သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂)

0
3590
ရေး-ထားဝယ် ကားလမ်းပေါ်က တပ်ခွဲ ၂- စစ်ကြောင်းတခု။

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၁)>>>>>

အပိုင်း-၃- (အများသွားတောင်ကြားလမ်းမှ စစ်သည်တော်များ)

အခန်း-၂၂-

(၁) နယ်မြေစိုးမိုးရေးနှင့် တောတွင်းအုပ်ချုပ်ရေး

အဲဒီကာလ ကျနော်တို့တပ်တွေ လှုပ်ရှားတဲ့နေရာတွေကတော့ မြောက်ပိုင်းမှာဆိုရင် နတ်အိမ်တောင်စခန်းမှာ အခြေစိုက်ပြီး NMSP မွန်ပြည်သစ်ပါတီနဲ့ KNU နယ်စပ် နတ်ကြီးစင်၊ ရာဖူး၊ ကံပေါက်၊ ကလိန်အောင်ကနေ ထားဝယ်မြို့ အရှေ့ဘက်ရှိ မေတ္တာကျေးရွာနားအထိကို ဘိုင်သိန်းမြင့် ဦးဆောင်တဲ့ တပ်ခွဲ (၂) က တာဝန်ယူထားပါတယ်။

မေတ္တာ၊ ဖေါင်းတောဒေသကနေ ဘန်းချောင်းဒေသ၊ သရက်ချောင်းဒေသ၊ ပလောက်၊ ပြည်ခြားအထိကို ကိုဘုန်းကျော် ဦးဆောင်တဲ့ တပ်ခွဲ (၃) က တာဝန်ယူထားပါတယ်။ ပြည်ခြား၊ ထမင်းမစားကနေ မြိတ်မြို့အနီးက ပပြင်၊ ကျွဲကူးဒေသတွေအထိကို ကိုဖေသင် ဦးဆောင်တဲ့ တပ်ခွဲ (၁) က တာဝန်ယူထားပါတယ်။ (မြိတ်အောက်ပိုင်းနဲ့ တနင်္သာရီဒေသမှာတော့ တပ်ရင်း ၂၀၃ က လှုပ်ရှားနေပါတယ်)။

တကယ်ကတော့ ကျနော်တို့ ကျောင်းသားတပ်တွေ လှုပ်ရှားနေတဲ့ဒေသဟာ KNU တပ်မဟာ (၄) လှုပ်ရှားဒေသ သို့မဟုတ် အဲဒီကာလ ကျနော်တို့အခေါ် “အခြေခံဒေသ” တွေ ဖြစ်တဲ့အတွက် နေရာအတော်များများမှာ ABSDF-KNU ပူးတွဲ လှုပ်ရှားကြတာ ဖြစ်ပါတယ်။

ကျောင်းသားတွေရဲ့ အားသာချက်ကတော့ အရင်ရှိပြီးသား KNU အုပ်ချုပ်ရေးနယ်မြေ အနက်ရောင်ဒေသ၊ နှစ်ဖက်တပ်တွေ ရောက်လေ့ရှိတဲ့ အညိုရောင်ဒေသတွေကို ကျော်ပြီး မြို့ပြအနီးက အဖြူရောင်ဒေသလို့ခေါ်တဲ့ ကျေးလက်ဒေသဆီအထိ ထိုးဖောက် စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီကာလက ကျနော်တို့ကျောင်းသားတွေရဲ့ စကားလုံးအတိုင်း ဆိုရင်တော့ “ကျေးလက်ကိုအခြေခံ၊ မြို့ပြကိုဝိုင်းရံ” ပေါ့။ ထားဝယ်မြို့ပေါ်က ခလရ (၂၅) တပ်ရင်းကို လက်နက်ကြီးနဲ့ ဝင်ပစ်နိုင်ခဲ့ပြီး ထားဝယ်နဲ့ ၆ မိုင်အကွာ၊ ကျနော်တို့ တောစခိုစဉ်က ဖြတ်လာခဲ့ဖူးတဲ့ ရှင်မုတ္တီးရွာအထိဝင်ပြီး စည်းရုံးရေးတရား ဟောနိုင်ခဲ့တာတွေဟာ ထင်ရှားတဲ့ သာဓကတွေ ဖြစ်ပါတယ်။

