သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၁)

0
3828
အများသွားတောင်ကြားလမ်းထိပ်နားက ABSDF တပ်ရင်း ဆိုင်းဘုတ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၀)

အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ)

အခန်း-၂၁-

(၁) စခန်းကော်မတီသစ်နဲ့ မင်းသမီး-အမာရာ

ကန်ချနပူရီကနေ မင်းသမီးစခန်းဆီ ကျနော်ပြန်ရောက်လာတဲ့အချိန်မှာ စခန်းကော်မတီက အသစ် ဖြစ်နေပါပြီ။ ရှေ့ပိုင်းမှာပြောခဲတဲ့ ကိုမင်းအောင်၊ ကိုဌေးအောင်တို့ခေတ် မဟုတ်တော့။ မော်လမြိုင်တက္ကသိုလ် နောက်ဆုံးနှစ် သမိုင်းကျောင်းသားတဦးဖြစ်သူ ကံပေါက်ဒေသမှ ကိုအောင်သန်းဝင်းက ဥက္ကဋ္ဌ (နောက်ပိုင်း ဗဟိုတွဲဖက် အတွင်းရေးမှူး၊ အခု အမေရိကန်)၊ ဒု ဥက္ကဋ္ဌကတော့ ဖွဲ့စည်းပုံအရ တပ်ရင်းမှူး ဖြစ်လာမယ့်သူကို ပေးမှာဖြစ်တဲ့အတွက် တပ်ရင်းမှူးရွေးပွဲကို စောင့်နေဆဲကာလ ဖြစ်ပါတယ်။

(စခန်းကော်မတီဝင် ၈ ဦးကို ရဲဘော်ထုရဲ့ဆန္ဒမဲနဲ့ တိုက်ရိုက်ရွေးချယ်ပြီး တပ်ရင်းမှူးနဲ့ ဒုရင်းမှူးကိုတော့ ကော်မတီရဲ့တင်ပြချက်အပေါ် အခြေခံကာ ဗဟိုစစ်ကော်မရှင်က အတည်ပြုခန့်အပ်ပါတယ်)။

အတွင်းရေးမှူးအဖြစ် စက်မှုတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ ထားဝယ်မှ ကိုမျိုးဝင်း (အခု လက်ရှိ ABSDF ဗဟို ဒုဥက္ကဋ္ဌ၊ DAB အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းနေဆဲ)၊ တွဲဖက်အတွင်းရေးမှူးကတော့ ဖွဲ့စည်းပုံအရ ဒု တပ်ရင်းမှူး ဖြစ်လာသူကို ပေးရမှာဖြစ်ပါတယ်။

ကော်မတီဝင်တွေထဲမှာတော့ ပုလောမှ ကျောင်းဆရာ ဦးဟန်လင်းက ပြန်ကြားရေးတာဝန်ခံ၊ ကံပေါက်မိုင်းမှ ဝန်ထမ်း ကိုဉာဏ်စိုးက ထောက်ပံ့ရေးတာဝန်ခံ၊ ကံပေါက်မိုင်းကပဲ အင်ဂျင်နီယာ ကိုသိန်းဆောင်က ဘဏ္ဍာရေးတာဝန်ခံ၊ မြိတ်မြို့မှ ကျောင်းဆရာ ကိုဂွမ်ရှီက စည်းကမ်းထိမ်းသိမ်းရေးတာဝန်ခံ၊ ဆေးတက္ကသိုလ် ကျောင်းသား ကိုဝင်းမင်းက ကျန်းမာရေးတာဝန်ခံ၊ အရန်ဗဟိုကော်မတီ ဝင်ဖြစ်သွားတဲ့ ကိုဌေးအောင်က ဗဟိုကို မသွားရသေးတဲ့အတွက် စခန်းစည်းရုံးရေး တာဝန်ခံအဖြစ် ဆက်လက်တာဝန်ယူ ထားဆဲလို့ မှတ်မိနေပါတယ်။

