သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၅)

0
4407
မယ်ရယ်စခန်းမှာကျင်းပတဲ့ ၈-လေးလုံးအခမ်းအနားမှာ ဥက္ကဌ ကိုနိုင်အောင် အမှာစကားပြောကြားနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၄)

အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ)

အခန်း-၅၅-

(၁) ပေါင်းစည်းရေးညီလာခံမှ ရွေးချယ်လိုက်သော ဗဟိုကော်မီတီအသစ်

ညီလာခံ နောက်ဆုံးနေ့ ရွေးချယ်တင်မြှောက်ပွဲကနေ တက်လာတဲ့ ဗဟိုကော်မတီ အသစ်ထဲမှာ ကိုနိုင်အောင်က ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်က ဒု-ဥက္ကဋ္ဌ၊ ကိုအောင်သူငြိမ်းက အထွေထွေအတွင်းရေးမှူး၊ ကိုစိုင်းမြင့်သူက အတွင်းရေးမှူး-၁၊ ကိုမျိုးဝင်းက အတွင်းရေးမှူး-၂ ဖြစ်လာပါတယ်။

ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ၈-ဦးကတော့ ကိုဌေးအောင်။ ကိုကျော်ကျော်၊ ကိုဝင်းမင်း၊ ကိုခင်မောင်ဝင်း၊ ကိုအောင်နိုင်ဦး၊ ကိုဝင်းနိုင်ဦး၊ ကိုအောင်နိုင်နဲ့ ကိုအောင်ခိုင်တို့ ဖြစ်ပါတယ်။

ဗဟိုကော်မတီဝင် ၁၇-ဦးကတော့ ကိုကျော်ကိုကိုဝင်း၊ ကိုလွမ်းဏီ၊ ကိုဇော်မင်း၊ ကိုမောင်မောင်တိတ်၊ ကိုကျော်မိုး၊ ကိုဇော်ဝင်းလွင်၊ ကိုဝင်းချို၊ ကိုကျော်ထင်၊ ကိုဆလိုင်းယောအောင်၊ ကိုမောင်ဒီ၊ ကိုရဲလင်းထွန်း၊ ကိုလှဌေး၊ ကိုဆန်နီ၊ ကိုမင်းအောင်၊ ကိုအောင်ထူး၊ ကိုခင်ကျော်နဲ့ ကိုသက်နိုင်တို့ ဖြစ်ပါတယ်။

ပွဲပြီးတဲ့အထိ အရန်ခုံမှာ ထိုင်နေရသူလို့ နောက်ပြောင်ခံခဲ့ရတဲ့ ကျနော်ကတော့ ဒီတကြိမ်မှာလည်း အရန်ဗဟိုကော်မတီကနေ ရှေ့ကို မတက်ပါဘူး။ ကျနော်နဲ့အတူ အရန် ဗဟိုကော်မတီဝင်ဖြစ်လာသူ တခြား ၂-ဦးကတော့ ကိုဘစောထွန်းနဲ့ ကိုသူရိန်တို့ ဖြစ်ပါတယ်။ ဒီညီလာခံဆီ တပ်ရင်းအသီးသီးက ကိုယ်စားလှယ်-၆၀ တက်ရောက်ခဲ့တယ်လို့ ညီလာခံ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညီလာခံပိတ်ပွဲညမှာတော့ ထုံးစံအတိုင်း ဂီတပွဲတွေဆင်နွှဲပြီး “ဆုံးရှုံးခဲ့တဲ့ လူ့အခွင့်ရေးအတွက် တော်လှန်နေ၊ ကျောင်းတော်မြေနဲ့ တမ်းတချစ်သူ ချန်ကာလေ၊ တိုင်တည်ပါတယ် အသက်သွေး စတေးခဲ့ ရဲဘော် သူငယ်ချင်း ရေ …” ဆိုတဲ့သီချင်းကို ဝိုင်းဖွဲ့ သီဆိုကြပါတယ်။

