှိသေးလဲ။

ဖြေ ။ သူများတွေဘာပဲပြောပြော ကျွန်မကတော့ ဂူတူးထားတယ်။ လေယာဉ်ပျံနဲ့မပစ်လည်း အမြောက်နဲ့ပစ်နေတယ်လေ။ အမြောက်နဲ့ပစ်လည်းသေတတ်တာပဲ။ အဲကြောင့်ကျွန်မကတော့ သူများတွေဘာပြောပြော ဂရုမစိုက်ဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“လေယာဉ်ပါသုံးလာပြီဆိုတော့ ပြည်သူတွေကတော့ အများကြီးသေကြေရဦးမယ် ဒီကာလမှာ”

ပုလောမြို့နယ် ဒေသခံအမျိုးသား

DW ။ အစ်ကိုတို့ဒေသကို ကောင်စီက လေကြောင်းတိုက်ခိုက်ဖူးလား။ ဘယ်နေရာကို ဘယ်အချိန်က တိုက်ခိုက်ဖူးလဲ။

ဖြေ ။ ဟိုတလောကပဲ မီးလောင်ချောင်းရွာကို (ရဟတ်ယာဉ်နဲ့) လာပစ်သွားသေးတယ်။ အခုဆိုတစ်လလောက်တော့ ရှိပြီနေမယ်။

DW ။ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုစိုးရိမ်နေရလဲ။

ဖြေ ။ လေကြောင်းကတော့ သတိထားရမယ့်အထဲပါလာပြီလို့ပြောရမယ်။ အရင်ကဆိုရင်တော့ အဲလောက်စိုးရိမ်စရာမလိုသေးဘူး။ အခုက တနင်္သာရီတိုင်းကို တိုက်လေယာဉ်တွေနဲ့ မပစ်သေးပေမယ့် ရဟတ်ယာဉ်နဲ့ ပစ်နေပြီလေ။ အခုဆို ထားဝယ်မှာလည်းပစ်နေပြီ။ နောက်ဆိုရင် သူတို့( စစ်ကောင်စီတပ်)လေကြောင်းပဲသုံးလာတော့မယ် အနေအထားရှိတယ်။

DW ။ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို သိလား။ ဘယ်အချက်တွေလဲ။

ဖြေ ။ ကျွန်တော်အနေနဲ့ကတော့ သိသင့်သလောက်တော့သိပါတယ်။ ဒါပေမဲ့ အခြားသူတွေကျတော့ မသိတာကများတယ်။ တွေ့ရသလောက် ဖြစ်လာမှ ပြေးမယ်ဆိုတဲ့သူကပိုများတယ်။ အဲလိုမျိုးပြေးတာက မလုပ်သင့်တဲ့အရာလေ။ လေယာဉ်ပျံအသံကြားရင် ပြေးမယ်ဆိုတာက မဟုတ်သေးဘူး။ အဲလိုပြေးလို့မရဘူး။ ရှောင်လို့မရဘူး။ ‌သွားရင်းလာရင်းနဲ့ ပစ်ပြီခတ်ပြီဆိုရင်တောင် အဲနားမှာပဲ မှောက်ပြီးဝပ်နေရမှာ။ ကျွန်တော်တို့ဖက်မှာတော့ လေကြောင်းကနေပစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြည်သူတွေများများသိအောင် ပညာပေးတွေများများ လုပ်ဖို့လိုသေးတယ်ဗျ။

DW ။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘာတွေလုပ်ထားကြတာလဲ။

ဖြေ ။ ခုဏကပြောသလိုပဲပေါ့။ ဖြစ်လာရင်ပြေးမယ်၊ ခြံတွေထဲသွားရှောင်နေမယ်ဆိုတဲ့ သူတွေကများတယ်ဗျ။ တစ်ချို့တွေကတော့ မြို့ပေါ်ပြောင်းတဲ့သူလည်း ရှိတာပေါ့နော်။ ဗုံးခိုကျင်းတူးတဲ့သူလည်း ရှိတယ်လို့ကြားတယ်။ ဗုံးခိုကျင်းကလည်း ပြောသာပြောရတာ ကျွန်တော်တို့ဖက်မှာက မလုပ်ဖူးကြတော့ မသိကြဘူး ဘယ်လိုလုပ်ရမလဲဆိုတာ။ တစ်ချို့ကလည်း ဘယ်လိုပြောရမလဲ စိုးရိမ်ကြတာပေါ့နော် အဲဒီဗုံးခိုကျင်းကို။ စစ်ကြောင်းကလည်းဝင်နေတာ ခဏခဏဆိုတော့ လုပ်ရမလား၊ မလုပ်ရဘူးလား ဝေခွဲရခက်နေတာပေါ့။

