သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၂)

0
2766
ထိုင်းနယ်စပ် သံပုရာခြံကနေ စခန်းသစ်ဆီ ၁၂ မိုင်ခရီးကို ဆန်သယ်တဲ့ရဲဘော်များ စမ်းချောင်းဘေးမှာ အနားယူနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၁)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၅၂-

(၁) မျောက်သားစားချင်ရင် အလှူရှင်မျက်နှာကိုမကြည့်နဲ့

“မျောက်သားစားချင်ရင် မျောက်မျက်နှာကို မကြည့်နဲ့” ဆိုတဲ့ ဆိုရိုးစကားကို စာဖတ်သူတွေ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် တောထဲမှာ ငတ်ပြတ်နေတဲ့ ကျနော်တို့ ကျိုးဖိုးတွေအဖို့ကတော့ မျောက်မျက်နှာ ကြည့်ရုံတင်မက၊ မျောက်တကောင်လုံးကို အသေချာကြည့်ပြီး စားနေကြသူတွေဆိုတော့ အဲဒီ ဆိုရိုးစကားက မမှန်တော့ပါဘူး။

၁၉၉၄ နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလထဲမှာလို့ ထင်ပါတယ်။ ထောက်ပံ့ရေးတာဝန်နဲ့ ဟွာဟင်ဒေသက စခန်းသစ်ဆီ နိုင်ငံခြားသား NGO ဝန်ထမ်းတဦးကို ကျနော်ခေါ်သွားဖူးပါတယ်။ စခန်းသစ်တည်ဆောက်ကစ ABSDF အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိချင်လို့ဆိုပြီး လိုက်ကြည့်သူကတော့ ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းထဲမှာ ရုံးခန်းဖွင့်ထားတဲ့ နာမည်ကြီး NGO တခုက အသက် ၃၀ ဝန်းကျင်အရွယ် အနောက်တိုင်းသူတဦး ဖြစ်ပါတယ်။

ဘန်ကောက်ကနေ မနက်အစောကြီး သူတို့ရုံးကကားနဲ့ထွက်လာတဲ့အတွက် ဟွာဟင်ကမ်းခြေမြို့ကို မနက် ၁၁ နာရီလောက်ရောက်ပါတယ်။ အဲဒီကနေ ဘန်လာအု ရေတံခွန်ဆီ ၁၂ နာရီ၊ နယ်စပ်က ခေါင်ယိုင် သံပရာခြံရောက်တော့ နေ့လည် ၂ နာရီကျော်ပဲရှိပါသေးတယ်။ ဒါပေမယ့် တောထဲဝင်ဖို့ စကောစကဖြစ်နေတဲ့အတွက် သံပုရာခြံမှာ ညအိပ်လိုက်ပါတယ်။

ငှက်ဖျားပေါလှတဲ့ နယ်စပ်ဒေသဆီ ရောက်လာတဲ့ မရွှေချောက ခြင်ဆေးတွေ၊ ခြင်ထောင်တွေ၊ ရေသန့်ဗူးတွေ၊ လက်နှိပ် ဓာတ်မီးတွေ အစုံအလင်နဲ့ပေါ့။ ဒီလိုနဲ့ နောက်တနေ့ မိုးလင်းတော့ အဲဒီ NGO အမျိုးသမီးရယ်၊ ထိုင်း ကားဆရာရယ်၊ ကျနော်ရယ်၊ နောက် သံပုရာခြံ ဂိုထောင်က ရဲဘော် ၂ ဦးရယ် စခန်းသစ်ဆီ ချီတက်လာကြပါတယ်။

တောကနက်နက်၊ သစ်ပင်ကြီးတွေအောက်က စမ်းချောင်းလေးရဲ့ရေက အေးမြမြဆိုတော့ ဆန်ကီလို ၂၀-လောက်ထမ်းပြီး နေ့စဉ်သွားနေရတဲ့ ရဲဘော်တွေအဖို့ ငိုချင်စရာကြီး ဖြစ်နေပေမယ့် မြို့ပေါ်က အနောက်တိုင်းသူ မရွှေချောအတွက်တော့ စိတ်ကြည်နူးစရာ၊ ပျော်ရွင်စရာကြီး ဖြစ်နေပုံရပါတယ်။

