လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

0
3317

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနီးသို့ ပျူစောထီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာနေသည့်အတွက် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက် နံနက်ကစပြီး လယ်သစ်ရွာဖက်သို့ စစ်ကြောင်းထိုးလာနေပြီး လက်ရှိအချိန်တွင် လယ်သစ်အရှေ့ကမ်းနှင့် အနောက်ကမ်းနေ ရွာသားများ ဘေးလွတ်ရာ တောတောင်အတွင်းသို့ သွားရောက်နေထိုင်နေကြပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ပြေးရပြန်ပြီ။ အနောက်ကမ်းရော၊ အရှေ့ကမ်းရော နှစ်ရွာစလုံးပဲ။ စစ်တပ်က ဒီနေ့ဆို ရွာအနီးရောက်နေပြီလို့ ကြားရတယ်။ ဒီညနေကို ပစ်ကြတော့မလား မသိဘူး” ဟု လယ်သစ်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နှင့် ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက်တို့တွင် လေယာဉ်များ ပျံသန်းခဲ့သည်ကို တွေ့ရကြောင်း ဒေသခံတို့က ပြောဆိုသည်။

လယ်သစ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မကြာခဏတိုက်ပွဲဖြစ်လေ့ရှိသည်။

စစ်ကောင်စီတပ်က လယ်သစ်အနောက်ကမ်းတွင် နေရာယူကာ အရှေ့ကမ်းရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရွာသားအချို့အား ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံများသည် ရွာအတွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်နေသည်မှာ နှစ်လခန့်သာ ရှိသေးပြီး ယခုအခါ ထပ်မံပြေးရပြန်ပြီဟု ဒေသခံများက ဆိုသည်။

လယ်သစ်ကျေးရွာသည် တနင်္သာရီမြစ်လက်တက်တစ်ခုပေါ် တည်ထားပြီး အိမ်ခြေရှစ်ရာဝန်းကျင်ရှိကာ အများစုသည် ဥယျာဉ်ခြံမြေနှင့် လယ်ယာလုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်ကြသည်။