သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၃)

0
3427
ရတနာဓတ်ငွေ့ပိုက်လိုင်းကို ထိုင်းနိုင်ငံ ထုံပါဖုံဒေသမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကန့်ကွက်နေစဉ်။ (ဓာတ်ပုံ- ထက်အောင်ကျော်)

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၂)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၅၃-

(၁) မျောက်ပစ်မုဆိုးမှ သဘာဝပတ်ဝန်းကျင်သတင်းထောက် အဖြစ်သို့

အဲဒီလို သစ်ပင်ပေါ်က မျောက်တွေကို ပစ်စားခဲ့ဖူးတဲ့၊ အင်းအိုင်တွေထဲ လက်ဗစ်ဗုံး ပစ်ချပြီး ငါး ဖမ်းခဲ့ဖူးတဲ့၊ သဘာဝချောင်းရေထဲ စားကြွင်းစားကျန်နဲ့ ပလပ်စတစ်စတွေ ပစ်ချခဲ့ဖူးတဲ့ ကျနော် DVB သတင်းထောက်အဖြစ် ပေးပို့တဲ့ သတင်းတွေထဲမှာ ပထမဆုံး ပေါက်သွားတဲ့သတင်းက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအကြောင်း ဖြစ်နေတယ်ဆိုရင် စာဖတ်ပရိတ်သတ် ယုံပါ့မလား။

၁၉၉၅ နှောင်းပိုင်းမှာ DVB သတင်းထောက် စဖြစ်လာတဲ့ ကျနော့်အတွက် ပထမဆုံး လိုက်ရတဲ့ သတင်းကြီးတခုက နတ်အိမ်တောင်-ကံပေါက်ဒေသမှာ စတင် ဖောက်လုပ်နေတဲ့ ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံက Total ကုမ္ပဏီ၊ အမေရိကန်က Unocal ကုမ္ပဏီ (ဆန္ဒပြမှုတွေကြောင့် နောက်ပိုင်း ပြန်နုတ်ထွက်သွား) နဲ့ ထိုင်းနိုင်ငံက PTTEP ကုမ္ပဏီတို့ နဝတ စစ်အစိုးရရဲ့ MOGE (မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်း) နဲ့ ပေါင်းပြီး ဖောက်လုပ်တဲ့ ကီလိုမီတာ ၇၀၀ ကျော်ရှိ ဒီပိုက်လိုင်း စီမံကိန်းဟာ ကျနော်တို့ ABSDF နဲ့ KNU ထိမ်းချုပ် နယ်မြေတွေကို ဖြတ်သွားမှာမို့ ဒါကို တိုက်ဖျက်ရမယ်လို့ အဲဒီကာလရှိ ABSDF ဗဟိုက မူဝါဒ ချမှတ်ထားပါတယ်။

ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၉၅ နှောင်းပိုင်းမှာ KNU အထူးတပ်ဖွဲ့တခုက ပင်လယ်ကမ်းစပ် ဒမင်းဆိပ်ရွာနားအထိ ဝင်ပြီး ဒီစီမံကိန်း လုပ်ငန်းခွင်တခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ဖူးပါတယ်။

ဆန္ဒပြပွဲအတွင်း လိုက်ပါလာတဲ့ မြန်မာကျောင်းသား ၂ ဦးက အဲဒီခေတ် စစ်အစိုးရအလံကို ပြောင်းပြန်လှန်ပြီး ဆန္ဒပြနေစဉ် (ဓာတ်ပုံ- ထက်အောင်ကျော်)

ဒါပေမယ့် ABSDF အနေနဲ့ကတော့ စစ်ရေးအရ အဲဒီလောက် မလုပ်နိုင်တဲ့အတွက် ဒီ စီမံကိန်းအတွင်း လုပ်အားပေးခိုင်းစေမှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သစ်တောပြုန်းတီးမှု အပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို အလေးထား ဖော်ထုတ်မယ်လို့ စဉ်းစားပြီး တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးတာဝန်ခံ ကျနော်နဲ့အဖွဲ့ဟာ မင်းသမီး စခန်းကနေ ထုံပါဖုံနဲ့ နတ်အိမ်တောင်ဘက် ခရီးထွက်လာပါတယ်။

ကျနော်၊ ကိုမင်းဇော်ရွှေနဲ့ ကိုသိန်းမြင့်ကျော်တို့ ၃-ဦး ထုံပါဖုံမြို့က မြန်မာရပ်ကွက် (စူ ဗမာ့) ရောက်ရောက်ချင်း တွေ့လိုက်ရသူ ကံပေါက်ဒေသခံတဦးက ရတနာပိုက်လိုင်း လုံခြုံရေးယူပေးနေတဲ့ ဟိန်းဇဲကျွန်းက စစ်တပ်စခန်းမှာ လုပ်အားပေးခိုင်းစေခံရလို့ ထွက်ပြေးလာသူ ဖြစ်နေပါတယ်။

အဲဒီလူနဲ့ အင်တာဗျုးလုပ်ပြီး ကျနော်ပို့လိုက်တဲ့သတင်းကို ABSDF ဗဟို နိုင်ငံခြားရေးဌာနနဲ့ သုတေသနဌာနတို့က မြန်မာ – အင်္ဂလိပ် ၂ ဘာသာနဲ့ ချက်ချင်း သတင်းထုတ်ပြန်ပြီး သတင်းဌာနတွေဆီ ဖြန့်ဝေလိုက်တဲ့အတွက် နောက်တနေ့ထုတ် Bangkok Post နဲ့ The Nation သတင်းစာတွေမှာ ပါလာတာတွေ့ရပါတယ်။

