သရက်ချောင်း ပိန်းတောရွာ စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်

0
2125

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာ အထက်တန်းကျောင်းခွဲအနီး ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

စာသင်ကျောင်းအနီးတွင် ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ပေါက်ကွဲသံတစ်ချက် ကြားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပိန်းတောရွာ အထက်တန်းကျောင်းခွဲမှာ ဖွင့်လှစ်ပညာသင်ကြားနေသည့်ကျောင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန်မှာ ကျောင်းတက်ချိန် မဟုတ်သေးသဖြင့် ကျောင်းသူ၊ ကျောင်းသားများ ထိခိုက်မှုမရှိကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးနှင့် ဒေသခံတို့ထံမှ သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အအုံလည်း ထိခိုက်မှုမရှိကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျောင်းဝင်းအတွင်း (ပေါက်တာ) မဟုတ်ဘူး။ ကျောင်းအနီးလမ်းမမှာ ဖြစ်တာပေါ့နော်။ အဲဒါကြောင့် ဘာမှတော့ ထိခိုက်မှုမရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

ထိခိုက်မှုမရှိသဖြင့် စာသင်ကျောင်းကို ယနေ့ဖွင့်လှစ်သင်ကြားနေကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

အထက်ပါ ပေါက်ကွဲမှုမှာ မည်သူတို့က လုပ်ဆောင်သည်ကို မသိရသေးပေ။

ယင်းနောက် နံနက် ၉ နာရီခွဲခန့်တွင် သရက်ချောင်းမြို့ဘက်မှ ရဲကားတစ်စီး ရောက်လာပြီး ကဇိရွာအနီး သေနတ် ပစ်ဖောက်ကာ ပိန်းတောရွာဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။