အဲဒီနောက်မှာတော့ “သွေးမုန်တိုင်း” “အရေးကြီးပြီ” “ပျံသာပျံပါ ခွပ်ဒေါင်းနီ” “ဂျက်ဆင်ထိပ်က လရိပ်ပြာ” “အမေ့အိမ်” အပါဝင် တက္ကသိုလ်အလွမ်း၊ အိမ်အလွမ်း သီချင်းတွေဆိုကြတာကို ကျနော် မှတ်မိနေပါတယ်။

ဂစ်တာ အတီးကောင်းတဲ့ ကိုဘစောထွန်း၊ ကိုဝင်းချိုတို့က ဒီပွဲကို ဦးဆောင်တာဖြစ်ပြီး မြန်မာသီချင်းတွေ ဆိုနေရင်းကနေ “Take me Home, Country Road” သီချင်းဆီ ရောက်သွားပါတယ်။ ဒီ ညီလာခံကို သတင်းလာယူကြတဲ့ Bangkok Post သတင်းစာက ရတ်ဘချိုနဲ့ ထိုင်း သတင်းထောက် တွေလည်း ကျနော်တို့ရဲ့ ဂီတဝိုင်းမှာ ဝင်ရောက် အားပေးကြပါတယ်။

အိမ်မပြန်နိုင်သေးတဲ့ တောထဲက တော်လှန်ရေး ကျောင်းသားတွေအကြောင်း “Take me Home, Country Road” ဆိုတဲ့ ခေါင်းစည်းနဲ့ အထူးဆောင်းပါးရှည်တပုဒ် Bangkok Post မှာ ရတ်ဘချို ရေးသားခဲ့တာကို ကျနော် အမှတ်ရနေပါသေးတယ်။

——————

မယ်ရယ်စခန်းအစည်းအဝေးအပြီး ညနေပိုင်း ရေချိုးခါနီးတွေ့ရတဲ့ ဗဟိုကော်မီဝင်များ။

(၂) ကရင်နီ ဒုက္ခသည်စခန်းတခုဆီသို့

ပေါင်းစည်းရေး ညီလာခံကို ထီးကပလယ်ရှိ ဗိုလ်ချုပ်မြ အိမ်ဘေးနားက လွတ်မြောက်နယ်မြေမှာ ကျင်းပနိုင်ခဲ့ပေမယ့်  အဲဒီနောက်ပိုင်းကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးတွေကိုတော့ ဒုက္ခသည်စခန်းဝန်းကျင်မှာသာ လုပ်ခွင့်ရခဲ့တာကို ကျနော်မှတ်မိနေပါတယ်။

တကယ်ကတော့ ပေါင်းစည်းရေးမတိုင်မီ ၁၉၉၅ က ရောင်နီဦးစခန်းမှာ ကျင်းပတဲ့ ကိုနိုင်အောင်တို့ဘက်က စတုတ္ထအကြိမ် ညီလာခံနရာဟာလည်း ဒုက္ခသည်စခန်း ဝန်းကျင်မှာပါပဲ။ အဲဒီညီလာခံ သက်တမ်းအတွင်း ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးတခုကတော့ ကရင်နီနယ်မြေ ထာတမောလဲ စခန်းမှာ ဖြစ်ပါတယ်။

အဲဒီအစည်းဝေးကိုသွားဖို့အတွက် ထိုင်းနိုင်ငံရဲ့  အလှပဆုံးမြို့စာရင်းဝင် တောင်ပေါ်မြို့လေး မယ်ဟောင်ဆောင်ကို ပထမဆုံးအကြိမ် ကျနော် ရောက်ဖူးခဲ့ပါတယ်။ အဲဒီအချိန်ဟာ ဘိန်းဘုရင်ခွန်ဆာ အင်အားကောင်းဆဲ အချိန်ဖြစ်ပြီး မယ်ဟောင်ဆောင်မြို့အထိ သူ့ရဲ့သြဇာက တစုံတရာလွှမ်းမိုးခဲ့ပါတယ်။ (ဘိန်းဘုရင်ခွန်ဆာဟာ ၁၉၉၆ နှောင်းပိုင်းရောက်မှ စစ်အစိုးရထံ လက်နက်ချခဲ့ပါတယ်)