ကျနော် ပြန်ရောက်တဲ့အချိန်ဟာ တပ်ရင်းမှူးနေရာအတွက် အပြိုင်အဆိုင် မဲဆွယ်နေတဲ့ကာလဖြစ်ပြီး တချို့ရဲဘော်တွေကတော့ ရှေ့တန်းထွက်နေကြပြီဖြစ်ပါတယ်။ ကျနော်ပြန်မရောက်ခင် စခန်းကော်မတီက လုပ်ထားတဲ့ ရွေးချယ်မှုတွေအရ ကျနော့်ကို တပ်စုမှူးအဖြစ် တာဝန်ပေးထားပြီး ကျနော်တို့ စတင်တောခိုရာ ဘန်းချောင်းဒေသမှာ တာဝန်ယူဖို့ နေရာချပေးထားပါတယ်။

အဲဒီကာလ ကျနော့်တပ်ခွဲမှူး (တပ်ခွဲ ၃) က ကိုမြင့်အောင် (နောက်ပိုင်း ဗဟိုရုံးအဖွဲ့မှူး၊ အခု နယူးဇီလန်)၊ ဒုခွဲမှူးက ကိုဘုန်းကျော် (နောက်ပိုင်း ၂၀၁ ရဲ့ နာမည်အကြီးဆုံး တပ်မှူးဖြစ်လာသူ၊ အခု အမေရိကန်)၊ တပ်စုမှူးတွေအဖြစ်ကတော့ ကျနော်၊ ကိုမင်းဇော်သူ (နောက်ပိုင်းမှာ ဒုရင်းမှူးဖြစ်လာပြီး ၁၉၉၃ နှောင်းပိုင်းမှာ ကိုဇော်မင်းနဲ့အတူ ရနောင်းမှာ လုပ်ကြံခံရသလိုလိုနဲ့ ပျောက်ဆုံးသွားသူ) နဲ့ ကိုခင်မောင်သိန်း (ပြည်တွင်းပြန်ဝင်) တို့ ဖြစ်ပါတယ်။

အလားတူ နတ်အိမ်တောင်ဘက် တာဝန်ကျတဲ့ တပ်ခွဲ ၂ မှူးက ကိုသိန်းမြင့်ကျော် ခေါ် ဘိုင်သိန်းမြင့် (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲအတွင်း ကျဆုံး)၊ ဒုခွဲမှူးက ကိုတင်ထွန်း (ပြည်တွင်း ပြန်ဝင်) တို့ ဖြစ်ပါတယ်။ မြိတ်-ပုလောဘက် တာဝန်ကျတဲ့ တပ်ခွဲ ၁ မှူးကတော့ ကိုဖေသင် (၁၉၉၁ မှာ ကျဆုံး)၊ ဒု ခွဲမှူးက ကိုပြည်ဆောင်ဦး (ပြည်တွင်းပြန်ဝင်) တို့် ဖြစ်ပါတယ်။

တပ်ခွဲမှူးနဲ့ တပ်ရေး၊ တပ်ထောက်အဆင့်အထိ စစ်ဖက်တာဝန်တွေကို စခန်းကော်မတီက တာဝန်ယူခန့်အပ်ပြီး တပ်ရင်းမှူးနဲ့ ဒုရင်းမှူးကိုတော့ စခန်းကော်မတီရဲ့တင်ပြချက်နဲ့ ဗဟိုစစ်ကော်မရှင်က အတည်ပြု ခန့်အပ်မှာဖြစ်တဲ့အတွက် အခုလို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

