သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၆)

0
2621
စာရေးသူနှင့် ဗဟိုအတွင်းရေးမှူး ရဲဘော်မျိုးဝင်းအပါဝင် ရဟန်းဝတ်ထားတဲ့ တပ်ဖွဲ့ဝင် ၂၄ ဦးကို တွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၅)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၄၆-

(၁) သူပုန်တွေ ဥပုသ်စောင့်ခြင်း

ပညာရေးအကြောင်းကနေ ဘာသာရေးဖက်ကို ဆက်ပြောရမယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်သူပုန်တွေ တောထဲမှာ ရဟန်းခံရှင်ပြုပွဲ အကြီးအကျယ်လုပ်ပြီး လနဲ့ချီ တရားထိုင်နေကြတယ်ဆိုရင် စာဖတ်ပရိသတ် ယုံပါ့မလားပဲ။

ရှေ့ပိုင်းအခန်းတခုမှာ ကျနော်တင်ပြခဲ့ဖူးတဲ့အတိုင်း မောင်တော်စခန်းကနေ အမရာစခန်းဆီ ပြောင်းလာကတည်းက အဲဒီမှာ ဘုန်းကြီးကျောင်းဟောင်း တဆောင်ရှိနေပါတယ်။ သစ်တိုင်၊ ဝါးကြမ်းခင်း၊ ဝါးပြားမိုး (ကြားခတ်ဝါးလုံးကို ၂ ခြမ်းခွဲ၊ အတွင်းက အဆစ်တွေကို ထွင်ပြီး ပက်လက်တခြမ်း၊ မှောက်ခုံတခြမ်းနဲ့ စနစ်တကျမိုးထားတာဟာ အတော်ထူးခြားပါတယ်) ပေ-၂၀၊ ၁၂-ပေ ပတ်လည်လောက်ရှိတဲ့ ဒီကျောင်းဟာ ကျနော်တို့စခန်းမှာ ရှိသမျှအဆောက်ဦတွေထဲ အကောင်းဆုံးဖြစ်ပါတယ်။

ဒါပေမယ့် ခက်တာက ဘုန်းကြီးကျောင်းပဲရှိပြီး ဘုန်းကြီးမရှိတဲ့ ဒုက္ခပါ။ ဒီနေရာမှာလည်း ရှေ့မှာပြောခဲ့တဲ့အတိုင်း သက်ကြီးဝါကြီး ပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာဦးဟန်လင်းကပဲ ဦးဆောင်ပြီး “ဓမ္မစင်္ကြာအသင်း” ကို ဖွဲ့စည်းကာ ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဓမ္မစင်္ကြာရွတ်ကြပါတယ်။

အသင်းဝင်အများစုဟာ ရဲမေတွေဖြစ်ကြပေမယ့် ရဲဘော်အတော်များများလည်း ဘာသာရေးကို စိတ်ဝင်စားတာ တွေ့ရပါတယ်။ ဒီလို ဓမ္မာစင်္ကြာရွတ်တဲ့အပြင် သာရေး၊ နာရေး အခမ်းအနားတွေကိုလည်း ဒီကျောင်းမှာပဲ ကျင်းပကြပါတယ်။

အဲဒီအခမ်းနားတွေထဲက လူသိများတဲ့ အဖြစ်အပျက်တခုကတော့ ပထမဆုံး မင်္ဂလာဆောင်တဲ့ အတွဲတတွဲ ဒီကျောင်းပေါ်မှာ မင်္ဂလာပွဲကျင်းပနေစဉ် တက်ရောက်အားပေးတဲ့ ပရိတ်သတ်များလွန်းလို့ ဘုန်းကြီးကျောင်း ဝါးကြမ်းခင်းပြိုကျခဲ့တဲ့ ဖြစ်စဉ်ပါ။ အဲဒီနောက်ပိုင်းမှာတော့ ဝါးလုံးတွေနေရာမှာ သစ်လုံးတွေနဲ့ အစားထိုးပြီး ဘုန်းကြီးကျောင်းကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

………………………..