နောက်တခါ ရေဖြူမြို့နယ်အလွန် နှမ်းကျဲကျေးရွာကနေ ရေးမြို့နယ်အဝင် မလွဲတောင်အကြား ရေး-ထားဝယ် ကားလမ်းတလျှောက် မိုင် ၆၀-၇၀ ခန့်၊ သရက်ချောင်းမြို့နယ် အောက်ပိုင်းကနေ မြိတ်မြို့အဝင်နားအထိ မိုင် ၁၀၀ နီးပါးအရှည် ထားဝယ်မြိတ် ကားလမ်းပေါ်က ကျေးရွာတွေအားလုံးနီးပါးကိုလည်း KNU-ABSDF (နောက်ပိုင်းမှာတော့ DAB စစ်ကြောင်း) ပူးတွဲတပ်တွေက ထိမ်းချုပ်ထားနိုင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ကျနော်တို့ရဲ့ အမာခံရှေ့တန်း အခြေစိုက်စခန်းတွေဖြစ်တဲ့ ပြည်ခြား၊ လိပ်ဥသောင် ရွာတွေကနေတဆင့် ပင်လယ်ပြင်အထိထွက်ပြီး ထားဝယ်ကနေ ကော့သောင်းအကြေား ရေပြင်တလျှောက်ကိုလည်း ထိမ်းချုပ်ထားနိုင်တဲ့ ကာလတွေရှိခဲ့ဖူးတာကို ကျနော်မှတ်မိနေပါတယ်။

(၂) သူပုန်လား- ဒုက္ခသည်လား

တနင်္သာရီ ရိုးမပေါ်က တပ်ခွဲ ၃ စစ်ကြောင်း

ကျနော်ဟာ နယ်မြေကော်မီတီမှာ တနှစ်ခန့် တာဝန်ထမ်းဖူးတယ်ဆိုပေမယ့် အပေါ်ထပ်အဆောက်အူက လူတွေရဲ့ထုံးစံအတိုင်း ကျနော်တို့နဲ့ ရဲဘော်ထုကြား တိုက်ရိုက်ဆက်ဆံဖူးတာမျိုး မရှိသလောက်ပါပဲ။ ဒါပေမယ့် အခု တပ်ရင်း (၂၀၁) ရဲ့ တပ်ထောက်ဗိုလ်ကြီးတာဝန် ယူရတဲ့အခါမှာတော့ ရဲဘော်ထုရဲ့ နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရတာတွေ၊ အထွေထွေ အုပ်ချုပ်ရေးကိစ္စတွေနဲ့ အတော့်ကို အလုပ်ရှုပ်လာပါတယ်။

ရိက္ခာကို ၇ ရက်တခါ ထုတ်ပေးရပြီး အဲဒီလိုထုတ်တဲ့နေ့ဆိုရင် တမနက်လုံး မအားပါဘူး။ အဲဒီကာလ ရိက္ခာခွဲတမ်း နှုန်းထားတွေကတော့ ရဲဘော်တဦးအတွက် တနေ့ဆန် ၃ ဗူး (နို့ဆီဗူးခွက်နဲ့)၊ ဆား အကန့်အသတ်မရှိ၊ ငါးပိ၊ ဆီ၊ ပဲ၊ ငရုတ်သီး၊ ကြက်သွန်တို့ကတော့ အကန့်အသတ်နဲ့ အနည်းအကျဉ်းသာ ထုတ်ပေးနိုင်ပြီး ဟင်းလျာအတွက် ငွေတပြားမှ မပေးနိုင်ပါ။

ဒါဟာ BCG ကနေ မင်းသမီးစခန်းအတွက် တလတလ ဘတ်ငွေ ၅ သောင်း၊ ၆ သောင်းလောက်အထိ လှူဒါန်းနေတဲ့ အချိန်မှာရတဲ့ ခွဲတမ်းဖြစ်ပြီး နောက်ပိုင်းမှာတော့ အလှူငွေ ကျဆင်းတာနဲ့အမျှ ရိက္ခာခွဲတမ်းကလည်း တဖြည်းဖြည်း ထပ်နည်းသွားပါတယ်။

