အိမ်ခြံမြေအကျိုးဆောင်များကို အကြမ်းဖက်မှုနှင့် ငွေကြးခဝါချမှုတိုက်ဖျက်ရေးသင်တန်း မတက်မနေရတက်ခိုင်း

0
3051
ရန်ကုန်မြို့တွင် အိမ်ခြံမြေ အကျိုး‌ဆောင်လုပ်ကိုင်သူများကို သင်တန်းပို့ချနေစဉ်

အိမ်ခြံမြေ အကျိုး‌ဆောင်လုပ်ကိုင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်း မဖြစ်မနေ တက်ခိုင်းရမည်ဟု ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ၏ ‌အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီက နိုဝင်ဘာလ ၉ ရက်က ယင်းကဲ့သို့ ညွှန်ကြားထားခြင်း ဖြစ်ပြီး သင်တန်းကို နေပြည်တော်တွင် ဖွင့်လှစ်နေကာ လက်ရှိတွင် ထားဝယ်ဒေသက အကျိုးဆောင်အချို့ တက်ရောက်နေကြကြောင်း စုံစမ်းသိရှိရသည်။

“တရားဝင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်မယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးသင်တန်းကို အနည်းဆုံးတစ်ကြိမ်တော့ တက်ရမယ်လို့ ညွှန်ကြားထားတယ်” ဟု ထားဝယ်မြို့ခံအိမ်ခြံမြေအသင်းဝင်တစ်ဦးက ပြောသည်။

ယင်းသင်တန်းတက်ရောက်ပြီးမှ အိမ်ခြံမြေအကျိုးဆောင် အသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်မှတ် လျှောက်ထားသူသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ငွေကြေးခဝါချမှုသင်တန်းတက်ရောက်ထားသည့် အထောက်အထားလက်မှတ်ကို ပူးတွဲတင်ပြရမည်ဟု ဆိုသည်။

“အိမ်ခြံမြေလုပ်ငန်းကနေပြီး သူတို့က (စစ်ကောင်စီက) အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့သူတွေဆီ ငွေကြေး စီးဆင်းမှု မရှိအောင်လုပ်တာ” ဟု ထားဝယ်မြို့ခံ အိမ်ခြံမြေပွဲစားတစ်ဦးက ပြောဆိုသည်။

တစ်နည်းအားဖြင့် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များထံ အိမ်ခြံမြေလုပ်ငန်းမှ ငွေကြေးစီးဝင်မည်ကို ဟန့်တားရန်အတွက် ယင်းသို့ ညွှန်ကြားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

အိမ်ခြံမြေအကျိုးဆောင် အသိအမှတ်ပြုအထောက်အထားမရှိဘဲ လုပ်ငန်းလုပ်ကိုင်သူများကိုလည်း ဖော်ထုတ်အရေးယူရန် ညွှန်ကြားထားသည်ဟုဆိုသည်။

“အရေးယူမယ့်ဟာကတော့ ကြာပြီ၊ အဲဒီအစီအစဉ်ကလေ။ အရင်အစိုးရ (NLD အစိုးအစိုးရ) လက်ထက်ကတည်းက သုံးနှစ်အချိန်ပေးထားတယ်။ သုံးနှစ်ပြည့်ရင်တော့ အရေးယူမယ်ဆိုပြီး ပြောထားတယ်။ အခုဆိုပြည့်သွားပြီပေါ့” ဟု ထားဝယ် အိမ်ခြံမြေ အသင်းဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ငွေကြေးခဝါချမှုသင်တန်းသို့ တနင်္သာရီတိုင်းမှ အကျိုးဆောင် ၁၅ ဦးခန့် သင်တန်းတက်ရောက်လျှက်ရှိကြောင်း စုံစမ်းသိရသည်။