အဲဒီကာလ တပ်ရေးဗိုလ်ကြီးကတော့ ရန်ကုန်တက္ကသိုလ်မှာ တက်နေတဲ့ မြိတ်သား ကိုအေးသော် (အခု အမေရိကန်)၊ တပ်ထောက်ဗိုလ်ကြီးကတော့ စက်မှုတက္ကသိုလ် စတုတ္တနှစ်ကျောင်းသား၊ ထားဝယ်မြို့မှ ကိုမျိုးသိန်း (အခု ကနေဒါ)၊ ထောက်လှမ်းရေး ဗိုလ်ကြီးက မော်လမြိုင်တက္ကသိုလ် တတိယနှစ် ဓာတုဗေဒ ကျောင်းသား၊ ထားဝယ်မှ ကိုသောင်းညွန့် ခေါ် ကိုလေပေး (နောက်ပိုင်း တပ်ရင်းမှူးဖြစ်လာ၊ ၂၀၁၁ အထိ နယ်စပ်မှာရှိနေဆဲ၊ ၂၀၁၇ မှာ ကွယ်လွန်) တို့ ဖြစ်ပါတယ်။

(၂) တနင်္သာရီမြစ်ကမ်းပေါ်က အမာရာစခန်း

စခန်းကော်မီတီ ဥက္ကဌ ကိုအောင်သန်းဝင်းနှင့် အတွင်းရေးမှူူး ကိုမျိုးဝင်းအပါဝင် ရဲဘော်အချို့ကို သင်တန်းဆင်းပွဲတခုမှာ တွေ့ရစဉ်။

အမရာစခန်းရဲ့ အခင်းအကျင်းက မောင်တော်စခန်းထက်တော့ အများကြီး သာပါတယ်။ ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့ ထီးထာ KNDO ကုန်းကနေ တနင်္သာရီ မြစ်ရိုးတလျှောက် ဖောက်ထားတဲ့ သစ်မှောင်ခို ကားလမ်းအတိုင်း ကားနဲ့ဖြစ်ဖြစ်၊ မြစ်အတွင်းကနေ လှေနဲနဲဖြစ်ဖြစ် ၁၀ မီနစ်လောက် လာလိုက်တာနဲ့ သမိုင်းဝင် အများတောင်ကြားလမ်းထိပ်မှာ ကျနော်တို့ ကျောင်းသားစခန်းကို တွေ့ရမှာဖြစ်ပါတယ်။

အရင်ကတော့ ဒီနေရာဟာ အမာရာရွာက ဗုဒ္ဓဘာသာဝင် ကရင်ရွာသားတွေ ကိုးကွယ်တဲ့ ဘုန်တော်ကြီးကျောင်းဟောင်း နေရာဖြစ်ပါတယ်။ KNU ကနေ ကျောင်းသားတွေကို ဒီမှာနေရာချပေးတဲ့အတွက် “အမာရာ ကျောင်းသားစခန်း” ဆိုပြီး ဖြစ်လာတာပါ။

စခန်းနေရာဟာ တနင်္သာရီမြစ်ဘေး တောင်ကုန်းလေးပေါ်မှာ ရှိနေတဲ့အတွက် မောင်တော်စခန်းလို နွေရာသီမှာ ရေပြတ်တဲ့ပြဿနာ ဘာမှပူစရာမလိုတော့ပါ။ နောက်တခါ အပေါ်ဘက် ဘန်းချောင်း၊ ကွမ်းချောင်းရှိရာ ထားဝယ်-ရေဖြူ ဒေသရှိ တနသာၤမြစ်ဖျားကနေ တနင်္သာရီမြစ် ပင်လယ်ထဲစီးဝင်တဲ့အထိ မြိတ်-တနင်္သာရီဒေသအနှံ့ တနင်္သာရီ မြို့ရိုးတလျှောက်ကို အသုံးပြုပြီး ပြည်တွင်းရေကြောင်း ခရီးသွားနိုင်ပါတယ်။

ဒါ့အပြင် KNU နဲ့ သစ်မှောင်ခို ကုမ္ပဏီတွေ ဖောက်ထားတဲ့ ကားလမ်းကြမ်းကို အသုံးပြုပြီး နယ်စပ်နဲ့ ထိုင်းနိုင်ငံထဲ ကုန်ကြောင်းဆက်သွယ်ရေးတွေကို အလွယ်တကူ ဆောင်ရွက်နိုင်နိုင်ပါတယ်။ ဆိုလိုတာက အရင်မောင်တော်စခန်းထက် အများကြီး အချက်အခြားကျတဲ့ နေရာဖြစ်ပါတယ်။

