သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၄)

0
3744
ဗိုလ်ချုပ်ကြီး တာမလာဘောအပါဝင် တပ်ပေါင်းစုခေါင်းဆောင်များနှင့်အတူ တွေ့ရတဲ့ ABSDF ဗဟိုခေါင်းဆောင်အချို့။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၃)

အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ)

အခန်း- ၅၄-

(၁) ABSDF ပြန်လည်ပေါင်းစည်းရေး ညီလာခံကျင်းပခြင်း

မြန်မာ့တော်လှန်ရေးသမိုင်းမှာ မကွဲဘူးတဲ့ နိုင်ငံရေးအဖွဲ့အစည်း မရှိသလောက် ရှားတယ်ဆိုတဲ့ စကားနဲ့အညီ ကျနော်တို့ ABSDF ဟာလည်း နယ်စပ်ဒေသ နိုင်ငံရေးအရှိန် အကောင်းဆုံးကာလ ၁၉၉၁ စက်တင်ဘာဝန်းကျင်မှာ စတင်ကွဲပြဲခဲ့ပါတယ်။

အဲဒီလို ကွဲပြဲချိန်ကစပြီး ဗဟို ၂-ခု ပြန်လည်ပေါင်းစည်းရေးအတွက် ကျနော်တို့ မင်းသမီးစခန်း ၂၀၁-တပ်ရင်း ဘက်မလိုက်အဖွဲ့ အပါအဝင် အဖွဲ့အစည်းတချို့၊ ပုဂ္ဂိုလ်တချို့က ကြားဝင် စေ့စပ်ပေးခဲ့ကြပေမယ့် အချိန်မတန်သေးလို့လား မသိပါဘူး၊ ဗဟို ၂-ဘက် ခေါင်းဆောင်ပိုင်းက ပေါင်းစည်းချင်တဲ့လက္ခဏာ မပြခဲ့ပါဘူး။

“အချိန်က စကားပြောလိမ့်မယ်” ဆိုတဲ့စကားကို ဒီနေရာမှာ သုံးသင့်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၉၃-ခုနှစ် ကျနော်တို့ ဘက်မလိုက်အဖွဲ့က ကြားဝင်စေ့စပ်ပေးတုန်းက သိပ်စိတ်ဝင်စားမှုမပြတဲ့ ၂-ဘက် ဗဟိုခေါင်းဆောင်တွေဟာ ၁၉၉၆-မှာ DAB တပ်ပေါင်းစုက ကြားဝင်စေ့စပ်ပေးတဲ့ အချိန်မှာတော့ ပြန်လည်ပေါင်းစည်းရေး အဆိုကို လက်ခံလိုက်ပါတယ်။

ကြားဝင်ညှိနှိုင်းပေးတဲ့ DAB အဖွဲ့ဝင်တွေထဲမှာ KNU က ဗိုလ်ချုပ်ကြီး တာမလာဘော (နောက်ပိုင်း KNU ဥက္ကဋ္ဌဖြစ်လာ) က အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) နဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) က ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

လပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ ညှိနှိုင်းမှုအရ ပြန်လည် ပေါင်းစည်းဖို့ သဘောတူညီချက်ရခဲ့ပြီး ၁၉၉၆ စက်တင်ဘာ ၅-ရက် နေ့မှာ ပေါင်းစည်းရေး ညီလာခံ ကျင်းပမယ်ဆိုတဲ့ဖိတ်စာ ကျနော်တို့ မင်းသမီး စခန်းဆီ ရောက်လာပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ၁၉၈၈ စက်တင်ဘာ စစ်အာဏာ သိမ်းပြီးချိန်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ABSDF ဟာ တပေါင်းတစည်းတည်း ၃-နှစ်ပဲ နေရပြီး အကွဲအပြဲ ကာလနဲ့ ၅-နှစ်ကြာနေပြီးမှ ပြန်လည် ပေါင်းစည်းနိုင်ခဲ့တဲ့သဘော ဖြစ်ပါတယ်။