တပတ် ၁၀ ရက်လောက်နဲ့ တော်လှန်ရေးအောင်မယ်ထင်ပြီး တောခိုလာတဲ့ ကျနော်တို့ဟာ ဒီလို မလောက်ငှတဲ့ ရိက္ခာတွေကို တောထဲမှာ တွေ့သမျှ သစ်သီးသစ်ရွက်တွေ၊ ဝါးမျှစ်တွေနဲ့ ပေါင်းစပ်။ တောထဲမှာ တွေ့သမျှ တောကောင်တွေ၊ ငှက်တွေ၊ မျောက်တွေ၊ ခွေးတွေ၊ ကြောင်တွေ၊ မြွေတွေ၊ ကင်းတွေ၊ တောက်တဲ့နဲ့ ကင်းခြေများပါမကျန် စားလို့ရသမျှ စားစရာတွေကို ဖြစ်သလိုစားပြီး ၁၀ နှစ်နီးပါး ရှင်သန်နိုင်ခဲ့တာ အံ့သြစရာပါ။

အခု နော်ဝေးနိုင်ငံလို တနေ့ခရိုနာ ငွေ ၂၀၀ (၁၈ ဒေါ်လာနီးပါး) စားစရိတ်အဖြစ် အနည်းဆုံး အသုံးပြုတဲ့နိုင်ငံက လူတွေသာဆိုရင် ကျနော်တို့လို မရှင်သန်နိုင်ဘဲ အားလုံးအဟာရ ပြတ်ပြီး သေကုန်မလားလို့တောင် စဉ်းစားနေမိပါတယ်။

BCG ကနေ တလ ၅ သောင်းကျော် ရတယ်ဆိုတာကလည်း ကျနော်တို့လက်ထဲ ငွေသားတွေ ပေးသွားတာမျိုး မဟုတ်ပါ။ ထောင်ဂဏန်းလောက်ကိုပဲ စီမံခန့်ခွဲမှုစရိတ်အဖြစ် ငွေသားထုတ်ပေးပြီး ကျန်တာ အားလုံးကိုတော့ သူတို့ကိုယ်တိုင်လိုက်ပြီး ကန်ချနဘူရီမှာ ရိက္ခာတွေ ဝယ်ပေးသွားတာဖြစ်ပါတယ်။

နောက်ပိုင်းမှ ပြန်သိရတာကတော့ ဒီလိုငွေသားပေးလိုက်ရင် ကျောင်းသားတွေဟာ အဲဒီငွေကို ရိက္ခာမဝယ်ပဲ လက်နက်ဝယ်မှာစိုးလို့၊ သူတို့ရဲ့အလှူငွေဟာ လူသားချင်းစာနာတဲ့ အကူညီသာဖြစ်တဲ့အတွက် စစ်ဘက်မှာ အသုံးပြုခွင့် မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီကာလကတော့ လူသားချင်းစာနာတဲ့ အကူညီလား၊ ဘာအတွက်ပေးတဲ့ အကူညီလဲ စဉ်းစားဖို့ အချိန်မရပါ။ သူတို့ဝယ်ပေးခဲ့တဲ့ ရိက္ခာတွေကို ပြန်ရောင်းပြီးဖြစ်စေ၊ တခြားနည်းနဲ့ဖြစ်စေ ရသမျှငွေတွေစုပြီး လက်နက်ဝယ်ရေးကိုပဲ ကျနော်တို့က အဓိကဦး စားပေးခဲ့ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျနော်တို့ဟာ သူပုန်စစ်သားကြီးတွေ၊ သူပုန်တပ်မတော်တွေလို့ ကိုယ်ဘာသာ ကြေညာထားပေမယ့် နိုင်ငံတကာအလှူရှင်တွေနဲ့ သတင်းထောက်တွေရဲ့ အမြင်မှာတော့ ကျနော်တို့ဟာ စစ်တပ်ရဲ့ဖိနှိပ်မှုကို မခံနိုင်လို့ နယ်စပ်ဆီထွက်ပြေးလာတဲ့ ဒုက္ခရောက်နေတဲ့ ကျောင်းသားလေးတွေလို့ပဲ သဘောထားပုံရပါတယ်။