ရဟန်းဝတ်ဖို့ သိမ်မရှိတဲ့အတွက် သစ်သားထွင်းလှေကို သိမ်အဖြစ် အသုံးပြုနေစဉ်။

(၂)  တော်လှန်ရေးမှာ ဘုန်ကြီးကျောင်းရှိဖို့ လိုအပ်သလား

ဒီလို သာရေးကိစ္စမှာ ဘုန်းကြီးမရှိလို့ သိပ်ပြဿနာမရှိပေမယ့် နာရေးကိစ္စမှာတော့ ဘုန်းကြီးမရှိရင် အတော်အခက်ခဲရှိပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၉၁ ဒီဇင်ဘာလအစောပိုင်း တပ်ရင်း ၃-ခြမ်းမကွဲမီလေးမှာ ငှက်ဖျားရောဂါနဲ့ အမရာစခန်းမှာ ပထမဆုံး ကွယ်လွန်သွားတဲ့ ကိုအောင်ဆန်း အသုဘချချိန်အထိ သရဏဂုံတင်ဖို့အတွက် ဒီကျောင်းမှာ ဘုန်းကြီး မရှိသေးပါဘူး။

နောက်ပိုင်းမှာတော့ သာရေးနာရေး ကိစ္စတွေအတွက် ဘုန်းကြီးမရှိရင် မဖြစ်ဘူးဆိုပြီး အသက်ခပ်ကြီးကြီး ဆံပင်ဖြူဖြူ ဦးရှိန်ကို ထိုင်းနယ်စပ်က ထိုင်း-ကရင် ဘုန်းကြီးကျောင်းဆီပို့ပြီး ရဟန်းဝတ်ခိုင်းခဲ့ပါတယ်။ သူလူထွက်ပြီး နောက်ပိုင်းမှာတော့ လူငယ်ထဲက ကိုသန်းဇော် (အခု အမေရိကန်) ရဟန်းဝတ်ပြီး ဦးဇင်းသန်းဇော်အဖြစ် လူသိများခဲ့ပါတယ်။ သူဟာ မင်းသမီးစခန်းကျတဲ့ ၁၉၉၇ ဝန်းကျင်အထိ ကျောင်းထိုင်ဆရာတော်အဖြစ် တာဝန်ယူပေးခဲ့ပါတယ်။

တော်လှန်ရေးသက်တမ်း ကြာလာတာနဲ့အမျှ ရှေ့မှာပြောခဲ့တဲ့ ပျိုးပန်းဝေလို စာသင်ကျောင်းတွေ လိုအပ်လာသလို အသက် ၇-နှစ်၊ ၈-နှစ်ကလေးငယ်တွေကို ရှင်ပြုပေးချင်တဲ့မိဘတွေလည်း အတော်များ လာပါတယ်။ တခါ ကျနော်အပါဝင် အသက် ၂၀-ဝန်းကျင်မှာ တောခိုလာတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်ကလည်း ရဟန်းဝတ်ချင်စိတ်တွေ ပေါ်ပေါက်လာပါတယ်။

ဘာကြောင့် ရဟန်းဝတ်ဖို့ လိုအပ်သလဲဆိုတာကို ဘာသာရေးသဘောအရ ကျနော် သိပ်နားမလည်ပေမယ့် အသက် ၁၀-နှစ်ဝန်းကျင်မှာ ကိုယ်ရင်ဝတ်ကြပြီး အသက် ၂၀-ကျော်ရင် ရဟန်းဝတ်ကြတာဟာ မြန်မာနိုင်ငံမှာ မြင်နေရတဲ့ ရိုးရာဓလေ့တခု ဖြစ်ပါတယ်။

ဒါကြောင့် အသက် ၂၀ ကျော်ကာစ၊ တက္ကသိုလ်က ကျောင်းပြီးတာနဲ့ ရဟန်းဝတ်ပေးမယ်လို့ မိဘက ပြောထားချိန်။ ကျောင်းပြီးဖို့ လပိုင်းအလိုမှာ တောခိုလာတဲ့ ကျနော်ဟာ မိဘဆန္ဒပြည့်အောင်လို့ ရဟန်းဝတ်ချင်တာလည်း ဖြစ်နိုင်ပါတယ်။ ကျန်တဲ့ရဲဘော်တွေလည်း ကျနော်လိုပဲ ဖြစ်ဖို့များပါတယ်။