ကျောင်းသားတွေက ရှိပြီးသား ဘုန်ကြီးကျောင်းဟောင်းကို ပြန်လည်ပြုပြင်ပြီး တပ်ရင်း ခန်းမ-အဖြစ် အသုံးပြုနေတာတွေ့ရပါ တယ်။ ဘုန်ကြီးကျောင်းဘေးက စတိုခန်းကိုတော့ စာကြည့်တိုက်အဖြစ် ပြန်လည်စုဖွဲ့ထားတာ တွေ့ရပါတယ်။

အဲဒီ စာကြည့်တိုက်မှာ သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ၊ အရှေ့ကနေဝန်း ထွက်သည့်ပမာ၊ ဘုံဘဝမှာဖြင့် အပါအဝင် မြန်မာ့တော်လှန်ရေးအကြောင်း စာအုပ်တွေ၊ ရဲဘော် ချေ (Ernesto “Che” Guevara)၊ ကက် စထရိုတို့ ဦးဆောင်တဲ့ လူ ၁၂ ဦး သူပုန်တပ်ဖွဲ့ကနေ နိုင်ငံတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကျုးဘားတော်လှန်ရေးအပါဝင် နိုင်ငံတကာ လက်နက်ကိုင် တော်လှန်ရေးအကြောင်း စာအုပ်တွေကို ကျနော် လေ့လာဖတ်ရှုခွင့် ရခဲ့ပါတယ်။

စာကြည့်တိုက်ဘေးမှာတော့ ဆေးဘားတိုက်၊ စခန်းအဝင်ဂိတ် ဟိုဘက်မှာတော့ ဆေးခန်း၊ ဘုန်းကြီးကျောင်းရဲ့ ဒီဘက်မှာတော့ တပ်ရင်းစတိုကြီး၊ အဲဒီဘေးမှာ တပ်ခွဲ ၁၊ ၂၊ ၃ အတွက် ဘားတိုက်တလုံးစီ။ ဘားတိုက်တွေ အပြီးမှာတော့ စခန်းကော်မတီရုံး (တပ်ရင်းရုံးလို့လည်း ခေါ်ပါတယ်)။ ကော်မတီရုံး ရဲ့ နောက်ကျောဘက်မှာတော့ ဆက်သွယ်ရေးရုံးခန်း။ ကော်မတီရုံးရဲ့ မျက်စောင်းထိုးမှာတော့ အမျိုး သမီးဆောင် သို့မဟုတ် ကျောင်းသားတွေအခေါ် မာလာဆောင်ပေါ့။

စခန်းအဝင်၀ ဆေးဘားတိုက်ကနေ အမျိုးသမီးဆောင်အထိ ဘားတိုက်တွေ အားလုံးဟာ သစ်သားတိုင်၊ ဝါးကြမ်းခင်း၊ တောထန်းရွက်မိုး အဆောင်တွေဖြစ်ပြီး တပ်ရင်းရုံးနဲ့ ဆေးခန်း ကတော့ မြေစိုက်အဆောင်တွေ ဖြစ်ပါတယ်။

အဝင်ဝကနေ ကြည့်လိုက်မယ်ဆိုရင် ဒီဘား တိုက် ၁၀ လုံးနီးပါးဟာ လေးကိုင်းပုံ နေရာယူ ဆောက်ထားသလို မြင်ရပြီး အဲဒီဘားတိုက်တွေရှေ့က ကွင်းပြင်ထဲမှာတော့ တပ်ရင်း စိုက်ခင်းကြီးရှိပါတယ်။ ပဲသီးပင်၊ ခရမ်းသီးပင်၊ ချဉ်ပေါင်ပင်တွေနဲ့အတူ ပီလောပီနန်ဥပင်တွေပါ စိုက်ထားတာ တွေ့ရပါတယ်။