ဒါကြောင့်လည်း ဘယ်နိုင်ငံကမှ လက်နက်နဲ့ စစ်ရေး အကူညီမပေးပဲ ရိက္ခာ၊ ဆေးဝါးနဲ့ စာအုပ်စာတမ်းတွေချည်း လာပေးနေတာ ဖြစ်ပုံရပါတယ်။

တခါ ကျနော်တို့ ကျောင်းသားတွေကြားမှာလည်း နိုင်ငံတကာဘက်က အဲဒီလိုအမြင် ရှိနေတဲ့အပေါ် သဘောထား ၂ မျိုး ရှိနေပုံရပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီကာလဟာ Asiaweek မဂ္ဂဇင်းရဲ့ အအောင်မြင်ဆုံး ကာလတွေဖြစ်ပြီး အဲဒီမဂ္ဂဇင်းထဲက Eyewitness ကဏ္ဍဟာ ရေပန်းစားပါတယ်။

တောခိုကျောင်းသားတွေ အကြောင်း ဓာတ်ပုံတွေ Eyewitness မှာ အပတ်စဉ်လိုလို ပါရှိခဲ့ပြီး သေဘောဘိုးစခန်းရောက် ဘုန်းတော်ကြီးတပါး AK 47 ကိုင်နေပုံ၊ မင်းသမီးစခန်းမှ ရဲမေတချို့ ၁၀ ပေ လောက်အမြင့်ရှိတဲ့ သစ်ပင် ၂ ပင်ကြားက ကြိုးတန်းပေါ်တွားသွားပြီး စစ်ရေးလေ့ကျင့်နေပုံတွေဟာ အဲဒီကာလက အတော်ထင်ရှားခဲ့ပါတယ်။

အဲဒီပုံတွေကိုကြည့်ပြီး “ကောင်းလိုက်တဲ့ပုံတွေကွာ။ ငါတို့ရဲ့ လက်နက်ကိုင်တိုက်ပွဲကို ကမ္ဘာသိအောင် ဆက်လုပ်ရမယ်” လို့ ဗဟိုနဲ့ နယ်မြေကော်မတီ ခေါင်းဆောင်တချို့က ပြောဆိုဖူးပါတယ်။ ဒါပေမယ့် တချို့ကတော့ “ပြဿနာပဲ၊ သေနတ်ကိုင်ထားတဲ့ပုံတွေ မီဒီယာမှာ ပေါ်တင်ကြီးပါလာရင် ဒုက္ခရောက်လိမ့်မယ်၊ နိုင်ငံတကာအလှူတွေ လျော့သွားနိုင်တယ်” လို့ စိုးရိမ်မှုနဲ့ ပြောကြတာကိုလည်း ကျနော်အမှတ်ရနေပါတယ်။

(၃) ကျောင်းသားတပ်မတော်ဆိုတာ ကမ္ဘာမှာ တခုပဲရှိတယ်

ရှေ့တန်းရောက် တပ်ရင်း ၂၀၁ စစ်ကြောင်းတခု။

ဒါက ရိက္ခာနဲ့ လက်နက်အပိုင်းပါ။ အုပ်ချုပ်ရေးဘက်ကို ပြန်လှည့်ရမယ်ဆိုရင်တော့ တပ်ထောက်တာဝန် ယူနေတဲ့ ကျနော်ရော၊ စခန်းကော်မတီတာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေရော အားလုံးဟာ အခု တန်းစီပြီး ဆန်လာထုတ်နေတဲ့ ရဲဘော်တွေနဲ့ အတန်းတူတူ၊ အသက်အရွယ် အတူတူနီးပါးတွေ ဖြစ်ပါတယ်။

