မြိတ်တွင် နှစ်ရက်အတွင်း WY ဆေးပြား နှစ်သိန်းဖမ်းမိဟုဆို

0
2022
ဓာတ်ပုံ-မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီ

မြိတ်မြို့၌ မေလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီက ယနေ့ မေလ ၃ ရက်တွင် ထုတ်ပြန်သည်။

မြိတ်တောင်နယ်‌မြေ ရေနံမြေရပ်ကွက် တော‌လှေဆိပ်အနီးတွင် မေလ ၁ ရက်နေ့က အသက် ၃၃ နှစ်ရှိ အမျိုးသမီးတစ်ဦးထံမှ ဆေးပြားတစ်သောင်း (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၃၀၀) အား ဖမ်းမိကြောင်း ထုတ်ပြန်သည်။

ယင်းအမျိုးသမီးကို ဆေးပြားရောင်းချခဲ့သော မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၈ နှစ်ရှိ အမျိုးသားတစ်ဦး၏ နေအိမ်အား မေလ ၂ရက်နေ့တွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ယင်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၅၇၀၀) နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စိတ်ကြွရူးသွပ်ဆေးပြားတစ်ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် အဆိုပါကော်မတီက တွက်ချက်ကာ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။

သို့သော် ဈေးကွက်အတွင်း WY စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြားလျှင် တစ်ထောင်ကျပ်မှ တစ်ထောင့်ငါးရာကျပ်သာ ဈေးရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းမိသည့် အမျိုးသမီးနှင့် အမျိုးသားတို့အား မြိတ်မြို့ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေတို့အရ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ထားသည်။

မြိတ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား သုံးသောင်းကျော်နှင့် ဘိန်းဖြူ၊ ဘိန်းအဆီခဲအချို့ ဖမ်းမိခဲ့သေးသည်။