အဲဒီအချိန်ဟာ မာနယ်ပလောဌာနချုပ် ကျဆုံးပြီးကာစ၊ ကိုနိုင်အောင်တို့ဗဟိုနဲ့ ကိုမိုးသီးဇွန်တို့ဗဟို ၂-ခု စလုံးလည်း တပ်တည်နေရာ အတည်တကျ မထိုင်နိုင်ပဲ ရွှေ့ပြောင်းနေရတဲ့ ကာလဖြစ်ပါတယ်။

————-

ပြန်လည်ပေါင်းစည်းရေးညီလာခံမှာတွေ့ရတဲ့ ဥက္ကဌ မိုးသီးဇွန်နှင့် ဥက္ကဌ ဒေါက်တာနိုင်အောင်။

(၂) ထီးကပလယ် သို့မဟုတ် ပိတောက်မြိုင်စခန်း

နောက်တခါ ဒီလို ပြန်ပေါင်းနိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးသူတွေအထဲမှာ KNU နဲ့ DAB ခေါင်းဆောင်တွေ အဓိကနေရာက ပါနေတဲ့အတွက် ပေါင်းစည်းရေးညီလာခံ ကျင်းပမယ့်နေရာကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ ယာယီရုံးထိုင်နေတဲ့ တပ်မဟာ ၆ ခွင်ထဲက ထီးကပလယ် သို့မဟုတ် ပိတောက်မြိုင်စခန်းကို ရွေးချယ်လိုက်တယ်လို့ ကျနော်ထင်ပါတယ်။

မြန်မာပြည်မြေပုံကို ကြည့်လိုက်မယ်ဆိုရင် မြဝတီနဲ့ ဘုရားသုံးဆူအကြား ထိုင်းနယ်မြေထဲ အချွန်လေးထွက်နေတဲ့ နေရာဟာ ထီးကပလယ် သို့မဟုတ် ပိတောက်မြိုင်စခန်း အခြေစိုက်တဲ့ နေရာဖြစ်ပါတယ်။

တပ်ရင်း အသီးသီးက ကိုယ်စားလှယ်တွေဟာ ၁၉၉၆ စက်တင်ဘာလ ၃ ရက်၊ ၄ ရက်နေ့တွေမှာ ထီးကပလယ်စခန်းဆီ ရောက်လာကြပြီး စက်တင်ဘာ ၅-ရက်နေ့ကနေ ၂၀-ရက်နေ့ အထိ ၁၆-ရက်ကြာ ကျင်းပခဲ့တယ်လို့ မှတ်တန်းတွေမှာ တွေ့ရပါတယ်။

ကျနော် မှတ်မိသလောက်ဆိုရင် ပေါင်းစည်းရေးညီလာခံအတွက် ကျနော်တို့ အမှတ်-၁ တပ်ရင်း မင်းသမီးစခန်း ကိုယ်စားလှယ်တွေအဖြစ် ပါသွားသူတွေကတော့ ဒေါက်တာ နိုင်အောင်တို့ ဗဟိုဘက်မှာ ဥက္ကဋ္ဌ ကိုနိုင်အောင်၊ ဒုဥက္ကဋ္ဌ ကိုကျော်ကျော်၊ အထွေထွေအတွင်းရေးမှူး ကိုမျိုးဝင်း၊ အတွင်းရေးမှူး-၂ ကိုဌေးအောင်၊ ပြန်ကြားရေးဌာနက ကိုခင်မောင်ဝင်း၊ စစ်ရေးဌာနက ကိုကျော်ထင်၊ တောင်ပိုင်း စစ်ဒေသကော်မတီက ကိုသောင်းထွန်း၊ ကိုမင်းအောင်နဲ့ ကျနော်၊ ပြီးတော့ တပ်ရင်းမှူး ချစ်ကိုကိုတို့ ပါဝင်ပါတယ်။