အဲဒီကာလ ABSDF မယ်ဟောင်ဆောင်ရုံးခွဲ- ရုံးစိုက်တဲ့နေရာက မယ်ဟောင်ဆောင် လေယဉ်ကွင်းနဲ့ သိပ်မဝေးတဲ့ တောင်ကုန်းလေးပေါ်က ခြံဝန်းကျယ်ကြီးထဲက လုံးချင်းအိမ် ခပ်သေးသေးလေး။ ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ဒီအခန်းသေးသေးနဲ့ မလုံလောက်တဲ့အတွက် အဲဒီအိမ်ဘေးမှာ ယာယီတဲထိုး၊ စားဖိုဆောင်နဲ့ တည်းခိုဆောင်အဖြစ် တိုးချဲ့ပြင်ဆင်ပေါ့။

ခြံဝန်းက အတော်ကျယ်တဲ့အတွက် လွတ်လွတ်လပ်လပ် နေခွင့်ရထားတဲ့ သဘောလည်း ဖြစ်နေပါတယ်။ မယ်ဟောင်ဆောင်ဈေးထဲ ဝင်လိုက်မယ်ဆိုရင်တော့ ထိုင်းဈေးထဲ ရောက်နေတယ်လို့ မထင်ရပဲ ရှမ်းပြည်က ဈေးတခုခုကို ရောက်နေတယ်လို့ ထင်ရပါတယ်။

တို့ဟူးနွေး အပါအဝင် ရှမ်း အစားအစာတွေ၊ ပလောင်လဖက်တွေ၊ ရှမ်းပြည်က ဝတ်စုံတွေ စသဖြင့် အတော်ကို စုံစုံလင်လင် တွေ့ရပါတယ်။ (မယ်ဟောင်ဆောင်ဈေးမှာ ရှမ်းအစာနဲ့ ရှမ်းစကား၊ မဲဆောက်ဈေးမှာ ကရင်အစာနဲ့ ကရင်စကား၊ စန်ခရပူရီဈေးမှာ မွန်အစာနဲ့ မွန်စကားကို ကောင်းကောင်းစားရ၊ ကြားရနိုင်ပါတယ်)။

အဲဒီဈေးကနေ ဘုရားတောင်ပေါ် တက်လိုက်မယ်ဆိုရင်တော့ သပ္ပာယ်လှတဲ့ စေတီ-ပုထိုးတွေကိုတွေ့ရပြီး အဲဒီကနေ မယ်ဟောင်လေယာဉ်ကွင်းအပါဝင် တမြို့လုံးကို လှမ်းမြင်ရတဲ့ ရှုခင်းက အတော်လှပပါတယ်။

အဲဒီလို လှပတဲ့မြို့ကနေ အစည်းအဝေးကျင်းပမယ့် ဒုက္ခသည်စခန်းဆီအသွား လမ်းပေါ်မှာတွေ့ရတဲ့ အဓိကရွာကြီးတခုက နန်းဆွိုင်ရွာ ဖြစ်ပါတယ်။ အဲဒီခေတ်က မြေနီလမ်းကြမ်း အဆင့်သာ ရှိသေးပေမယ့် အခုတော့ အကောင်းစားကတ္တရာလမ်းကြီး ဖြစ်နေခဲ့ပါပြီ။

အဲဒီရွာကအထွက် ချောင်းလေးကိုကျော်၊ ထိုင်းနယ်ခြားစောင့်ဂိတ်နဲ့ ပဒေါင်လည်ပင်းရှည်ရွာတွေ (နိုင်ငံခြားဧည့်သည်တွေအတွက် ပြခန်းသဘောမျိုးဖွင့်ထားတဲ့ရွာ) ကိုကျော်ပြီး တောထဲ တနာရီနီးပါး ဆက်ဝင်လာတဲ့ အခါမှာတော့ ကျနော်တို့ ABSDF ဗဟိုဌာနချုပ် ရုံးစိုက်ရာ ထာတမော်လဲ ဆိုတဲ့စခန်းကို ကရင်နီဒုက္ခသည် စခန်းအလွန်မှာ တွေ့ ရပါတယ်။

