ပုလောတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မူးယစ်ဆေးဖမ်းဆီး

0
3073
လက္ကူးရွာက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဖျက်ဆီးနေစဉ်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မူးယစ်ဆေးဝါးဖမ်းဆီးမှု စတင်ပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောပြည်သူ့ကာကွယ်ရေးတပ်များက ပုလောမြို့နယ်ရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူ များအား ဖမ်းဆီးနှိမ်နင်းမည်ဟု သတိပေးထားပြီး ယခုလအတွင်း စတင်ဖမ်းဆီးလာသည်ဟု ဒေသခံများက ပြောသည်။

“သတိပေးနေတာကြာပြီ ကြားရတာ။ အခုကတော့ လက်တွေ့ကို လာဖမ်းနေကြပြီ” ဟု မင်းထိန်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်ညက လက္ကူးကျေးရွာတွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ အသက် ၄၅နှစ်အရွယ် ဦးဖိုးထောင်နှင့် အသက် ၅၃ နှစ်အရွယ် ဦးကုလားဆိုသူတို့အား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ယနေ့ ဒီဇင်ဘာလ ၁၉ တွင် ထုတ်ပြန်သည်။

ယင်းအပြင် ရောင်းချနေသူအချို့ကိုလည်း သတိပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မူးယစ်ဆေးရောင်းချနေသူများထံမှ WY စိတ်ကြွဆေး ၆၀၁ လုံး၊ ဘိန်းစာမုန့် ၄၆ ထုတ်၊ ငွေကျပ် နှစ်သိန်းခုနစ်သောင်း အပါအဝင် ဖုန်းသုံးလုံးနှင့် ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းခဲ့သည်ဟု ထုတ်ပြန်ချက် ပါရှိသည်။

ဖမ်းဆီးရမိသည့် ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး တော်လှန်ရေးကာလအတွင်း မူးယစ်ဆေးများ အမြစ်ပြတ်ရေး တိုက်ဖျက်သွားမည်ဟုလည်း PRDF က ထုတ်ပြန်ထားသည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဆိုသူများ ယခင်က မကြာခဏပစ်သတ်ခံရလေ့ရှိပြီး လက်ရှိတွင် ပစ်သတ်မှုအစား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

“အခုနောက်ပိုင်း ပစ်တာမကြားရဘူး၊ ဖမ်းတယ်။ ကျွန်တော်တို့ကြားရသလောက် PDF တပ်ရင်းမှာ အချုပ်ထောင်တွေ၊ ရဲဘက်စခန်းတွေ အမှုစစ်ဆေးတဲ့ရုံးတွေ အပြင်မှာရှိသလို အကုန်ရှိတယ်လို့ ကြားရတယ်” ဟု ကဒဲကျေးရွာ ဒေသခံအမျိုးသားက ပြောသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) နှင့် မဟာမိတ်အဖွဲ့များသည်လည်း ယခုနှစ် အစပိုင်းမှစတင်ကာ မူးယစ်ဆေးဝါးများကို ဖမ်းဆီးမီးရှို့မှုများ ပြုလုပ်လျှက်ရှိသည်။

ပုလောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ၊ KNU တပ်မဟာ (၄) အပါအဝင် ကရင်ပြည်သူ့ ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်လျှက်ရှိသည်။

ဓါတ်ပုံ – ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)

ပုံစာ – လက္ကူးရွာက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဖျက်ဆီးနေစဉ်။