အမရာ၊ ထီးခီး၊ ဖုနန်းလွန်၊ ကန်ချနပူရီ၊ ဘန်ကောက်၊ မဲဆောက်ကနေတဆင့် မယ်ကော့မိုင်ဒေသဆီ ကားအဆင့်ဆင့်စီးပြီး ကျနော်တို့အုပ်စု ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကိုမိုးသီးဇွန်တို့ ဗဟိုဘက်က တပ်ဖွဲ့ဝင်တချို့နဲ့ DAB၊ NDF၊ NCG၊ NLD-LA၊ DPNS စတဲ့ တော်လှန်ရေး အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်အတော်များများ မယ်ကော့မိုင်မှာ ရုံးခန်းတွေ ဖွင့်ထားပြီး KNU တပ်မဟာ ၆-ခွင်ကတဆင့် ပြည်တွင်း လှုပ်ရှားမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ ကာလဖြစ်ပါတယ်။

မယ်ကော့မိုင်ကနေ ထီးကပလယ်ကို ၃၊ ၄ နာရီလောက်ပဲ ကားမောင်းရပြီး ကားလမ်းဘေး သစ်စက်ကြီးတခုဆီ မရောက်ခင် ကျွန်းတောကြီးထဲ ၁၅ မိနစ်လောက် ဝင်သွားတော့ ညီလာခံကျင်းပမယ့် ခန်းမဆောင်နဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေ တည်းရမယ့် ဘားတိုက်တလုံးကို တွေ့ရပါတယ်။

အဆောက်အဦတွေက မာနယ်ပလော ဌာနချုပ်နဲ့ ဘာမှမဆိုင်ပါဘူး။ တော်လှန်ရေး ခေတ်ဦးပိုင်းကာလ အဆောက်အဦတွေလို အင်ဖက်မိုး၊ ဝါးတဲတွေသာ ဖြစ်ပါတယ်။ ကျနော်တို့ အဆောင်ကနေ တောင်ကုန်းလေးပေါ် တက်သွားတော့ ဗိုလ်ချုပ်မြရဲ့ နေအိမ်ကို တွေ့ရပါတယ်။

ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ မာနယ်ပလောက အိမ်ဖြူတော်နဲ့ ဘာမှမဆိုင်ပါဘူး။ ကရင်ရွာတွေမှာ တွေ့ရလေ့ရှိတဲ့ ခပ်ကြီးကြီး ဝါးတဲတလုံးမျှသာ ဖြစ်ပါတယ်။ သူ့အိမ်ဘေးမှာတော့ ဆက်သွယ်ရေးရုံး၊ လုံခြုံရေး ရဲဘော်တချို့ကိုသာ တွေ့ရတဲ့အတွက် ဒါဟာ ဥက္ကဋ္ဌရဲ့ သီးခြားရုံးခန်းဖြစ်ပုံရပြီး ဗဟိုလုံခြုံရေးတပ်နဲ့ တပ်မဟာ-၆ တပ်တွေကတော့ အရှေ့ဘက် ခပ်လှမ်းလှမ်းမှာ ရှိလိမ့်မယ်လို့ ယူဆရပါတယ်။

ကျနော်တို့ ကိုယ်စားလှယ်တွေကတော့ ရှေ့မှာပြောခဲ့တဲ့ ကားလမ်းဘေးက သစ်စက်ရှိရာ၊ ပရိဘောဂ ထုတ်လုပ်ရေး အလုပ်ရုံတွေရှိရာ ရွာငယ်လေးက လက်ဖက်ရည်ဆိုင်လောက်ပဲ ရောက်ဖူးပြီး တခြားနေရာတွေဆီ သွားလေ့လာဖို့ အချိန်မရလိုက်ပါ။

၁၆-ရက်ကြာ ထီးကပလယ်မှာ ကျင်းပခဲ့တဲ့ အဲဒီညီလာခံကာလအတွင်း မိုးကအဆက်မပြတ် ရွာနေတဲ့အတွက် သွားလေရာမှာ ဗွက်ထနေပြီး ဒီဒေသကဗွက်ဟာ တခြားစခန်းတွေက ဗွက်ထက် ပို လမ်းလျှောက်ရ ခက်တယ်လို့ ကျနော်ထင်ပါတယ်။ မြို့ကိုဖြတ်ပြီးလာတဲ့ ကိုယ်စားလှယ်တွေဆိုတော့ စစ်ဖိနပ်လည်းမပါ၊ မိုးရေထဲစီးတဲ့ လည်ရှည်ရော်ဘာဖိနပ်လည်းမပါ၊ မြို့ပေါ်စီးတဲ့ အလှပြညှပ်ဖိနပ်နဲ့ ဆိုတော့ အတော်ဒုက္ခများခဲ့ပါတယ်။

