ဖမ်းဆီးခံရသည့် လောင်းလုံးမြို့ခံ ခုနစ်ဦးအနက် နှစ်ဦးပြန်လွတ်

0
2872

လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်က ဖမ်းဆီးခံခဲ့ရသည့် မြို့ခံ ခုနစ်ဦးအနက် နှစ်ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် လောင်လုံး တောင်မိုးတောင် တစ်ကြောတွင် စစ်ကြောင်းထိုးရှာဖွေပြီးနောက် ယင်းနေ့ညတွင် လောင်းလုံးမြို့ခံ ခုနစ်ဦးဖမ်းဆီးခံရခြင်းဖြစ်သည်။

ပြန်လွတ်လာသူများမှာ ဦးဖေသန်းဆိုသူနှင့် ဒေါ်အေးသန်းဆိုသူတို့ဖြစ်ပြီး သုံးရက်ကြာဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာ ၂၅ ရက်နေ့က ပြန်လွတ်လာခြင်းဖြစ်ကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ဒေါ်အေးသန်းကတော့ ပြန်လွတ်လာတယ်။ သူ့တူမကတော့ မလွတ်လာသေးဘူး” ဟု ၎င်းက ဆိုသည်။

လောင်းလုံးမြို့ (ဂ) ရပ်ကွက်နေ အသက် ၂၀ကျော်အရွယ်ရှိ အမျိုးသမီးဖြစ်သူ မလင်းဇာဇာခြည် (ခေါ်) မီးရှမ်းကို ယင်းနေ့က အဒေါ်ဖြစ်သူ ဒေါ်အေးသန်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် Facebook ပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ မလင်းဇာဇာခြည်အား စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းဖြစ်ကြောင့် စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြန်/ဆက် ဦးစီးဌာန Facebook စာမျက်နှာဖြစ်သည့် we love tanintharyi Region တွင် ဒီဇင်ဘာလ ၂၆ ရက်က ရေးသားခဲ့သည်။

ယနေ့အထိ လောင်းလုံးမြို့မရဲစခန်းတွင် မလင်းဇာဇာခြည်၊ မမီးထွေး၊ ဒေါ်ယဉ်နွယ်၊ ဦးမြင့်၊ ဦးအောင်အောင် တို့ ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်ပြီး ၎င်းတို့အား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်ကိုမူ မသိရသေးကြောင်း ဒေသခံများက ပြောသည်။