ဒါကြောင့် ပေးအပ်ထားတဲ့ စခန်းကော်မီတီတာဝန်၊ တပ်မှူးတာဝန်အပေါ် ရဲဘော်ထုက လေးစာအသိမှတ်ပြုရေး၊ အမိန့်နာခံဖို့အရေးဟာ အတော့်ကို အချိန်ယူ တည်ဆောက်ခဲ့ရပါတယ်။ တပ်ဖွဲ့ဝင်အများစုကြီး ဒီလို သက်တူ၊ ရွယ်တူ၊ အတန်းတူတွေ ဖြစ်နေတာကိုက ကျောင်းသားတပ်မတော်ရဲ့ထူးခြားချက်ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ကျနော်တို့အရင် တောခိုခဲ့တဲ့ ဟိုး လွတ်လပ်ရေးခေတ်ဦးကာလ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ခေတ်ကနေ ပြည်ချစ်ခေတ်အထိ။ နောက်တခါ အခုကျနော်တို့ရဲ့ မဟာမိတ် KNU အပါဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးမှာ အသက်ကြီးသူတွေ၊ ဝါကြီးသူတွေက သူတို့ရဲ့ နောက်လိုက်တပည့်တွေကို ဦးဆောင်ပြီး တောခိုလာကြတာဖြစ်ပါတယ်။

ဥပမာအားဖြင့် ဗကပဆိုရင် လွတ်လပ်ရေးလှုပ်ရှားမှု ကာလကတည်းက ဖွဲ့စည်းထားတဲ့ ပါတီကြီးဖြစ်ပြီး အဲဒီကနေ ပါတီအလိုက် တောခိုလာတာဖြစ်ပါတယ်။ အလားတူ ပြည်ချစ်လွတ်မြောက်ရေးတပ်ဦးဆိုရင်လည်း ဝန်ကြီးချုပ်ဟောင်းဦးနု၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျ်ာတို့လို အစဉ်လာကြီးတဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ပြီး တောခိုလာတဲ့အဖွဲ့စည်းဖြစ်ပါတယ်။

KNU ဆိုရင်လည်း စောဘဦးကြီးကနေ အခု ဗိုလ်ချုပ်မြအထိ အစဉ်အလာရှိတဲ့ပုဂ္ဂိုလ်တွေကနေ မျိုးဆက်အလိုက် ဦးဆောင်လာတဲ့ သက်ကြီးဝါကြီး အဖွဲ့တွေဖြစ်လို့ အုပ်ချုပ်ရေးကိစ္စမှာ ကျနော်တို့လောက် မခက်ခဲဘူးလို့ ထင်မိပါတယ်။

ဒါပေမယ့် ကျနော်တို့ ကျိုးဖိုးတပ်မတော်မှာတော့ ဒီလိုမဟုတ်။ အုပ်ချုပ်ရေးအတွေ့အကြုံနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်တွေ၊ ကာကွယ်ရေးဦးစီးချုပ်တွေကို မဆိုထားနဲ့ ရွာသူကြီးလုပ်ဖူးသူတောင် ကျနော်တို့အုပ်ထဲ ပါမလာဘူးလို့ ထင်ပါတယ်။

တကယ်လို့ သူကြီးပါလာရင်လည်း အဲဒီလူက သူကြီးလို့ ပြောရဲမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် မဆလ-မှာ တာဝန်ထမ်းခဲ့သူအားလုံးကို ကျောင်းသားတွေက အမြင်ကပ်နေလို့ ဖြစ်ပါတယ်။

ဆိုတော့ ကျနော်တို့ အားလုံးနီးပါးဟာ အသက် ၂၀ ကျော်ကာစ လူငယ်တွေ၊ တက္ကသိုလ်က ဘွဲ့ရခါစ၊ ဘွဲ့ရခါနီးပုဂ္ဂိုလ်တွေ။ စိတ်ဓာတ်အရရော၊ ရုပ်ပိုင်း ဆိုင်ရာအရရော “ကိုယ်ထက်တော်သူတောင် ကိုယ့်လောက်မတော်ဘူး” ဆိုပြီး သွေးနားထင်ရောက်နေချိန်မှာ တောခိုလာတဲ့လူတွေဆိုတော့ အားလုံး ဗိုလ်တွေချည်း ဖြစ်နေပါတယ်။

