ညင်းမော်တွင် စစ်ကောင်စီတပ် ထွက်သွား‌ပြီးနောက် အိမ်ဖောက်ထွင်းခံရ

0
3264

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရှာ‌ဖွေခဲ့သည့် စစ်ကောင်စီတပ် ထွက်သွားပြီးနောက် နေအိမ်ဖောက်ထွင်းခံရကြောင်း ဒေသခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေစစ်ဆေးပြီး ညအိပ်နေထိုင်ခဲ့သည်။

ဒီဇင်ဘာလ ၂၄ ရက်မနက်ပိုင်းတွင် ရွာမှထွက်ခွာပြီး ကပ်လျက်ရှိ စစ်ပြဲကျေးရွာသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်ထွက်ခွာသွားသည့် ဒီဇင်ဘာလ ၂၄ရက် ညတွင် ညင်းမော်ရွာက နေအိမ်တစ်ဆောင် ဖောက်ထွင်းခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ညင်းမော်ကျေးရွာ စာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်က ဆေးခန်းကို ဖောက်ထွင်းသွားခြင်းဖြစ်ပြီး ပစ္စည်း အနည်းငယ်သာ ပါသွားခဲ့ကြောင်း ပြောဆိုသည်။

“စစ်တပ်က ဝင်မွှေသွားလို့ ကြောက်နေတာကို အခွင့်ကောင်းယူပြီး ကြားက ဝင်ဆွဲသွားတာဖြစ်မယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အရပ်မောင်းကောင်းကောင်းလူတစ်ဦး ညဘက်နေအိမ်များကို လိုက်ကြည့်နေသည်ကို ဒေသခံအချို့က မြင်သော်လည်း ကြောက်လန့်သဖြင့် တစ်စုံတစ်ရာ ပြောဆိုမှုမရှိခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ညင်းမော်ကျေးရွာ အနေအိမ်အချို့ရှိ ဆန်၊ ဆီ၊ ငါးခြောက်၊ ကြက် စသည့် စားသောက်ဖွယ်ရာများ၊ မိုလ်ဘိုင်းဖုန်း စသည့် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယခုတဖန် ဒေသခံများ ကြောက်ရွံ့နေကြသည်ကို အခွင့်ကောင်းယူကာ ဖောက်ထွင်းခိုးယူသူများ ပေါ်လာသဖြင့် သောက ရောက်နေကြရကြောင်း ဒေသခံအချို့ကဆိုသည်။

“စစ်တပ်ဝင်တော့လည်း စစ်တပ်ကြောက်ရ၊ ထွက်သွားတော့လည်း သူခိုးကြောက်နေရပြန်ပြီ။ အိမ်မှာ ယောင်္ကျားသား မရှိတဲ့သူတွေဆို ပိုပြီးသတိထားနေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ဝင်ရောက်စဉ် ဖမ်းဆီးခံရသူများအနက် လူငယ်အမျိုးသားတစ်ဦးမှလွဲပြီး ကျန်သူများအားလုံးကို ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

စစ်ပြဲကျေးရွာရှိ နေအိမ်အချို့ကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ပြီး အိမ်ရှိပစ္စည်းများကို ယူဆောင်သွားခဲ့သည်ဟု ဒေသခံအချို့က ပြောဆိုကြသည်။