တောတောင် စမ်းရေ သာယာတဲ့အကြောင်း စကားတပြောပြောနဲ့ လျောက်လာလိုက်တာ မောပန်းရမှန်းတောင် မသိပဲ ခရီးတဝက်လောက် ပေါက်လာပါတယ်။ ဒီလိုနဲ့ နေ့လယ် ၁၂-နာရီ ဝန်းကျင်မှာ နေ့လယ်စာ စားဖို့ ထမင်းထုတ်ဖြည်ပါတယ်။

အနီးအနားက ခပ်ကြီးကြီး သစ်ရွက်တွေကိုခူး၊ ချောင်းဘေးနားက ကျောက်တုံးပေါ်မှာ အသေအချာခင်း၊ ပလတ်စတစ်နဲ့ ထုတ်လာတဲ့ ထမင်းတွေကိုဖြည်ပြီး အဲဒီသစ်ရွက်တွေ ပေါ်မှာတင်၊ ဆီရွှဲနေတဲ့ ငါးသေတ္တာဟင်းကို လောင်းပြီး ဇွန်းမပါ၊ လက်ဗလာနဲ့ သုံးဆောင်တော်မူပေါ့။

မရွှေချောကတော့ အသင့်သယ်လာတဲ့ ပလတ်စတစ်ခွက်ထဲ ထမင်းထည့်၊ ပလပ်စတစ် ဇွန်း-ခရင်းနဲ့ပေါ့။ ဒီအထိ ပြဿနာ ကြီးကြီးမားမား မတက်သေးပါဘူး။

“သစ်ရွက်တွေကို ဘာလို့ မလိုအပ်ပဲ လျှောက်ခူးနေတာလဲ၊ ချောင်းရေကို ဒီတိုင်း မသောက်ရဘူး၊ ကြိုချက်ပြီးမှ သောက်ရတယ်လေ” လို့ ပြောပြီး သူ့ရေသန့်ဗူးကို မော့သောက်နေပါတယ်။ ကျနော်တို့ တောထဲက ပုဂ္ဂိုလ်တွေကတော့ သူ့လို ရေသန့်ဗူး ဘယ်သောက်နိုင်မလဲ။

ဒီတော့ ဆီပြန်နေတဲ့ ချောင်းရေကိုပဲ ကြည်အောင် ခဏစောင့်ပြီး လက်ခုပ်နဲ့ ခပ်သောက်၊ ဒီရေထဲမှာပဲ လက်ဆေး၊ လက်မှာ ကပ်ကျန်နေတဲ့ ထမင်းလုံးတွေ၊ အဆီတွေလည်း အဲဒီချောင်းရေထဲမှာ မျောပါပေါ့။ ချောင်းက ရေစီးနေတယ်ဆိုတော့ ဘာမှ မဖြစ်ဘူးလို့ ထင်ခဲ့တာပါပဲ။

ဒါပေမယ့် ကျနော်တို့ အဲဒီလို လုပ်နေတာကို မရွှေချောက အသေအချာကြည့်ပြီး “တောကြီးမျက်မည်းထဲက ဒီလောက် သန့်ပြန့်နေတဲ့ စမ်းချောင်းကို မင်းတို့မို့ ညစ်ပတ်အောင် လုပ်ရက်တယ်” လို့ ပြောပြီး ကျနော်တို့ ပစ်ချခဲ့တဲ့ ထမင်းလုံးတွေကို လိုက်ဆယ်၊ ပလတ်စတစ်စ တွေကိုလိုက်သိမ်း လုပ်နေပါတယ်။

ဒီတော့ ကျနော်လည်း မနေသာပဲ လိုက်ကူရတာပေါ့။ “ဒီတောကြီးမျက်မည်းထဲမှာ ဘယ်ရဲက လာစစ်မှာမို့လဲကွာ” ဆိုပြီး သူနားမလည်နိုင်တဲ့ ထားဝယ်စကားနဲ့ ကျနော်တို့ အချင်းချင်း ပြောပြီး ရယ်လိုက်ပါသေးတယ်။

———————–

ABSDF ကျောင်းသားတွေ ပါဝင်ဖွဲ့စည်းခဲ့ဖူးတဲ့ Green November 32 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို တွေ့ရစဉ်။