“မဆလကို မကြိုက်လို့ တောခိုလာပါတယ်ဆိုမှ ခင်ဗျားက မဆလ-စတိုင်နဲ့ အမိန့်လာပေး နေပြန်ပြီ” ဆိုပြီး တိုးတိုးတမျိုး၊ မကြားတကြားတမျိုး မကြာခဏ ကျနော်အပြောခံရဖူးပါတယ်။

“ကျောင်းသားတပ်မတော်ဆိုတာ ကမ္ဘာမှာ တခုပဲရှိတယ်၊ ဘယ်အဖွဲ့နဲ့မှ မတူနိုင်ဘူး၊ လွတ်လပ်တဲ့တပ်မတော် ဖြစ်တယ်၊ တင်းကျပ်တဲ့ စည်းကမ်းတွေမလိုဘူး” လို့ ပြောဆိုပြီး ထုတ်သမျှ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာနိုင်ဘူးလို့ လုပ်နေသူတွေကိုလည်း တွေ့ရဖူးပါတယ်။

တောထဲရောက်တဲ့အထိ ဆန္ဒပြနေဆဲဖြစ်တဲ့ ကျောင်းသူ-ကျောင်းသားတွေ။

ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီအချိန်ထိ တောထဲမှာ ပေးခဲ့သမျှ သင်တန်းတွေထဲမှာ စစ်သင်တန်းနဲ့ နိုင်ငံရေးသင်တန်းလောက်ပဲ ရှိသေးပြီး အုပ်ချုပ်မှုအတတ်ပညာ သင်တန်းပေးတယ်လို့ တခါမှမကြားမိသေးပါ။

နိုင်ငံရေးပညာနဲ့ အုပ်ချုပ်ရေးပညာ ခပ်ဆင်ဆင်လို့ထင်ရပေမယ့် တကယ်ကတော့ မတူပါဘူး။ နိုင်ငံရေးသဘောတရား သိပ်တော်တဲ့လူတွေ အုပ်ချုပ်ရေးကိုင်တဲ့အခါ အဆင်မပြေတာတွေ၊ လူအများစုနဲ့ အဆင်ပြေအောင် မနေတတ်တဲ့ နိုင်ငံရေးသမားတွေကို ကျနော်တွေ့ဖူးပါတယ်။

ဒီလိုနဲ့ အုပ်ချုပ်ရေးပညာ လေ့လာမှဖြစ်မယ်ဆိုပြီး စာအုပ်စာတမ်းတွေ လိုက်ရှာတော့ ဒေါက်တာမောင်မောင်ရေးထားတဲ့ “စီမံခန့်ခွဲမှု အတတ်ပညာ” ဆိုတဲ့စာအုပ်ကို ရှေ့မှာပြောခဲ့တဲ့ တပ်ရင်းစာကြည့်တိုက်မှာ သွားတွေ့ပါတယ်။

ဒါပေမယ့် စိတ်ဓာတ်တွေ သိပ်တက်ကြွလွန်းနေတဲ့ ကျနော်တို့ဟာ လူနဲ့စာ၊ သို့မဟုတ် မဆလ သမ္မတတာဝန် ထမ်းခဲ့ဖူးတဲ့လူနဲ့ အဲဒီလူရဲ့အတတ်ပညာကို သီးခြားစီ ခွဲမြင်နိုင်စွမ်းမရှိပါ။ မဆလ သမ္မတဟောင်း ရေးတဲ့စာအုပ်ဆိုရင်တော့ မဆလ-စနစ်လိုပဲ ဆိုးလိမ့်မယ်လို့ ကောက်ချက်ဆွဲလိုက်ပါတယ်။

စာအုပ်ထဲမှာပါတဲ့ ပညာရပ်ဆိုင်ရာကိစ္စတွေကို အသေချာမလေ့လာတော့ပဲ စာရေးသူရဲ့အမည်ကို ကြားတာနဲ့ပဲ အဲဒီစာအုပ်ဟာ ပယ်စာရင်း ဝင်သွားပါတော့တယ်။