(၃) တပ်ရင်းမှူးရွေးပွဲနဲ့ မထင်မှတ်ဘဲ တပ်ထောက်ဗိုလ်ကြီးဖြစ်လာသူ

တပ်ရင်းမှူး ကိုဇော်သန်းကို သင်တန်းဆင်းပွဲတခုမှာ စံပြဆုနှင့်အတူ တွေ့ရစဉ်။

ကျနော်နေရတဲ့ အဆောင်ကတော့ တပ်ရင်းရုံးနဲ့ ကပ်လျက်မှာရှိတဲ့ တပ်ခွဲ ၃ ဘားတိုက်ဖြစ်ပါတယ်။ အမာရာစခန်းက ဘားတိုက်တွေဟာ မောင်တော်မှာ ကျနော်ဆောက်ခဲ့ဖူးတဲ့ ဘားတိုက်လို ရင်ကွဲဘားတိုက် တွေမဟုတ်ဘဲ သာမန်တဲအိမ်လို သဲဖုတ်ကြမ်းခင်းကို တပြေးတည်း လုပ်ထားတာတွေ့ရပါတယ်။

ညဘက် အိပ်လို့ကောင်းတုန်း တယောက်ယောက်ထသွားရင် တကျွိကျွိမြည်ပြီး ကျန်တဲ့လူတွေအကုန် ဆက်မအိမ်နိုင်တဲ့အထိ ဆူညံတဲ့ ဘားတိုက်တွေဖြစ်ပါတယ်။ ဒီလို ကြမ်းခင်း တကျွိကျွိမြည်တာနဲ့ပတ်သက်ပြီး ကျောင်းသားတွေကြား လူပြောများတဲ့ ဇတ်လမ်းတွေလည်းရှိပါသေးတယ်။

ဘာကြောင့်မှန်းတော့မသိ။ စခန်းမှာသတင်း နှစ်ပတ်ကျော် ကြာတဲ့အထိ ကျနော်ဟာ တာဝန်ကျတဲ့ ဘန်းချောင်းခွင်ကို မသွားဖြစ်သေးပါ။ အဲဒီအချိန်မှာ “တပ်ရင်းမှူးနေရာအတွက် မင်းဝင်ပြိုင်ပါလား” ဆိုပြီး ဘော်ဒါတချို့ က ကျနော်ကို မြှောက်ပေးပါတယ်။

ကျနော်ဟာ ၁၀ တန်းအောင်စဉ်က DSA လျှောက်ဖို့ အသက်မီတဲ့အတွက် ဝင်လျှောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ရှေ့မှာပြောခဲ့တဲ့ အများတောင်ကြားလမ်းကနေ ထားဝယ်မြို့ဆီ ဝင်လာတဲ့ ရဲဘော်သုံးကျိပ် စစ်ကြောင်း၊ ဗိုလ်ဗထူးစစ်ကြောင်းနဲ့အတူပါသွားပြီး ဖက်ဆစ်တော်လှန်ရေးအပြီးမှာ ဗမာ့တပ်မတော်မှာ ဗိုလ်ကြီးဖြစ်သွားသူ ကျနော့်ဦးလေးက “စစ်ဗိုလ်တော့ မလုပ်ချင်စမ်းပါနဲကွာ” ဆိုတဲ့ ကန့်ကွက်မှုကြောင့် စာမေးပွဲရက်မှာ သွားမဖြေဖြစ်ခဲ့ပါ။

ဒီလိုနဲ့ စစ်ဗိုလ်ဘဝနဲ့ဝေးခဲ့တဲ့ ကျနော်ဟာ အခုတကြိမ် သူပုန်ဗိုလ်ဖြစ်ဖို့ အရွေးခံရေး အခြေနေက ပေးလာပြန်ပါတယ်။ ဒါပေမယ့် အသေအချာ ပြန်စဉ်းစားကြည့်တော့ ကျနော်ဟာ စစ်တိုက်ချင်လို့ စစ်ဗိုလ်ဖြစ်ချင်တာ မဟုတ်ဘဲ ခေတ်ပေါ် ဘန်းစကားနဲ့ ပြောရရင် “ဆော်ကြည်ဘဲ” ဖြစ်ချင်လို့၊ လစာနဲ့ အခွင့်ရေးကောင်းကောင်းရချင်လို့ စစ်ဗိုလ်ဘဝကို လိုလားနေတာသာဖြစ်ပြီး တိုက်ရေးခိုက်ရေးကို သိပ်စိတ်ဝင်စားပုံမရခဲ့ပါ။