DW ။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအပေါ် ဘာပြောချင်တာရှိလဲ။

‌ဖြေ ။ စစ်ကောင်စီကတော့ မြေပြင်စစ်ကူပေးလို့မနိုင်ရင် သေချာတာက လေယာဉ်သုံးမှာပဲ။ သူ့ရဲ့အားသာချက်ကအဲဒါလေ။ PDF တွေမှာကလည်း လေယာဉ်ပစ်ချနိုင်တဲ့ဟာကမရှိဘူး။ မရှိဘူးဆိုတော့ သူကတော့ နယ်မြေထိန်းချုပ်ဖို့ လေကြောင်းကတော့ သုံးမှာပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့နော်။ လေကြောင်းပစ်ကူပေးတယ်ဆိုတာက မြေပြင်တပ်တွေက တည်နေရာပြောပြီးမှ ပစ်ရတာလေနော်။ သူတို့တပ်တွေက မြေပြင်မှာမရှိဘဲနဲ့ ရမ်းသမ်းပြီးဗုံးလာကြဲမှာ အဲတစ်ခု‌တော့ အရမ်းစိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရှိတဲ့ ရပ်ထဲ၊ ရွာထဲလည်း သူတို့ကျဲချနိုင်တယ်လေ။ ကျွန်တော်တို့ကတော့ဗျာ ဘာပဲပြောပြော လေယာဉ်သုံးတာတော့ မကြိုက်ဘူးပေါ့ဗျာ။ အခုမှသေနတ်ကိုင်ပြီး ပစ်တဲ့သူတွေကို လေယာဉ်နဲ့ပစ်ပြီးစစ်တိုက်နေတာ တော်တော်တော့ ရှက်စရာကောင်းတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အဓိကပြောချင်တာကတော့ စစ်တိုက်တာ သူတို့အချင်းချင်း ကြိုက်သလိုတိုက်လို့ရတယ်။ ပြည်သူကိုတော့ ကြားထဲကနေ အသုံးမချဖို့လိုတယ်။ လေယာဉ်နဲ့တိုက်ပြီဆိုရင်ဗျာ ကလေးတွေလည်းထိ စာသင်ကျောင်းဆိုလည်း တစ်စစီဖြစ်လိုဖြစ်နေတာ ကျွန်တော်တို့ကြားနေရတယ်လေ။ အခုကဗျာ။ ရမ်းသမ်းပြီးတော့ လက်နက်ကြီးနဲ့ပစ်လို့မပြီးသေးဘူး။ လေယာဉ်ပါသုံးလာပြီဆိုတော့ ပြည်သူတွေကတော့ အများကြီးသေကြေရဦးမယ် ဒီကာလမှာ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် အသိပညာပေး လုပ်ငန်းတွေကို မြေပြင်မှာ လာလုပ်ပေးစေချင်တယ်”

ဒေသခံတစ်ဦး ပခပ်ကျေးရွာ၊ ထားဝယ်အရှေ့တောဒေသ

DW ။ အရှေ့တောဘက်ခြမ်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာနဲ့ပတ်သက်ပြီး ဘယ်လိုစိုးရိမ်ချက်တွေ ရှိနေလဲ။

ဖြေ ။ လေကြောင်းနဲ့တိုက်ခိုက်လာတာဆို‌တော့ စိုးရိမ်မှုတွေပိုပြီးရှိလာတယ်ပေါ့နော်။ တချို့တွေဆို ဗုံးခိုကျင်းတွေ တူးလာတာတွေရှိလာတယ်။ ကိုယ့်နဲ့နီးစပ်ရာပေါ့နော်။ တခြားနေရာတွေကို ပြောင်းရွေ့နေတာတွေလည်းရှိလာတယ်။

DW ။ ဘာကြောင့် ဗုံးခိုကျင်းတွေတူးလာတာလဲ။ စစ်ကြောင်းဝင်ချိန်ဆို ရှောင်ပြီးပြေးနေကြတာက ရေရှည်အတွက် အဆင်မပြေလို့လား။

ဖြေ ။ တကယ်တော့ လေကြောင်းရန်ကိုကြောက်လို့ ဗုံးခိုကျင်းတူးတာပေါ့။ စစ်ကြောင်းတွေမျိုးလာရင်တော့ ဒီဗုံးခိုကျင်းတွေက အသုံးမဝင်ဘူးပေါ့။ စစ်ကြောင်းတွေဝင်လာရင် တခြားနေရာကိုရွေ့လို့ရတယ်ပေါ့။ ဥပမာ ရှေ့ဘက်ကလာရင် အနောက်ဘက်ကိုရွှေ့မယ်၊ အနောက်ဘက်ကလာရင် အရှေ့ဘက်ကိုရွှေ့မယ်။

