မြိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကျော်နှင့် ဘိန်းဖြူအချို့ ဖမ်းမိဟုဆို

0
2148
ဓာတ်ပုံ - မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီ။

မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကျော်နှင့် ဘိန်းဖြူအချို့ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု၊ ရွှေပြည်တန်ရပ်ကွက် ရွှေပြည်တန်လမ်းမမီးပွိုင်အနီးတွင် ဧပြီလ ၂၀ ရက်နေ့က အသက် ၂၉ နှစ်ရှိ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၀၀၀၀ ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

ကွင်းဆက်အဖြစ် မြိတ်တောင်နယ်‌မြေ၊ ဇေယျာသီရိ ၃ ရပ်ကွက်၊ ပေါ်ဦးလမ်းသွယ်ရှိ နေအိမ်တစ်ဆောင်ကို ဝင်ရောက်ရှာဖွေခဲ့ရာ အသက် ၁၉ နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား ၂၂၀၀၀ ပြား၊ ဘိန်းဖြူဘလောက်တုံး အလေးချိန် ၂၇၄ ဂရမ်၊ ဘိန်းဆီခဲအလေးချိန် ၂၂၆ ဒသမ ၃၃ ဂရမ်တို့အား ထပ်မံဖမ်းဆီးမိကြောင်း ဖေါ်ပြထားသည်။

ဧပြီလ ၂၀ ရက်နေ့ တစ်နေ့တည်းတွင် အဆိုပါ မူးယစ်ဆေးဝါးတို့အား ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စိတ်ကြွဆေးပြား စုစုပေါင်း ၃၂၀၀၀ ပြားမှာ ဒေသကာလပေါက်ဈေး တပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့်တွက်ချက်ရာ ကျပ်သိန်း‌ပေါင်း ကိုးထောင်ခြောက်ရာ တန်ဖိုးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းပြင် ဘိန်းဖြူဘလောက်တုံး အလေးချိန် ၂၇၄ ဂရမ် ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၄ ဒသမ ၄ သိန်း နှင့် ဘိန်းဆီခဲအလေးချိန် ၂၂၆ ဒသမ ၃၃ ဂရမ် ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅ သိန်းကျော် ခန့်တန်ဖိုးရှိကြောင်း ထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းမိသည့် အသက် ၂၉ နှစ်ရှိ အမျိုးသားနှင့် အသက် ၁၉ နှစ်ရှိ အမျိုးသမီးတို့ကို မြိတ်မြို့ မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ထားသည်။