(၂) သူပုန်စစ်သားနှင့် NGO ဝန်ထမ်းတို့၏ တောရိုင်းသတ္တဝါတွေအပေါ် သဘောထား

အဲဒီကနေ ခရီးဆက်ပြီး စခန်းသစ်ရောက်မှ သူဟာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမား၊ အထူးသဖြင့် တောရိုင်းတိရစ္ဆာန်တွေကို အထူးအလေးထားတဲ့ သူမှန်း သိလိုက်ရပါတယ်။

သိလိုက်ရပုံကလဲ ကြည့်ပါဦး။ နိုင်ငံခြားသူ လှပျိုဖြူ အလှူရှင်ကို အထူးဧည့်သည်အဖြစ် ရှားပါးအသားနဲ့ ဧည့်ခံလိုက်ရာကနေ တောင်းပန်လို့ မရတော့တဲ့ ပြဿနာကြီး ဖြစ်ခဲ့တာမျိုးပါ။

မောမောပန်းပန်းနဲ့ ရောက်လာတဲ့ ကျနော်တို့ကို ရဲဘော်တွေ ဧည့်ခံကျွေးမွေးတဲ့ အသားဟင်းက မျောက်သား ဖြစ်နေပါတယ်။ အသားမစားရတာ ကြာပြီဖြစ်တဲ့ ကျနော့်အတွက် အိုကေ-ပေမယ့် NGO မယ်တော်အတွက်ကတော့ “မျောက်ဆိုတာ တောရိုင်းသတ္တဝါပဲ၊ တောရိုင်းသတ္တဝါကို ထိမ်းသိမ်းကာကွယ်ရမယ်ဆိုတာ မင်းတို့ မသိဘူးလား” လို့ အော်ပြောပြီး ငိုတော့မလိုဖြစ်နေလို့ မနည်းဖြေရှင်းတောင်းပန်ရပါတယ်။

ကျနော်က အဲဒီလို တောင်းပန်နေပေမယ့် ရဲဘော်တွေက သဘောမပေါက်။ “မျောက်သား မစားစေချင်ရင် သူတို့ NGO က အသား၊ ငါးတွေ များများလှူထားပေါ့ဗျာ။ ငါးပိလောက်ပဲ လှူပြီး မျောက်ပစ်စားတာကို အပြစ်တင်နေလို့ ဘယ်ဖြစ်မလဲ” ဆိုပြီး ရဲဘော်တဦးက ဝင်ပြောပါတယ်။

နောက်ထပ် ရဲဘော်တဦးကလည်း “ဟုတ်တာပဲ၊ တခြားစားစရာ ရှိနေရင် ကျည်ဆံအကုန်ခံ၊ ပင်ပန်းခံပြီး ကျနော်တို့ ဘယ် မျောက်ပစ်စားနေမလဲ” ဆိုပြီး ဝင်ထောက်ပါတယ်။ ကျနော်ဟာ အဲဒီအချိန်အထိ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်တွေအပေါ် အနောက်တိုင်း သားတွေ၊ အထူးသဖြင့် လူသားချင်းစာနာရေး အကူအညီပေးနေတဲ့ NGO ဝန်ထမ်းတွေ ဘယ်လောက်အထိ အလေးထားမှန်း နားမလည်သေးပါ။

ရှေ့က ရဲဘော် ၂-ဦးအမြင်နဲ့ ကျနော့်အမြင် အတူတူ ဖြစ်နေတဲ့အတွက် အဲဒီ စကားကိုပဲ ထောက်ခံ ဆွေးနွေးလိုက်မိ ပါတယ်။ အဲဒီတော့ မရွှေချောက ငိုသံနဲ့အပြစ်တင်၊ ကျနော်တို့က ဝိုင်းရယ်ပေါ့။