DW ။ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကိုရော သိလား။

ဖြေ ။ အဲ့ဒါကတော့ သူသန်ရာသန်ရာဖြစ်နေကြတယ်။ တချို့နီးစပ်ရာ နီးစပ်ရာတွေတော့ အသိပေးထားတာတွေရှိတယ်။ ကိုယ့်ဘာသာကိုယ် လုံခြုံအောင်နေဖို့ အသိပေးထားတာတွေရှိတယ်။ တချို့တွေကလည်း လုံးဝ မသိတာတွေရှိတယ်။ အခုက အရမ်းစိတ်ပူနေရတဲ့ အနေထားဖြစ်နေတယ်။ ဟိုဘက်ကလည်း တအားဆော်ပစ်နေတယ်။ ကျွန်‌တော်တို့ကလည်း စစ်တပ်နဲ့အနီးဆုံးနေရာတွေမှာဖြစ်နေတယ်။ ဆိုတော့ အချိန်မရွေးပေါ်တာဆွဲခေါ်နိုင်တယ်လေ။ အဲဒါ အမြဲတမ်းစိတ်ပူနေရတယ်ပေါ့။

DW ။ ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ ဘယ်လိုတွေလုပ်ထားတာရှိလဲ။

ဖြေ ။ ဗုံးခိုကျင်းကတော့ ကိုယ့်မိသားစုနဲ့ ကိုယ့်ဘာသာတိုင်ပင်ပြီးတူးကြတာ။ စုပေါင်းပြီးတူးကြတာတော့ မဟုတ်ဘူး။ အရင်တုန်းက ဂူဟောင်းတွေကို ပြန်ဖော်ပြီးပြုပြင်တာတွေရှိတယ်။ သန့်ရှင်းရေးပြန်လုပ်တာတွေရှိတယ်။ စားစရာသောက်စရာတွေဆိုလည်း တစ်လစာ၊ တစ်ပတ်စာနိုင်လည်း တစ်ပတ်စာ စုဆောင်းထားကြတာတွေရှိတယ်။

DW ။ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်လာတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ ။ လေကြောင်းနဲ့တိုက်ခိုက်တာဆိုတော့ ကြောက်တာပေါ့နော်။ စိုးရိမ်တာပေါ့။ မဖြစ်ချင်ဘူးပေါ့နော်။ မဖြစ်သင့်တာလို့မြင်တယ်။

DW ။ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးတွေကိုရော ကြည့်ဖြစ်လား။

ဖြေ ။ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်ပြီး အသိပညာလာပေးတာတွေမရှိဘူး။ PDF တွေကတော့ ပြောလာတာရှိတယ်။ ဗုံးခိုကျင်းတွေတူးထားကြဆိုပြီး။ လိုင်းပေါ်ကထုတ်ပြန်ကြေညာနေတာတွေကို မြင်တော့မြင်တယ်။ ကျွန်တော့်အမြင်အရတော့ အဲ့လို ဆောင်ရန်ရှောင်ရန်တွေကို လူထုအနေနဲ့ သိပ်ပြီးစိတ်ဝင်စားမှုမရှိဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ လေကြောင်းတိုက်ခိုက်မှုက မဖြစ်ဖူးဘဲကိုး။

DW ။ ဘာတွေဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ ။ အခုဆို ကျွန်တော်တို့က စစ်ဘေးရှောင်ပြည်သူတွေဖြစ်လာပြီလေ။ အနည်းနဲ့အများကတော့ စစ်ပွဲနဲ့ ရင်ဆိုင်ရတော့မယ်။ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်က ပြောတာနဲ့ မြေပြင်မှာ ဟောပြောတာ မတူဘူးလေ။ လက်ရှိအချိန်ထိတော့ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပညာပေးမယ့် အရပ်ဘက်အဖွဲ့အစည်းတွေလည်း မရှိသေးဘူး။ PDF တွေကလည်း လာပြောတာမရှိသေးဘူး။

အခုက လေကြောင်းတိုက်ခိုက်မှုတွေ ကြုံလာရပြီဆိုတော့ လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် အသိပညာပေးလုပ်ငန်းတွေကို မြေပြင်မှာ လာလုပ်ပေးစေချင်တယ်။ PDF တွေကနေပြီးတော့ပဲဖြစ်ဖြစ်။ ရော့ဗုံးခိုကျင်းတွေ တူးကြ။ ဒီလိုဒီလိုလုပ်ကြ။ စစ်ဖြစ်လာရင် စစ်ဘေးရှောင်စခန်းတွေကို သွားကြဆိုပြီး အသိပညာပေးဟောပြောတာတွေ လုပ်ပေးစေချင်တယ်။ အဲ့ဒါတွေ လိုအပ်နေတယ်။