တခါ ညီလာခံကိုယ်စားလှယ်တွေရဲ့ ဘားတိုက်နဲ့ စားဖိုဆောင်ကလည်း အတော်ဝေးတဲ့အတွက် ဗွက်တောထဲ လဲပြိုမှုတွေဖြစ်ခဲ့တာ အမှတ်ရနေပါတယ်။ နောက်တခါ ဘားတိုက်ဘေးက အိမ်သာထဲမှာ ရေတွေပြည့်နေလို့ အိမ်သာတက်တိုင်း အဲဒီရေ ပြန်စင်တဲ့ ဒုက္ခကလည်း အတော်ဆိုးပါတယ်။

တော်လှန်ရေးလုပ်ပါတယ်ဆိုမှ ဒါတွေကို ဂရုစိုက်စရာလားလို့ မေးရင်လည်း ခံရမှာပါပဲ။ အရင် မာနယ်ပလောခေတ်နဲ့ ကွာတာကိုတင်ပြခြင်း၊ ပကတိ အရှိတရားကို တင်ပြလိုခြင်းအဖြစ်သာ မြင်စေလိုပါတယ်။

———–

တောင်ပိုင်းဒေသ အမှတ်-၁ တပ်ရင်းနှင့် အမှတ်-၇ တပ်ရင်းကနေ ညီလာခံလာတက်သော ကိုယ်စားလှယ်များ။

(၃) စစ်ရေးတိုက်ပွဲ အဓိကလား၊ နိုင်ငံရေးတိုက်ပွဲ အဓိကလား

အခင်းအကျင်းဘက်ကနေ သဘောတရားဘက်ကို လှည့်ရမယ်ဆိုရင်တော့ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ကျောင်းသားတွေရဲ့ ငြင်းခုံပွဲကတော့ နှစ်ခြမ်းကွဲလို့ စိတ်ညစ်ပြီး လေသံလျော့သွားတယ်မထင်ပါနဲ့၊ လွန်ခဲ့တဲ့ ၈-နှစ်ကအတိုင်း အားကောင်းမောင်းသန် ငြင်းခုံနိုင်စွမ်း ရှိနေဆဲ ဖြစ်ပါတယ်။

၁၅ ရက်ကြာ ငြင်းခုံမှုအတွင်း ဗဟိုကော်မတီနေရာခွဲဝေမှု ပြဿနာအပြင် စစ်ရေးအဓိကလား၊ နိုင်ငံရေးအဓိကလား ဆိုတဲ့အချက်အတွက်လည်း အချိန်အတော်ကုန်ခဲ့ပါတယ်။ ဒီညီလာခံအကြောင်း မှတ်တမ်းရေးထားသူတဦးရဲ့ အပြောအတိုင်းဆိုရင် ကိုမိုးသီးဇွန်တို့ ဘက်က “စစ်ရေးတိုက်ပွဲအဓိက” လို့တင်ပြပြီး ကိုနိုင်အောင်တို့ဘက်ကတော့ “နိုင်ငံရေး တိုက်ပွဲကို အဓိကထားပြီး စစ်ရေးတိုက်ပွဲနှင့် ပူးတွဲဆောင်ရွက်ရန်” ဆိုပြီး တင်ပြခဲ့တယ်လို့ သိရပါတယ်။ 

ဒီလိုအကြိတ်အနယ် ငြင်းခုန်နေတဲ့ကြားထဲ ကိုမိုးသီးဇွန်တို့ ဗဟိုဘက်က နိုင်ငံခြားရေး တာဝန်ခံ ကိုအောင်နိုင်ဦး (နောက်ပိုင်း စစ်ဗိုလ်ချုပ်များနှင့် စကားပြောခြင်း စာအုပ်ရေးသူ) ဝင်လာပြီး “နိုင်ငံရေးနည်း သက်သက်” ကို ဦးစားပေးလုပ်မှသာ အလုပ်ဖြစ်လိမ့်မယ်လို့ ဆွေးနွေးခဲ့တာကို မှတ်မိနေပါတယ်။