ဒီအတွက် နယ်စပ် ဖုနန်းလွန်ကျေးရွာရှိ ထိုင်း-ကရင် ကျောင်းက ကျောင်းထိုင်ဆရာတော်၊ တခါ ဘန်းချောင်းဒေသရှိ သပြုချောင်းကျေးရွာက ကျောင်းထိုင်ဆရာတော်၊ နောက်တခြားဒေသက ကျောင်းထိုင်ဆရာတော် ၃-ပါးကို ပင့်ဖိတ်ပြီး ကျနော်တို့စခန်းမှာ ရဟန်းခံပွဲတွေ၊ ရှင်ပြုပွဲတွေ နှစ်စဉ်လိုလို ကျင်းပခဲ့ကြပါတယ်။

ရှင်ပြုပွဲကို ခပ်ကျဉ်းကျဉ်းနဲ့ လုပ်လို့ရပေမယ့် ရဟန်းခံပွဲအတွက်တော့ သိမ် မရှိမဖြစ် လိုအပ်လာပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် ပထမဆုံးအကြိမ် ရဟန်းခံ သိမ်တက်ပွဲကို စခန်းပိုင်စက်လှေကို ရေသိမ်အဖြစ် အသုံးပြုပြီး အဲဒီလှေပေါ်မှာ ဥပဇ္ဈယ်ဆရာအပါဝင် သံဃာတော် ၃ ပါးနဲ့ ရဟန်းလောင်းတို့ နေရာယူပြီး အကျဉ်းရုံးလုပ်လိုက်ပါတယ်။

အမရာစခန်းကို ကျောင်းသားတွေရောက်စဉ်ကတည်းက ရှိနေတဲ့ ကုက္ကူပင်ဘေးက ဘုန်းကြီးကျောင်းဟောင်း

…………………………………………

(၃) တောတွင်းက ရဟန်းခံရှင်ပြုပွဲ

ဒုတိယအကြိမ်မှာတော့ တိုင်ကီပုံးတွေနဲ့ ဝါးဖောင်အသေချာလုပ်ပြီး ရေသိမ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီရေသိမ်ပေါ် ဘုန်းကြီးတွေတက်ရ ဆင်းရလွယ်အောင်ဆိုပြီး ကမ်းနားဖက် နေရာရွှေ့ရင်းနဲ့ ကြိုးပြတ်ပြီး ဝါးဖောင်မျောသွားတဲ့အတွက် မနည်းလိုက်ဆယ်ခဲ့ရဖူးတာကိုလည်း အမှတ်ရနေပါတယ်။

ကျနော်အပါဝင် ဦးဟန်လင်း၊ ဗဟိုအတွင်းရေးမှုး ကိုမျိုးဝင်းပါ ပါဝင်တဲ့ စုစုပေါင်း ရဲဘော် ၂၄-ဦး ရဟန်းဝတ်တဲ့ပွဲကတော့ မင်းသမီးစခန်းမှာ ကျင်းပခဲ့သမျှ ပွဲတွေထဲမှာ အကြီးကျယ်ဆုံးလို့ ပြောနိုင်ပြီး ၁၉၉၅ အောက်တိုဘာလမှာ ကျင်းပတာဖြစ်ပါတယ်။

ကျနော့်လိုပဲ မြန်မာနိုင်ငံမှာတုန်းက ရဟန်းမဝတ်ရသေးသူ အများကြီးရှိပုံရပါတယ်။ တပ်ရင်း ၃-ခုပေါင်းက ရဟန်းဝတ်ချင်သူ ၅၀-လောက် စာရင်းပေးပေမယ့် ဘဏ္ဍာရေးအခြေနေ၊ နေရာထိုင်ခင်း အခြေအနေ၊ တာဝန်ခွဲဝေမှု အခြေအနေ၊ လုံခြုံရေး အခြေအနေတွေအရ အားလုံးတပြိုင်တည်း ဝတ်လို့မဖြစ်။

ဒီတော့ ၂၄ ဦးပဲရမယ်လို့ သတ်မှတ်ပြီး ဒုလ္လဘမဲ နိုက်ကြရပါတယ်။ ကံကောင်းလေ့ မရှိတဲ့ကျနော်ဟာ ကိုယ်တိုင်မဲ မပေါက်ပဲ မဲပေါက်တဲ့ ရဲဘော်တဦးက သူမဲကို ပြန်လှူတဲ့အတွက် အခုလို ရဟန်းဝတ်ခွင့် ရလိုက်တာ ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းသစ်ဘေးနားရှိ ဆွမ်းစားဆောင်က အလှူပွဲတခုအပြီး အားပေးနေသော ရဲဘော်များကိုတွေ့ရစဉ်။