ABSDF အမှတ်-၄ တပ်ရင်းကတော့ အဲဒီအရှေ့ မြန်မာနယ်မြေထဲမှာ အခြေစိုက်ထားတယ်လို့ သိရပေမယ့် ကျနော် မရောက်ဖြစ်ခဲ့ပါ။

—————

၂၀၁၂ ခုနှစ် ဝန်းကျင်က ထုတ်ပြန်တဲ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းပြ မြေပုံတခု။

(၃) မယ်ရယ်စခန်းက ပေါင်းစည်းရေး- ဗဟိုကော်မီတီ ပထမ အကြိမ်အစည်းအဝေး

၁၉၉၆ နှောင်းပိုင်း ထီးကပလယ် ပေါင်းစည်းရေး ညီလာခံအပြီး ပထမ အကြိမ် ဗဟိုကော်မတီ အစည်းဝေးကို ၁၉၉၇- သြဂုတ်လမှာ ကျင်းပတဲ့နေရာကတော့ မယ်စရီးယန်းမြို့ကနေ တောထဲဝင်ရတဲ့ မယ်ရယ်ဒုက္ခသည်စခန်းဝန်းကျင်မှာ ဖြစ်ပါတယ်။ ဒုက္ခသည် စခန်းဝန်းကျင်ဆိုပေမယ့် ထာတမောလဲစခန်းလို ဒုက္ခသည်စခန်းနဲ့ ဆက်နေတာမျိုး မဟုတ်ပဲ ရောင်နီဦးစခန်းလို ဒုက္ခသည်နဲ့ ခပ်ဝေးဝေး သီးခြားနေရာလေး ဖြစ်ပါတယ်။

ချောင်းကြီးတခုကို ကြိုးတံတားနဲ့ ဖြတ်သွားရပြီး အဲဒီမှာ ABSDF ဗဟိုရုံးစိုက်ထားပါတယ်။ ကိုမိုးသီးဇွန်၊ ကိုအောင်သူငြိမ်း၊ ကိုလွဏ်းနီ အပါအဝင် တောင်ပိုင်းကနေ ရောက်လာကြတဲ့ ဗဟိုကော်မီတီဝင် အစုံအလင်ကို တွေ့ရပြီး လူအတော်စုံတဲ့ အစည်းဝေးတခု ဖြစ်ပါတယ်။ (လက်ရှိ ABSDF ဥက္ကဌ ရဲဘော်သံခဲကိုလည်း အဲဒီအစည်းအဝေးမှာ ပထမ ဆုံးအကြိမ် တွေ့ရပါတယ်)။

ဝါးရုံပင်တွေ၊ သစ်ပင်ကြီးတွေအောက်မှာ ဆောက်ထားတဲ့ ရဲဘော်တွေရဲ့ တဲအိမ်တွေမှာ အဝေးကလာတဲ့ ကျနော်တို့ ဗဟိုကော်မတီဝင်တွေ တည်းခိုကြရပါတယ်။ ကျနော်တည်းတဲ့အိမ်က မင်းသမီးခစန်းကနေ ဗဟိုရုံး အဖွဲ့မှူးဖြစ်လာသူ ကိုမြင့်အောင် (အခု နယူးဇီလန်) ရဲ့ တဲအိမ်ဖြစ်ပါတယ်။ တိုက်ဆိုင်ချင်တော့ သူတဲဘေးကအိမ်က DVB သတင်းထောက် ကိုမောင်တူး (အခုထိ DVB မှာတာ ဝန်ထမ်းနေဆဲ) ရဲ့ တဲအိမ်ဖြစ်ပါတယ်။

မယ်ရယ်စခန်း အစည်းဝေးအတွင်း ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေထဲမှာ စစ်ရေးကိုဦးစားပေးပြီး တိုက်ပွဲသတင်းတွေကို ဒေါင်းအိုးဝေမှာ ဆက်တိုက်ဖော်ပြနေလို့ သူတို့ရဲ့ အလှူငွေတွေ ဖြတ်ပစ်မယ်ဆိုပြီး အမေရိကန်အခြေစိုက် အလှူရှင် အဖွဲ့ကြီးတခုက သတိပေးတဲ့ကိစ္စုကို ကျနော် မှတ်မိနေပါတယ်။