“အဲဒါကြီးနဲ့တော့ မဖြစ်ဘူးထင်တယ် ဟေ့လူ။ မဆလကို တော်လှန်ဖို့ ထွက်လာသူတွေကို မဆလ သမ္မတ ရေးထားတဲ့ စာအုပ်ကိုင်ပြီး သွားအုပ်ချုပ်ရင် ပြဿနာတက်လိမ်မ့ယ်” ဆိုပြီး ကျနော်တို့ အုပ်ချုပ်ရေး ကိုင်ရသူတွေကြား ငြင်းခုန်ကြတာကိုလည်း အမှတ်ရနေပါတယ်။

“အဲဒီစာအုပ်တွေ မလိုပါဘူးကွာ။ အုပ်ချုပ်ရေးမှူးကောင်းဆိုတာ ကိုယ်တိုင်ဘာမှ တတ်စရာမလိုဘူး။ တတ်ထားသူတွေကို စနစ်တကျ ခိုင်းတတ်ဖို့ပဲလိုတယ်” လို့ ပြောသူတွေလည်း ရှိပါတယ်။ ဒါက အုပ်ချုပ်ရေးနဲ့ သဘောတရား အပိုင်းပါ။

ဒါပေမယ့် စစ်ရေးအပိုင်းမှာတော့ ကျနော်တို့ ကျိုးဖိုးတွေဟာ နဝတ-တပ်ရဲ့ ဖွဲ့စည်းပုံနဲ့ အမိန့်နာခံမှုအပိုင်းကို အားကျနေပြန်ပါတယ်။ မဆလ၊ နဝတ တပ်ထွက်တွေပေးတဲ့ စစ်သင်တန်းကို KNU ကပေးတဲ့ စစ်သင်တန်းထက် ပိုအလေးထားတာကို ကျနော်တွေ့ခဲ့ရပါတယ်။

ဒီလိုနဲ့ ကျနော်တို့ ကျိုးဖိုးတပ်မတော်ဟာ ရှေ့မှာတင်ပြခဲ့တဲ့ နောင်တော်သူပုန်တပ်မတော် အသီးသီးလို နိုင်ငံတကာဆီကလည်း စစ်ဖက်ဆိုင်ရာအကူညီ ဘာမှမရ၊ ရန်ပုံငွေလည်းမရှိ၊ အခွန်ကောက်ဖို့ နယ်မြေလည်းမရှိ၊ ဘာဆိုဘာမှကို မရှိတဲ့တပ်မတော်ကြီးပါ။

စားဖို့အတွက် ရိက္ခာကို အလှူရှင်တွေဆီက အလှူခံ၊ စစ်တိုက်ဖို့ သေနတ်ကို KNU ဆီက ဝယ်ယူ၊ တောင်းယူ။ ဒါမှမဟုတ် ရှေ့တန်းမှာရှိတဲ့ နဝတ စခန်းတွေ၊ ရဲစခန်းတွေကို ဝင်သိမ်းပြီးရအောင်ယူ။ ပို့ဆောင်ဆက်သွယ်ရေးအတွက် ယာဉ်တွေကို သူများဆီက အကူညီတောင်း။

ဒီလို ဘာမှမရှိတဲ့ တပ်မှာ၊ ရှေ့ကရဲဘော်တွေ ပြောခဲ့တဲ့ စကားလုံးအတိုင်းဆိုရင် “ကမ္ဘာမှာ တခါမှ မပေါ်ဖူးသေးတဲ့ ပထမဆုံး ကျောင်းသားတပ်မတော်” မှာ ဗိုလ်လုပ်ပြီး နေ့စဉ် စား ဝတ်နေရေး၊ စစ်တိုက်ရေး၊ တပ်ရင်းလည်ပတ်ရေး ကိစ္စတွေကို တကယ်တမ်း ဦးစီးဆောင်ရွက်တဲ့အခါမှာ တကယ့်ကို မလွယ်ကျောပါ။

…………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂)>>>>>

ထက်အောင်ကျော်