တိုက်ပွဲကြောင့် ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာတစ်ဆယ်ကျော်က ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရ

0
1545

တိုက်ပွဲကြောင့် ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာတစ်ဆယ်ကျော်က ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး ၂၃ ရက်နေ့အထိ ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

နှစ်ဖက်တိုက်ပွဲနှင့် လက်နက်ကြီး၊ လေကြောင်းရန်ကိုကြောက်သဖြင့် ပခပ်၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ဝကုန်း၊ ကျောက်မဲတောင်၊ ဟိန္ဒား၊ မေတ္တာကျေးရွာအုပ်စုရှိ ကျေးရွာတစ်ဆယ်ကျော်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်မတို့လည်း အခုတခြားကိုရောက်နေတယ်။ လက်နက်ကြီးအစစင်တဲ့ အိမ်တွေကတော့ သုံးဆောင်ရှိတယ်။ မနက်ကလည်း လက်နက်ကြီးပစ်သံ ကြားရသေးတယ်” ဟု မေတ္တာရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်နေသည့် အဓိကနေရာက ကျေးရွာများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်သည့်ရွာက ဒေသခံများလည်း နေရာရွှေ့ပြောင်းကြကြောင်း ပခပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရမှုနှင့် ဖမ်းဆီးခံရမှုလည်းရှိကြောင်း ဒေသခံတို့က ဆိုသည်။

“၂၅ မိုင်မှာ တိုက်ပွဲဖြစ်တဲ့နေ့က ဝကုန်းက လင်မယားနှစ်ဦးကို စစ်တပ်ကဖမ်းသွားတယ်လို့ပြောတယ်။ မိန်းမမှာက ပေါင်မှာထိထားတယ်၊ ယောက်ျားမှာက လက်မှာထိထားတယ်လို့ပြောတယ်၊ ဒီနေ့မှဖုန်းလိုင်းရလို့ သတင်းရတာ” ဟု ဝကုန်းရွာက စစ်ဘေးရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံများထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်နှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုမူ Dawei Watch ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကျောက်မဲတောင်ရွာက ဒေသခံအချို့မှာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြပြီး ပြေးနိုင်လွှားနိုင်သည့်အရွယ်များမှာ ရွာတွင်ပင်ဆက်နေနေသည်ဟု ဒေသခံအချို့က ဆိုသည်။

“တို့အမေက အသက် ၇၀ ကျော်ပြီဆိုတော့ မြို့ပေါ်ကို ပြောင်းရွေ့ထားလိုက်တယ်၊ ငါ့တို့ညီမတွေတော့ ဒီမှာပဲစုပြီးနေနေကြတယ်။ တို့ဆီမှာ ပုန်းခိုလို့ရတဲ့ ဗုံးခိုကျင်းလည်းရှိတယ်”ဟု ကျောက်မဲတောင်ရွာက အမျိုးသမီးက ဆိုသည်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခဲ့သလို ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ဘက်က Mi 2 အမျိုးအစား ရဟတ်ယာဉ်ဖြင့်ပါ ဝကုန်းနှင့် ကျောက်မဲတောင်ရွာကြားနေရာတဝိုက်ကို ဗုံးကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့တော့ ရွာမှာပဲရှိသေးတယ်။ တချို့တွေကတော့ တခြားရပ်ရွာတွေကို‌ ရွှေ့ပြောင်းနေထိုင်ကြတာရှိတယ်။ အဓိကတော့ လေကြောင်းရန်ကိုကြောက်တာပေါ့၊ အခုဆို ဗုံးခိုကျင်းတွေ တူးလာနေကြတာလည်းရှိတယ်” ဟု ပခပ်ရွာသားတစ်ဦးက ပြောသည်။

အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် စစ်လက်နက်နှင့် ရိက္ခာများတင်ဆောင်လာသည့် ကား ၁၇ ပါသည့် စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်ရွာသချိုင်းနားအထိ လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီယာဉ်တန်း ကား ၁၂ စီးပျက်စီးပြီး စစ်ကား ၇ စီးထံက လက်နက်ခဲယမ်းများစွာကို KNLA နှင့် PDF ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး KNLA နှင့် PDF ပူးပေါင်းတပ်ဘက်က ၆ ဦးသေဆုံးကြောင်း KNLA ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်တွင် ဟိန္ဒားသတ္တုမိုင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့စခန်းကိုစွန့်ခွာကာ ကျောက်မဲတောင်နယ်မြေရဲစခန်းနှင့်လာရောက်ပူးပေါင်းခဲ့ပြီး မေတ္တာနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့မှာ မေတ္တာမြို့ဗျူဟာစခန်းနှင့်အင်အားပူးပေါင်းခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာသွားသည့် ဟိန္ဒားရွာက စစ်ကောင်စီတပ်ဖွဲ့စခန်းနှင့် မေတ္တာနယ်မြေရဲစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်တွင် မီးရှို့ဖျက်ဆီးလိုက်ကြသည်။

ဇန်နဝါရီလ ၂၄ ရက်တွင် အရှေ့တောဒေသရှိ စစ်ကောင်စီ၏ ကျောက်ထုစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၂၇ ရက်မှ ဖောဖော်ဝါရီ ၇ ရက်နေ့အထိ အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းက အရှေ့တောဒေသကို ပထမအကြိမ် စစ်ကြောင်းထိုးခဲ့သည်။