စုပေါင်းဘုံကထိန်ပွဲနဲ့ သင်္ကန်းတွေအတွက် ကုန်ကျငွေတွေကို ရှေ့တန်းအသီးသီးက စေတနာရှင်တွေ၊ ထိုင်းနိုင်ရောက် ကျောင်းသားဟောင်းတွေ၊ နိုင်ငံခြားက မြန်မာအလှူရှင်တွေအပြင် ဂျပန်မိတ်တွေဖြစ်တဲ့ ကင် (Ken) နဲ့ ဝိသာခါ ကာဝါဆကီ (Visakha Kawasaki) တို့ကလည်း ကူညီပေးခဲ့ကြတယ်လို့ ကျနော် အမှတ်ရနေပါတယ်။

အဲဒီအချိန်မှာတပ်ရင်း ၃-ခုပေါင်းထားပြီး ကာလဖြစ်တဲ့အပြင် ဘုန်းကြီးကျောင်းကိုလည်း စခန်းနောက်ကျော၊ အာဇာနည်ကုန်းအနီးက တောင်ကျောပေါ် ရွှေ့ပြောင်းထားပြီးကာစ၊ သစ်တိုင်၊ သွပ်မိုး၊ သစ်ကာ ၂ ထပ်ကျောင်းဆောင်ကြီးအဖြစ် သားသားနားနား အသစ်ဆောက်လုပ်နေတဲ့ ကာလဖြစ်ပါတယ်။

KNU ကျောင်းသားရေးရာ တာဝန်ခံ ပဒိုမန်းငြိမ်းမောင် အပါအဝင် ဗုဒ္ခဘာသာကို စိတ်ဝင်စားတဲ့ KNU ကျေးရွာတွေက ပုဂ္ဂိုလ်တွေ၊ အမရာကျေးရွာက ပုဂ္ဂိုလ်တွေ၊ တနင်္သာရီ မြစ်ရိုးတလျှောက် ကျေးရွာတွေက ပုဂ္ဂိုလ်တွေ ဒီပွဲကို လာနွှဲကြပါတယ်။

တခါ နယ်စပ်ဖုနန်းလွန် ကျေးရွာရှိ ထိုင်း-ကရင် ကျောင်းထိုင်ဆရာတော်ရဲ့ စည်းရုံးမှုကြောင့် ထိုင်းနိုင်ငံသား အတော်များများလည်း ကျနော်တို့ရဲ့ ရဟန်းခံပွဲဆီ လာရောက်အားပေးတဲ့အတွက် အတော်စည်းကားခဲ့တာကို အမှတ်ရနေပါတယ်။

နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံဘက်က အလှူရှင်တွေကနေ ညဏ်တော် ၃-ပေလောက်အမြင့်ရှိတဲ့ ကြေးဆင်းတုတော်တဆူကို ကျနော်တို့စခန်းက ဘုန်းကြီးကျောင်းအတွက် လာလှူပါတယ်။ ဦးဟန်လင်း ဦးဆောင်တဲ့အဖွဲ့က အခမ်းအနားနဲ့ကြိုဆိုပြီး ဘုရားပွဲအဖြစ် စည်စည်ကားကား ကျင်းပခဲ့တာကို မှတ်မိနေပါတယ်။

၁၉၉၇ ဖေဖော်ဝါရီလ မင်းသမီးခစန်းကနေ ကျနော်တို့ ခွာစစ်ဆင်ချိန်မှာ ပျိုးပန်းဝေ ကျောင်းအပါအဝင် ကျန်တဲ့ အဆောက်ဦတွေအားလုံး မီးလောင်ပျက်စီးသွားပေမယ့် ဆင်းတုတော်ရှိတဲ့ ဒီဘုန်းကြီးကျောင်းကတော့ ကျည်မခ၊ မီးမလောင်ပဲ ဒီအတိုင်း မပျက်မစီး ကျန်နေခဲ့တာကို ကျနော် အမှတ်ရနေပါတယ်။

………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၇) >>>>>

ထက်အောင်ကျော်