၁၄ ပွဲဆက်တိုက် အနိုင်ရခဲ့သည့် ဗရော်နီကာ

0
1069
ဓာတ်ပုံ - THAI FIGHT

ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ သည် ယမန်နေ့က ယှဉ်ပြိုင်ခဲ့ရသည့် THAI FIGHT Super Fight ပြိုင်ပွဲ၏စိန်ခေါ်ပွဲစဉ်တွင် ပြိုင်ဘက်ဖြစ်သူ ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖယားဆင်းဂါးကို အမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းလက်ဝှေ့လောကဖြတ်သန်းမှုတွင် ၁၄ ပွဲဆက်တိုက် အနိုင်ရရှိသည့် စံချိန်မှတ်တမ်းကို ရေးထိုးသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖယားဆင်းဂါးသည် နာမည်ရလက်ဝှေ့မယ်တစ်ဦးဖြစ်ပြီး ကစားသမားဘဝဖြတ်သန်းမှုတလျှောက်တွင် ပွဲစဉ်ပေါင်း ၅၇ ပွဲအနိုင်ရဖူးထားသူလည်းဖြစ်သည်။

လေးလကြာ အနားယူလေ့ကျင့်ပြီးသည့်နောက်တွင်မှ စိန်ခေါ်ပွဲစဉ် ပြန်လည်ထိုးသတ်ခဲ့သော ဗရော်နီကာသည် ဖယားဆင်းဂါးကို သတိကြီးကြီးထားကာ ကစားသွားခဲ့ပြီး သတ်မှတ်ထားသော ပွဲချီ ၃ ချီပြည့်သည်အထိ တစ်ဦးနှင့် တစ်ဦး အပြတ်ဖြတ် အလဲထိုးနိုင်ခြင်း မရှိခဲ့သောကြောင့် ဗရော်နီကာနှင့် ဖယားဆင်းဂါးတို့က အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူလိုက်ကြရသည်။

အမှတ်ပေးဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်များအရ ဗရော်နီကာသည် ဖယားဆင်းဂါးကို အမှတ်ဖြင့် အနိုင်ယူသွားနိုင်ခဲ့ပြီး ယခုစိန်ခေါ်ပွဲစဉ်ကို ထိုင်းနိုင်ငံ၊ လော့ပ်ဘူရီမြို့က ဝပ်ဖူးနွိုင် ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဗရော်နီကာသည် သူမ၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှုအတွင်း မွေထိုင်းဘက်သို့ ကူးပြောင်းဝင်ရောက်လိုက်ပြီးချိန်တွင် ပွဲဦးထွက်ထိုးသတ်ခဲ့သော ပထမဆုံးပွဲစဉ်၌သာ အရှုံးရလဒ်ကြုံခဲ့ရပြီး ယင်းနောက်ပိုင်းထိုးသတ်သည့် ပွဲစဉ်ပေါင်း ၁၄ ပွဲဆက်တိုက်ကို အနိုင်ထိုးသတ်ကာ မှတ်တမ်းသစ် ရေးထိုးစိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။