နောက်တခါ သူပုန်ဗိုလ်အဖြစ် အရွေးခံဖို့အရေးမှာလည်း ကျနော်ဟာ အခုချိန်အထိ ဝါးရင်းတုတ် သင်တန်းမှအပ စစ်သင်တန်းကို ဖြစ်ဖြစ်မြောက်မြောက် တခါမှမတက်ဖူးသေးပါ။ သင်တန်းဆင်းလက်မှတ်တွေ၊ ထူးချွန်ဆုတွေဆို ဝေလာဝေး။ ကော့မူးရာမှာ တိုက်ပွဲအတွေ့အကြုံ ရှိခဲ့ဖူးတယ်ဆိုပေမယ့် သေနတ်ပစ်တတ်တာနဲ့ စစ်တိုက်တတ်တာ မတူလောက်ဘူးဆိုတာကို ကျနော် သဘောပေါက်ထားပါတယ်။

နောက်တချက်ကတော့ စည်းရုံးရေး စကားကိုလည်း သူများလက်ခံလာအောင် ကောင်းကောင်း မပြောတတ်သေးပါ။ စခန်းနဲ့ ဝေးနေတာကလည်း တနှစ်နီးပါးရှိပြီဆိုတော့ ကိုယ့်အခြေနေကိုယ် သဘောပေါက်ပြီး ဝင်ပြိုင်ဖို့ စိတ်ကူးကို လက်လျှော့လိုက်ပါတယ်။

နောက်ဆုံးမှာတော့ ကျနော်တို့ (ဖိုင်နယ်ရီးယား) နောက်ဆုံးနှစ် ကျောင်းသားတွေထက် အသက်ငယ်တဲ့ ထားဝယ်ကောလိပ် ဒုတိယနှစ် ဓာတုဗေဒကျောင်းသား၊ စစ်သင်တန်းအဆင့်ဆင့်မှာ ထူးချွန်ပြီး စံပြဆုရခဲ့သူ ကိုဇော်သန်း (၁၉၉၇ အောက်တိုဘာမှာ ပင်လယ်ပြင်စစ်ကြောင်းအတွင်း ကျဆုံး) ကို တပ်ရင်းမှူးအဖြစ် ဗဟိုစစ်ကော်မရှင်နဲ့ စစ်ရေးဌာန အတွင်းရေးမှူး ကိုထွန်းဦးက အတည်ပြုခန့်အပ် လိုက်ပါတယ်။

ဒု ရင်းမှူးအဖြစ်ကတော့ အများက လေးစားတဲ့ ထားဝယ် အထက ၁ က ကျောင်းဆရာ ဦးအောင်မြင့် (နောက်ပိုင်း ဗဟိုတရားသူကြီး၊ မြန်မာနိုင်ငံရှေ့နေများကောင်စီမှာ တာဝန်ထမ်းဆောင်၊ ၂၀၂၁ မှာကွယ်လွန်) ဖြစ်လာပါတယ်။