နောက်တခါ အစည်းအဝေးကျင်းပတဲ့ အချိန်ဟာ ၈-လေးလုံး ၉-နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက် ၈-လေးလုံး အခမ်းအနားကိုပါ အစည်းအဝေးခန်းမထဲမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ မယ်ရယ် ကျောင်းသားစခန်းကနေ တနာရီလောက် တောဆက်တိုး သွားမယ်ဆိုရင်တော့ မယ်ရယ်ဒုက္ခသည် စခန်းကြီး (အခု မယ်လဥ) ကို ရောက်နိုင်ပါတယ်။

——–

(၄) ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းများ

အဲဒီကာလ ဒုက္ခသည်စခန်း အခြေအနေတွေကို ပြောရမယ်ဆိုရင် မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ကရင်နီဒေသမှာ စခန်း ၁၊ ၂၊ ၃၊ ၄ လို့ အမည်ပေးထားတဲ့ ကရင်နီ ဒုက္ခသည်စခန်း ၄-ခုရှိပါတယ်။

မယ်စရီးယန်း မြို့နယ်ထဲမှာတော့ မယ်ရယ် (နောက်ပိုင်း မယ်လဥ) နဲ့ ဇလား (နောက်ပိုင်း မယ်လမမောင်) လို့ အမည်ပေးထားတဲ့ ကရင်ဒုက္ခသည် စခန်း ၂-ခုရှိပါတယ်။ မဲဆောက် ဝန်းကျင်မှာတော့ မယ်လနဲ့ အုန်းဖြန် ဒုက္ခသည်စခန်း ၂-ခုရှိနေခဲ့ဲပြီး သိပ်မကြာခင်မှာ နိုပိုးဒုက္ခသည်စခန်း ထပ်ပေါ်လာပါတယ်။

ကျနော် အနေများတဲ့ မင်းသမီးဒေသမှာတော့ အရင်က ဘာစခန်းမှမရှိပဲ ၁၉၉၇-ဖေဖော်ဝါရီ ထိုးစစ်အပြီးမှာမှ ကန်ချနပူရီခရိုင်၊ စန်ခရပူရီ မြို့နယ်ထဲမှာ ဘန်းတုံယန်းစခန်းနဲ့ ရတ်ချပူရီခရိုင်၊ စွေဖီးမြို့နယ်ထဲမှာ ထန်ဟင်း ဒုက္ခသည်စခန်းတွေ ပေါ်လာပါတယ်။

TBBC လို့ခေါ်တဲ့ ထိုင်း – မြန်မာနယ်စပ် ကယ်ဆယ်ရေး အဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရဆိုရင် ဒီစခန်း ၁၁-ခုထဲက မူလ မယ်လစခန်းဟာ ၈-လေးလုံး အရေးတော်ပုံ မတိုင်ခင်၊ ကျောင်းသားတွေ နယ်စပ်မရောက်ခင် ၁၉၈၄-ကတည်းက စတင် ပေါ်ပေါက်လာတာလို့ သိရပါတယ်။

၁၉၉၄-နှောင်းပိုင်း မာနယ်ပလောစခန်းကျပြီး နောက်မှာမှ အခု နောက်တိုးစခန်းတွေ ပေါ်လာတာဖြစ်ပါတယ်။

အခုနောက်ဆုံး စာရင်းတွေအရ (၂၀၁၂-ခုနှစ်ဝန်းကျင် အခြေအနေကိုဆိုလို) တရားဝင် ဖွင့်လှစ်ထားတဲ့ စခန်း ၉-ခုရှိနေဆဲဖြစ်ပြီး ဒုက္ခသည် ဦးရေ ၁-သိန်း ၄-သောင်းလောက် ခိုလှုံနေကြတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၆) >>>>>

ထက်အောင်ကျော်