————–

တောတောင်ထူထပ်လှတဲ့ စခန်းသစ်နေရာကို နယ်စပ်တောင်ကျော်ပေါ်ကနေ မြင်ရစဉ်။

(၃)  မျောက်ပစ်မုဆိုးများ ဒဏ်ခတ်ခံရခြင်း

အဲဒီထက် ပိုဆိုးတာက နောက်တနေ့မနက် အိပ်ယာနိုင်းချိန်၊ မနက်စောစော နေထွက်စ၊ မျောက်မြူးချိန်မှာ မျောက်ပစ်နေကြ ထုံးစံအတိုင်း စခန်းဝန်းကျင်ရှိ သစ်ပင်ကြီးတွေပေါ်က မျောက်တွေကို ရဲဘော်တွေလိုက်ပစ်တဲ့ သေနတ်သံကြားပြီး ကျနော်တို့ နိုးလာပါတယ်။

အဲဒီနောက် သေနတ်ဒဏ်ရာနဲ့ သွေးတွေစွန်းနေတဲ့ မျောက်တွေကိုသယ်လာတာ၊ အချို့မျောက်တွေဆိုရင် အမြီးကိုခေါင်းမှာချည်ပြီး တုတ်တန်းနဲ့ စလွယ်သိုင်း သယ်လာတာတွေကို မရွှေချောက ထပ်မြင်သွား ပြန်ပါတယ်။

ဒီတကြိမ်မှာတော့ NGO မရွှေချောကို ဘယ်လိုမှ ရှင်းပြတောင်းပန်လို့ မရတော့ပဲ ငိုတော့တာပါပဲ။ ဒါပေမယ့် ကျနော်က သူ့ခံစားချက်ကို အဲဒီအချိန်အထိ နားကိုမလည်နိုင်ပါဘူး။ အဲဒီကိစ္စဟာ ဒီလောက်အထိဖြစ်စရာလားလို့ပဲ တွေးနေဆဲပါ။

ဒီလိုနဲ့ လာရင်းကိစ္စဖြစ်တဲ့ စခန်းသစ်က လူဦးရေစာရင်း၊ လိုအပ်တဲ့ ရိက္ခာစာရင်း၊ ဆေးဝါးစာရင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မျိုးစေ့၊ ပေါက်တူး စသဖြင့် ပစ္စည်းတွေ၊ စာရင်းဇယား ကိစ္စတွေကို ရှင်းလင်းပြောပြပြီး စခန်းကနေ ခေါင်ယိုင်ကို ပြန်ထွက်လာခဲ့ပါတယ်။

ခေါင်ယိုင်ကနေ ဘန်ကောက် ပြန်တက်တဲ့ အခါမှာတော့ ကျနော်ဟာ ဘန်ကောက်အထိ မလိုက်တော့ပဲ ရတ်ချပူရီမှာဆင်းပြီး မင်းသမီးစခန်းဆီ ပြန်ဝင်လာ ခဲ့ပါတယ်။ စခန်းသစ်က မျောက်ကိစ္စဟာလည်း ဒီမှာပဲ တစခန်း ရပ်သွားပြီလို့ ထင်ခဲ့တာပါ။

ဒါပေမယ့် NGO မရွှေချောက ကျနော်တို့ မျောက်ပစ်သမားတွေကို အတော် စိတ်နာသွားပုံ ရပါတယ်။ ကျနော် မင်းသမီး စခန်းဆီရောက်ပြီး သီတင်း တပတ်တောင် မကြာပါဘူး၊ ဗဟိုကနေ သတိပေး ကြေးနန်း ဝင်လာပါတယ်။

“စခန်းသစ်ဘက်က ရဲဘော်တွေ၊ ရှားပါး တောရိုင်းတိရစ္ဆာန်တွေကို ပစ်သတ်နေတာ အမြန်ဆုံး ရပ်တန့်ဖို့ … NGO အဖွဲ့က သတိပေး လာပါတယ်။ တကယ်လို့အချိန်မီ မရပ်ဘူးဆိုရင် သူတို့အဖွဲ့ရဲ့ အလှူငွေတွေ ရပ်ကောင်းရပ်ရလိမ့်မယ်လို့ ပြောလာတဲ့အတွက် အဲဒီကိစ္စကို တောင်ပိုင်း ဗလဖ-ကော်မတီက အလေးအနက်ထား ဆက်လက် ဆောင်ရွက်ရန် ညွှန်ကြား” လို့ အဲဒီကြေးနန်းစာထဲမှာ ပါရှိတာကို ကျနော် အမှတ်ရ နေပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၃) >>>>>

ထက်အောင်ကျော်