ဒုရင်းမှူး ဆရာအောင်မြင့်ကို သင်တန်းဆင်းပွဲတခုမှာ တွေ့ရစဉ်။

တပ်ရင်းမှူးခန့်ပွဲတွေပြီးလို့ သတင်း နှစ်ပတ်လောက် ကြာတဲ့အချိန်မှာ မမျှော်လင့်တဲ့ ပြဿနာတခု ဖြစ်ပွားပြီး ကျနော့်ကို ယာယီ တပ်ထောက်ဗိုလ်ကြီးအဖြစ် စခန်းကော်မတီက ခန့်အပ်လိုက်ပါတယ်။ ဖြစ်ပုံကတော့ တပ်ထောက်ဗိုလ်ကြီးက သူ့ဌာနအောက်ရှိ စက်လှေသမား ဓာတ်ဆီခိုးသုံးတာကို ဖော်ထုတ်တဲ့အမှုမှာ လှေသမားက ဝန်မခံဘဲ ဗြောင်လိမ်နေတာကို သည်းမခံနိုင်လို့ဆိုပြီး တရားသူကြီးရှေ့မှာတင် လှေသမားကို နဘန်ကျင်းမိရာကနေ တာဝန်က ရပ်စဲခံလိုက်ရပါတယ်။

အဲဒီအချိန်မှာ ယောင်လည်လည်နဲ့ မျောက်သစ်ကိုင်းလွတ်ဖြစ်နေတဲ့ ဗဟိုပြန်ရဲဘော်ကြီး ကျနော့်ကို စခန်းကော်မတီက တပ်ထောက်ဗိုလ်ကြီး တာဝန်ပေးလိုက်တာပါ။ ကျနော့်အထင် တပ်ထောက်ဘဝနဲ့ ၆ လနီးပါး တာဝန်ထမ်းလိုက်ရပါတယ်။ အဲဒီကာလတွေအတွင်း BCG ကပေးတဲ့ ရိက္ခာငွေကို လက်ခံတာ၊ ထောက်ပံ့ရေးတာဝန်ခံ ကိုဉာဏ်စိုးနဲ့အတူ ကန်ချနဘူရီမြို့ဆီ ဈေးသွားဝယ်တာ၊ ရှေ့တန်းအတွက် လိုအပ်တဲ့မိုးကာစတွေ၊ ကျောပိုးအိတ်တွေ၊ ယူနီဖောင်းတွေ သွားဝယ်ဖူးတာတွေကို မှတ်မိနေပါတယ်။

ဒါ့အပြင် တပ်ထောက်ဘဝမှာ စစ်လက်နက်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား မှတ်မိနေတဲ့ ဖြစ်စဉ် နှစ်ခုရှိပါတယ်။ ပထမတချက် ကတော့ အဲဒီကာလဟာ ကျနော်တို့ ကျောင်းသားတွေ လက်နက်ရူး ရူးနေတဲ့ အချိန်ဆိုတော့ သေနတ်ကိုင်ရတာကို အတော်ဂုဏ်ယူနေတဲ့အချိန် ဖြစ်ပါတယ်။

သေနတ်ထဲမှာမှ ဗိုလ်တွေသာ ကိုင်ခွင့်ရတဲ့ ပစ္စတိုကိုင်ရရင် ပိုပျော်တာပေါ့။ အဲဒီအချိန်မှာ ဥက္ကဋ္ဌ ကိုအောင်သန်းဝင်း ဘယ်ကနေ ဘယ်လိုရလာသလဲတော့ မသိဘူး။ ဘရောင်နီ ပစ္စတို အသစ်စက်စက်တလက်ကို ကျနော့်ဆီ လာအပ်ပါတယ်။

“မင်းက တပ်ထောက်ဆိုတော့ ဒါကြီးကို မင်းပဲကိုင်ထားပါ” တဲ့။ ကျနော်လည်း ကိုင်ချင်နေတာနဲ့ အတော်ပဲပေါ့။ ဒါပေမယ့် “ဒါကြီးပျောက်သွားရင် အမှုပိုကြီးမယ်” ဆိုပြီး တဖက်ကလည်း စိုးရိမ်နေပြန်ပါတယ်။ ဒီလိုနဲ့ နေ့ဘက် လူကြားသွားရင် “ဗျောက်တို” ကို ခါးကြားထိုးပြီး ဟန်ရေးပြ၊ ညဘက် အိပ်ရာဝင်ရင် အဲဒါကြီးကို ကျနော့်ခေါင်းရင်းက သွပ်ပြားသေတ္တာထဲ သော့ခတ်ပြီး သိမ်းပေါ့။

