ထိုင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်၊ ဆိုင်ကယ်စီးလာသည့် မြန်မာလုပ်သား နှစ်ဦးသေဆုံး

0
3891

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် မြန်မာအလုပ်သမား သုံးဦးစီးလာသည့် ဆိုင်ကယ်သည် ခြောက်ဘီးတပ်ကားကို ဝင်တိုက်မိသဖြင့် မြန်မာနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ဘန့်ဖယ့်ဝိုဒေသရှိ လမ်းဆုံတစ်နေရာတွင် မီးပွိုင့် မီးနီနေသဖြင့် ရပ်နေသော ကား၏ အနောက်ပိုင်းကို ဆိုင်ကယ်က အရှိန်ဖြင့် ဝင်တိုက်မိခြင်းဖြစ်သည်ဟု ရေးသားထားကြသည်။

ယင်းဖြစ်ရပ်တွင် အသက် ၃၆ နှစ်အရွယ် မောင်ဟုံစိန်အမည်ရှိသူနှင့် အသက် ၂၄ နှစ်အရွယ် မောင်စောထွန်းအောင် အမည်ရှိသူ မြန်မာအလုပ်သမားနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဖော်ပြသည်။

ကျန်မြန်မာအလုပ်သမားတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် ဘန်ဖယ်ဝိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ခြောက်ဘီးတပ်ကားမှာ အုန်းသီးများသယ်ရန်အတွက် လာစဉ် လမ်းဆုံးမီးပွိုင့်အရောက်တွင် မီးနီသဖြင့် ရပ်တန့်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင် ရေးသားထားသည်။

Ref: MC News