နေ့ဘက်မှာ ဒီလိုငြင်းကြသလို ညဘက် ဘားတိုက် ရောက်တဲ့အခါမှာလည်း အကြောင်းမျိုးစုံကို ကျနော်တို့ကိုယ်စားလှယ်တွေ အလွတ်သဘော ငြင်းခုံလေ့ရှိပါတယ်။ အဲဒီထဲက ကျနော် မှတ်မိနေတဲ့ အချက်တခုကတော့ ၁၀၂-တပ်ရင်းမှူး ကိုမြတ်စိုးခေါ် ပါပါကြီး (နောက်ပိုင်း နော်ဝေမှာ ကွယ်လွန်) ပြောလေ့ရှိတဲ့ ပညာတတ်လူငယ်တွေ ကွန်ပျူတာကိုကျွမ်းလွန်းလို့ ကီးဘုတ်ကို နောက်ပြန်ရိုက်နိုင်တဲ့အကြောင်း၊ ဒါပေမယ့် အဲဒီလူတွေ အတော်များများ တတိယ နိုင်ငံတွေဆီ ထွက်သွားတဲ့အတွက် တော်လှန်ရေးခါးပြတ်နေတဲ့အကြောင်းဖြစ်ပါတယ်။

တညလုံး အဲဒီလို ငြင်းခုံပြီး အိပ်လို့ကောင်းတုန်း မနက် ၄-နာရီလောက်မှာ အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးတတ်တဲ့ ကိုယ်စားလှယ်တဦးကြောင့် အိပ်ရေးပျက်ခဲ့ တာတွေကိုလည်း မှတ်မိနေပါတယ်။ အဲဒီ ကိုယ်စားလှယ်ဟာ ကျနော်တို့ထက် အသက်နည်းနည်း ပိုကြီးတဲ့အပြင် ဘုရာရှိခိုးနေတာဆိုတော့ သွားတားလို့လည်းမကောင်း၊ အသံမထွက်ပဲ ရှိခိုးပါလားဆိုပြီး သွားပြောလို့ကလည်း မသင့်တာနဲ့ သီးခံခဲ့ရတာကို မှတ်မိနေပါတယ်။

ညီလာခံ နောက်ဆုံးနေ့ ထုတ်ပြန်ချက်ထဲမှာတော့ “စစ်အာဏာရှင်စနစ်နှင့် နဝတ-စစ်အုပ်စုကို စစ်ရေးတိုက်ပွဲ အဓိကထား၍ နိုင်ငံရေးတိုက်ပွဲများနှင့် ဟန်ချက်ညီ ပေါင်းစပ် တိုက်ပွဲဝင်သွားကြရန် ဤပေါင်းစည်းရေး ညီလာခံကြီးမှ သံဓိဌာန်ပြုခဲ့သည်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်၊၊

ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို ဘက်ပေါင်းစုံ အကျယ်အပြန့် စစ်မျက်နှာဖြန့် တိုက်ပွဲဆင်သွားနိုင်ရေးအတွက် ဒီမိုကရေစီ အင်အားစုများ၊ တိုင်ရင်းသား အင်အားစုများကို အမျိုးသားနိုင်ငံရေး အင်အားစုကြီးအဖြစ် စုစည်းတိုက်ပွဲဝင်သွားဖို့ တပ်ပေါင်စုမူကိုလည်း ချမှတ်ခဲ့ပါတယ်။

ပြီးတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့ အခွင့်အလမ်းရှိရင် ဖြေရှင်းသွားနိုင်ရေးအတွက် ပြည်တွင်း ငြိမ်ချမ်းရေးဆိုင်ရာ သဘောထားတရပ်ကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ အဲဒီ ကြေငြာချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၅) >>>>>

ထက်အောင်ကျော်