“တပ်ထောက်၊ သေနတ်ကို သေတ္တာထဲ ထည့်သိမ်းရတယ်လို့ဗျာ။ အရေးအကြောင်းဆို ခင်ဗျား သေနတ် ဘယ်လိုထုတ်မလဲ” ဆိုပြီး ရဲဘော်တွေက နောက်ပြီးပြောတာကို အမှတ်ရနေပါတယ်။

ဒုတိယတချက်ကတော့ ကျနော် တပ်ထောက်ဖြစ်နေစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် တပ်စုတစုစာ ဖွဲ့စည်းပုံအပြည့် လက်နက်တပ်ဆင်ရေးအတွက် AK 47 အလက် ၃၀၊ AK စက်လတ် တလက်၊ M16 စက်လက် တလက်။ M 79 နှစ်လက်နဲ့ ကျည်တွေကို KNU ဆီကနေ ဝယ်ယူခဲ့ဖူးတာ ဖြစ်ပါတယ်။

“တပ်ထောက်၊ ခင်ဗျားဝယ်လာတဲ့ AK တွေကလည်း ပြောင်းဝကျယ်လိုက်တာဗျာ။ ကျည်ဆံ ကန့်လန့်ထွက် လာမလား မသိဘူး” လို့ ရဲဘော်တချို့က နောက်ပြောတာကိုလည်း မှတ်မိနေဆဲ ဖြစ်ပါတယ်။

သူတို့ပြောမယ်ဆိုလည်း ပြောချင်စရာပါပဲ။ ရှိစုမဲ့စု ပိုက်ဆံတွေစုပြီး ဝယ်လာတဲ့လက်နက်တွေက ကမ္ဘောဒီးယား စစ်ကျန်၊ နိုင်တီးဂွမ်တီးက လက်နက်တွေဖြစ်နေပါတယ်။ ကျနော်မှတ်မိသလောက်ကတော့ ကျနော်တို့ တောစခိုတဲ့ အချိန်ကနေ ဒီနေ့အထိ အဲဒီလို လက်နက်ဟောင်းတွေနဲ့ပဲ စခန်းသွားခဲ့ရပြီး ပြည်ချစ်ခေတ်ကလို လက်နက်သစ်တွေ တပ်ဆင်နိုင်ခဲ့ဖူးတာမျိုး တခါမှမကြားဖူးသေးပါ။

ဒါပေမယ့် အဲဒီလို ကျည်ဆံကန့်လန့်ထွက်နိုင်တဲ့ လက်နက်ဟောင်းတွေ တပ်ဆင်ထားတဲ့ တပ်စုကို အထူးတပ်စုလို့ ကျနော်တို့က ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီတပ်စုအရင် ရှေ့တန်းထွက်သွားတဲ့ တပ်အားလုံး လက်နက်အပြည့်အစုံ တခါမှမတပ်ဆင်နိုင်ပဲ လက်လုပ်သေနတ်တွေ၊ ယမ်းထောင်းတွေ၊ မီးကျိုး မောင်းပျက်တွေကို ၂ ယောက်တလက်၊ ၃ ယောက် တလက် ခွဲတမ်းနဲ့ ထွက်သွားကြလို့ ဖြစ်ပါတယ်။

ဒီလက်နက်ဟောင်းနဲ့ လူသစ်တွေပေါင်းထားတဲ့ အထူးတပ်စုကိုတော့ တပ်ရေးဗိုလ်ကြီး ကိုအေးသော် ကိုယ်တိုင် ဦးစီးပြီး အထူးစစ်ကြောင်း ဆိုတဲ့အမည်နဲ့ ပြည်ခြား-ပုလော ဒေသဘက်ဆီ စစ်ကြောင်းဆင်းသွားတာကို ကျနော် အမှတ်ရနေပါတယ်။
…………………..

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂) >>>>>

ထက်အောင်ကျော်