———

ရတနာဓာတ်ငွေ့ပိုက်လိုင်း မြန်မာဖက်ရှိ တိုတယ်ကုမ္ပဏီရုံးကို ၂၀၁၃ ခုနှစ်က မြင်ရစဉ်။ (ဓာတ်ပုံ- ထက်အောင်ကျော်)

(၂) ရတနာဓာတ်ငွေ့ပိုက်လိုင်းကို သဘာဝပတ်ဝန်းကျင်ချစ်သူများက ကန့်ကွက်ခြင်း

လုပ်အားပေးသတင်းနဲ့ ပေါက်သွားတဲ့ ကျနော်ဟာ ရတနာ ဓာတ်ငွေ့ပိုက်လိုင်း သတင်းကို ထဲထဲဝင်ဝင် ဆက်လိုက်ဖို့ ခွန်အားတွေတိုးလာပြီး ထိုင်းကျောင်းသားတွေ၊ ထိုင်း NGO တွေနဲ့အတူ ထုံပါဖုံမြို့နယ် တောနက်ထဲက ပိုက်လိုင်းဆန္ဒပြပွဲ နေရာအထိ ရောက်သွားခဲ့ပါတယ်။

ထုံပါဖုံကနေ နတ်အိမ်တောင်အသွား ကားလမ်းမနေက ချောင်းရိုးလေးအတိုင်း ၅-မိုင်လောက် ဆက်သွားရတဲ့နေရာကို ဟွေးခရိုင်ဒေသလို့ ဒေသခံတွေက ခေါ်ဆိုပြီး အဲဒီတောထဲမှာ စခန်းချ ဦးဆောင် ဆန္ဒပြနေသူကတော့ နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အဆိုတင်သွင်း ခံရတဲ့အထိ လူသိများသူ လူမှုဝေဖန်ရေးဆရာ အာကျန်ဆူလတ် Sulak Sivaraksa ဖြစ်ပါတယ်။

ဒီစီမံကိန်းကြောင့် အဓိက ထိခိုက်ပျက်စီးရတဲ့ နေရာဟာ မြန်မာနိုင်ငံဘက်မှာ ဖြစ်ပေမယ့် အဲဒီကာလတုန်းကတော့ အခုခေတ်လို (၂၀၁၃ ခုနှစ်ဝန်းကျင်ကို ဆိုလို) မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့် မရှိသေးပါ။ ဒါကြောင့်  ထိုင်းဘက်က လူတွေက မြန်မာတွေအတွက်ပါ ဆန္ဒပြပေးနေတဲ့ သဘောဖြစ်ပါတယ်။

“ဒီပိုက်လိုင်း စီမံကိန်းသာ အခုလမ်းကြောင်းအတိုင်း ဖောက်မယ်ဆိုရင် ဒီမှာ ခင်ဗျားတို့ မြင်နေရတဲ့ အေးမြတဲ့ စမ်းချောင်းလေး၊ လှပတဲ့ သစ်ပင်ကြီးတွေအပြင် ဟောဒီလို ရှားပါးလှတဲ့ ရောင်စုံ ဂဏန်းမျိုးစေ့တွေပါ မျိုးသုဉ်း သွားနိုင်ပါတယ်။ တောဆင်ရိုင်းတွေလည်း အများကြီး ဒုက္ခဖြစ်သွား နိုင်ပါတယ်” လို့ အာဂျန် ဆူလတ်က ကျနော်နဲ့ ထိုင်းသတင်းထောက် တွေကို ရှင်းပြပါတယ်။

ရတနာ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် နတ်အိမ်တောင်ရွာအကြောင်းရေးထားတဲ့ ဝင်းထိန်နှင့် ရတ်ချ်ဘချိ တို့ရဲ့ ဆောင်းပါးကို ၁၉၉၉ ခုနှစ်ထုတ် Bangkok Post သတင်းစာမှာ တွေ့ရစဉ်။

ဒီဆန္ဒပြပွဲမှာ လူတွေ ထောင်နဲ့ချီပြီး ပါဝင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ PTT နဲ့ ထိုင်းအစိုးရက အာကျန် ဆူလတ်ကို ဖမ်းဆီးပြီး စီမံကိန်းကို ဆက်လုပ်တဲ့အတွက် ၁၉၉၆၊ ၉၇ မှာ ရတနာပိုက်လိုင်း စီမံကိန်း ပြီးစီးသွားပါတယ်။

ဒီလို ပြီးစီးသွားပေမယ့် ဓာတ်ငွေ့ပိုက်လိုင်းရဲ့ အန္တရာယ်နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်မှု၊ လူ့ အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းကို စီမံကိန်းကာလ ၃-နှစ်လောက်အတွင်း အာကျန်ဆူလတ်နဲ့ အဖွဲ့က ထိုင်းမီဒီယာနဲ့ ထိုင်း လူ့အဖွဲ့အစည်းတွေကို ကောင်းကောင်း သတင်းဖြန့်ဖြူး ပညာပေးနိုင် ခဲ့ပါတယ်။

အဲဒီလို ပညာပေးမှုကို ရလိုက်သူတွေထဲမှာ မျောက်ပစ်မုဆိုးကနေ သတင်းထောက် ဖြစ်လာတဲ့ ကျနော်လည်းပါဝင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး သတင်းအတော်များများကို DVB အတွက် ပို့ပေးခဲ့ဖူးတာ၊ Bangkok Post နဲ့ The Nation သတင်းစာတွေမှာ ရေးသားခဲ့ဖူးတာ၊ ကျနော်ကိုယ်တိုင် သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးသမား ဖြစ်သွားတာကို အမှတ်ရ နေပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၄) >>>>>

ထက်အောင်ကျော်