လောင်းလုံးမြို့နယ်က ကျေးရွာအချို့ ပြောင်းရွှေ့ရမည်ဆိုသည့်သတင်းကို ဆန်းစစ်ကြည့်ခြင်း

0
2627

လောင်းလုံးမြို့နယ် ဗိုလ်မှူးကြီး ဗထူး၏မွေးရပ်မြေဖြစ်သည့် လေးသွန်းခံရွာနှင့် အနီးအနားကျေးရွာများ ပြောင်းရွေ့ရမည်ဆိုသည့် သတင်းများ လူထုအကြားတွင် ကျယ်ကျယ်ပြန့်ပြန် ပြောဆိုနေကြသည်။

ယင်းသတင်းကြောင့် ဒေသခံအချို့မှာ ထားဝယ်မြို့ပေါ်သို့တက်ကာ မြေဝယ်ခြင်း၊ အိမ်ငှားရမ်းခြင်း စသဖြင့် ပြောင်း‌ရွှေ့ရန် စီစဉ်နေကြသည်ကို တွေ့မြင်ရသည်။

ယင်းကျေးရွာများပြောင်းရွေ့ရမည်ဆိုသည့် သတင်းကို လွန်ခဲ့သောတစ်လကျော်အချိန်ကစပြီး ဖြန့်ဝေပြောဆိုမှုများရှိနေပြီး ယနေ့အချိန်အထိလည်း ပြောဆိုနေကြဆဲဖြစ်သည်။

ဒေသတွင်း စစ်ရေးပဋိက္ခတင်းမာလာသည့်အချိန်တိုင်းတွင် ကျေးရွာများပြောင်းရွေ့ရမည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်လာလေ့ရှိသည်ကို လေ့လာတွေ့ရှိရသည်။

ယခင်ကလည်း လောင်းလုံးမြို့နယ်က အခြားကျေးရွာများ ပြောင်းရွေ့ရမည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့ဖူးသော်လည်း ယနေ့အချိန်အထိ မည်သည့်ကျေးရွာမျှ ပြောင်းရွေ့ပေးရသည်ဟုမရှိသေးပေ။

သတင်းထွက်ပေါ်လာသည့် ရင်းမြစ်ကို လိုက်ကြည့်ရာတွင်လည်း လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့လာခြင်း မဟုတ်ဘဲ လူတစ်ဦးကနေတစ်ဦးကို သတင်းစကားပါးရာက ပျံ့နှံ့လာခြင်းဖြစ်ကြောင်းတွေ့ရသည်။

ဒေသခံတစ်ဦး၏ အဆိုရ ဗိုလ်မှူးဗထူးကျေးရွာနှင့် အနီးတဝိုက်သည် လက်နက်ကြီးပစ်ခတ်မည့် ဧရိယာအတွင်း ကျရောက်နေခြင်းကြောင့် ကျေးရွာပြောင်းရွေ့ရမည်ဟု ကြားရသည်ဟုဆိုသည်။

ယင်းသတင်းကို မည်သည့်နေရာ၊ မည်သူကပြောဆိုခဲ့ကြောင်းကိုမူ တိတိကျကျအဖြေမပေးနိုင်ဘဲ အရပ်ထဲမှကြားရသည်ဟုသာဆိုသည်။

Dawei Watch ၏ စုံစမ်းမေးမြန်းချက်အရ ကျေးရွာများပြောင်းရွေ့ရမည်ဆိုသည့် ကောလဟလသတင်းမှာ ထားဝယ်မြို့ပေါ်ရှိ အိမ်ခြံမြေပွဲစားလောကမှ ပျံ့နှံ့လာခြင်းဖြစ်သည်။

ရောင်းမထွက်ဘဲဖြစ်နေသည့် အကွက်ရိုက်လယ်ယာမြေများ ရောင်းထွက်စေရန် ရည်ရွယ်ချက်ဖြင့် သတင်းအမှား ဖြန့်ဝေနေခြင်းဖြစ်နိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက Dawei Watch ကို ပြောဆိုခဲ့ဖူးသည်။

လောင်းလုံးမြို့နယ်ရှိ ဒေသခံများမှာ စစ်ရေးဆိုင်ရာ ပဋိပက္ခအတွေ့အကြုံမရှိခြင်းကြောင့် သတင်းအမှားကို အလွယ်တကူယုံကြည်မိခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်းတို့ကြောင့် ထိုသတင်းအမှားတို့မှာ တစ်ဆင့်စကားဖြင့် လွယ်လွယ်ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း ယူဆရပေသည်။

ယင်းအချက်များအရ သတင်းမှာ အခြေအမြစ်မရှိဘဲ ပြောဆိုနေကြသည့် သတင်းအမှားသာဖြစ်ကြောင်း Dawei Watch က စိစစ်တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင်လည်း ယင်းသတင်းနှင့် ပတ်သက်၍ မဟုတ်ကြောင်း အတည်ပြုပြောဆိုကြသည်။

ယင်းကဲ့သို့ကောလဟလသတင်းများကို အလွယ်တကူမယုံကြရန်၊ ချင့်ချိန်စဉ်းစားကြရန်လိုကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဟိန်းထက်ကပြောဆိုသည်။

ပြည်သူများ အထိန့်တလန့်ဖြစ်‌စေရန် ရည်ရွယ်ချက်ဖြင့် ကောလာဟလသတင်းများကို ဖြန့်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

တိကျမှုမရှိသည့် သတင်းများကို ကြားသိရသည်နှင့် ချက်ချင်းလက်ခံလိုက်သည်မျိုး တစ်ဆင့်ပြန်ဖြန့်သည်မျိုး မလုပ်သင့်ပေ။ ယင်းသို့မဟုတ်ပါက သတင်းအမှားဖြန့်သူများတွင် ကိုယ်တိုင်ပါဝင်မိသည်မျိုး ဖြစ်သွားတတ်ကြောင်း တွေ့ရသည်။

မိမိယုံကြည်သည့် သတင်းဌာနများကို သွားရောက်ကြည့်ရှူခြင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထုတ်ပြန်ထားခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံ စုံစမ်းမေးမြန်းပြီး ထွက်ပေါ်နေသည့်သတင်း မှန်/ မမှန်ကို အတည်ပြုသင့်သည်။