မြိတ်ကျွန်းခရီးစဉ် သုံးလအတွင်း လာရောက်လည်ပတ်သူ ငါးရာကျော်ရှိဟုဆို

0
3607
ဓါတ်ပုံ - Ko Moe Zaw

မြိတ်ကျွန်းခရီးစဉ် သုံးလအတွင်း လာရောက်လည်ပတ်သူ အနည်းဆုံးငါးရာကျော်ရှိကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

ယခုနှစ် ပွင့်လင်းရာသီ အောက်တိုဘာလမှ ဒီဇင်ဘာ၂၃ ရက်နေ့အထိ မြိတ်မြို့သို့ ခရီးသွားပြည်သူ ရှစ်ရာကျော် လာရောက်ခဲ့ပြီး ယင်းအနက်ကျွန်းခရီးစဉ်သို့ လာရောက်လည်ပတ်သူ ငါးရာကျော်ရှိကြောင်း ခရီးသွားကုမ္ပဏီအချို့၏ မှတ်တမ်းများ အရ သိရသည်။

ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် မတ်လကစတင် ရပ်နားလိုက်ပြီး ၂နှစ်နီးပါးအကြာ ရှိလာသည့် ယခုနှစ် ပွင့်လင်းရာသီတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်လာခြင်းဖြစ်သည်။

“ပုံမှန်ဆိုရင်တော့ ဒီထက်သုံးဆလောက် ပိုလာကြတာပေါ့။ ဈေးနှုန်းတွေက ကြီးမြင့်နေတယ်ဆိုတော့ သာမန်လူတွေထက် သုံးနိုင်ဖြုန်းနိုင်သူတွေပဲ အဓိကလာကြတာပေါ့” ဟု မြိတ်ကမ်းနားလမ်းရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

အာဏာမသိမ်းမီက ကျွန်းသုံးကျွန်းသွားသည့် ခရီးစဉ်အတွင်း ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းနှစ်သောင်း ကုန်ကျခဲ့ရာမှ လက်ရှိတွင် ကျပ်နှစ်သိန်းနှစ်သောင်းအထိ ရှိလာသည်ဟု ခရီးသွားကုမ္ပဏီအချို့ထံမှ သိရသည်။

ယင်းသို့လာရောက်ကြသူများတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတို့က အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က လာရောက်သူ အနည်းဆုံးဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိတွင် ခရီးသည်များ ဝင်ရောက်မှု ရှိလာသော်လည်း ကိုဗစ်မတိုင်မီ ကာလနှင့် နှိုင်းယှဉ်လျှင် နည်းပါး နေသေးကြောင်း ခရီးသွားကုမ္ပဏီ နောက်တစ်ခုမှ တာဝန်ရှိသူက ဆိုသည်။

“ကိုဗစ်အလွန်ကာလမှာ ခရီးသည်နည်းနည်းပြန်ဝင်လာတဲ့ သဘောပဲ။ အရင်ကနဲ့ စာရင်တော့ သုံးချိုးတစ်ချိုးတောင် မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

ခရီးသည် အများဆုံးသွားကြသည့် ကျွန်းခရီးစဉ်များမှာ ကျောက်စရစ်ကျွန်း (ခေါ်) စမတ်ကျွန်း၊ ဒုံးညောင်မှိုင်းကျွန်း (ဆလုံရွာ) ၊ ဒုံးရေတံခွန်ကျွန်း ခရီစဉ်နှင့် စမတ်ကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်းစသည့် ခရီးစဉ်ကို အများဆုံး သွားကြကြောင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီတာဝန်ရှိသူတို့က ဆိုသည်။

“ကျန်တဲ့ကျွန်းတွေက သွားသူနည်းတယ်။ ဒေသတွင်းနေထိုင်သူတွေပဲ သွားကြတာများတယ်” ဟု မြိတ်ကမ်းနား လမ်းရှိ ခရီးသွားကုမ္ပဏီတစ်ခု၏ လုပ်ငန်းရှင်က ပြောသည်။

စမတ်ကျွန်း၊ ဒုံးရေတံခွန်နှင့် ဒုံးညောင်မှိုင်း (ဆလုံရွာ) ခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ကျပ်နှစ်သိန်းကျော် ကုန်ကျပြီး စမတ်ကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်းများသို့ သွားရောက်လျှင် ကျပ်သုံးသိန်းနီးပါး ကုန်ကျမည် ဖြစ်ကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ ကျောက်စရစ်ကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဒုံးရေတံခွန်ကျွန်း၊ ဒုံးညောင်မှိုင်းကျွန်း၊ ဒုံးပုလဲအော်ကျွန်း၊ သမီးလှကျွန်း၊ နတ်သမီးရေတွင်းကျွန်း၊ လေးကျွန်းနှင့် မင်းသားကျွန်း စသည့်နေရာများသို့ နေ့ချင်းပြန်ခရီးအဖြစ် သွားရောက်ကြသူများရှိသလို ညအိပ်နေ့နေ ခရီးစဉ်အဖြစ်လည်း လည်ပတ်နေကြသည်။

ခရီးသွားပြည်သူအများစုသည် လေကြောင်းခရီးဖြင့် လာသူများပြီး ကားလမ်းမှ လာသူမရှိသလောက်နည်းပါးကြောင်း ခရီးသွားကုမ္ပဏီအချို့ထံမှ သိရသည်။

ကုန်းလမ်းခရီး အန္တရာယ်ကင်းမည်ဆိုလျှင် ခရီးသွား လာရောက်မှု ယခုထက် ပိုမိုများပြားမည်ဟု မျှော်လင့်ကြောင်း ခရီးသွားကုမ္ပဏီ လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။

မြိတ်မြို့တွင် ခရီးသွားဝန်ဆောင်မှုအေဂျင်စီ ၄၀ ဝန်းကျင်ရှိပြီး စပိဘုတ်သင်္ဘောကိုယ်ပိုင်ရှိသည့် ကုမ္ပဏီ တစ်ဆယ်ကျော်ရှိသည်။