မဟာချိုင်တွင် ငွေယူပြီး အလုပ်လည်းမသွင်းပေး၊ နေခွင့်ကတ်လည်း မလုပ်ပေးသည့် မြန်မာပွဲစား အဖမ်းခံရ

0
3309
Photo – AAC - မဟာမိတ်အဖွဲ့

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် မြန်မာအလုပ်သမား ၅၀ကျော်ကို အလုပ်ရှာပေးပြီး နေထိုင်လုပ်ကိုင်ခွင့်လက်မှတ်ပါ လုပ်ပေးမည်ဟုဆိုကာ ငွေကြေးရယူထားသော်လည်း တစ်စုံတစ်ရာ မလုပ်ပေးသည့် မြန်မာပွဲစားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှသိရသည်။

မြန်မာပွဲစား ဦးကျော်စိုးဆိုသူကို စမူစခွန်ခရိုင် မဟာချိုင်မြို့ ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၂ ရက်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုင်းလုံစင် ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်ရမည်ဖြစ်ပြီး နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်ကတ်) ပါ လုပ်ပေးမည်ဟုဆိုကာ မြန်မာပွဲစားသည် အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၄၀၀၀ အထိ ကြိုတင်ယူထားခဲ့ကြောင်း AAC အဖွဲ့ထံမှ သိရသည်။

အချိန်သုံးလကျော်ကြာ စောင့်ဆိုင်းသော်လည်း အလုပ်မရရှိသေးသည့်အပြင် ပန်းရောင်ကတ်လုပ်ရန် အမည်စာရင်း သွင်းထားခြင်းပင် မရှိသဖြင့် အလုပ်သမားများက AAC ထံသို့ လာရောက်အကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ပန်းရောင်ကတ်ပြုလုပ်ရန် အမည်စာရင်း (Name List) ရရှိလာသူများအနေဖြင့် ဆေးစစ်ခြင်း၊ လက်ဗွေနှိပ်၊ မျက်လုံး Scan ဖတ်ခြင်း စသောလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြပြီဖြစ်သည်။

ထို့ကြောင့် ငွေကြေးရယူပြီး တစ်စုံတစ်ရာ မလုပ်ပေးသည့်အပေါ် လာရောက်ဖြေရှင်းပေးရန် ပွဲစားထံ ဖုန်းဖြင့် ဆက်သွယ်ရာ မလာနိုင်ဟု ပြန်ဖြေကြားကြောင်း AAC ထံမှ သိရသည်။

ယင်းနောက် အလုပ်သမားများကိုယ်တိုင် နယ်မြေရဲစခန်းကို အကူအညီသွားတောင်းခဲ့ရာ မဟာချိုင် ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း AAC – မဟာမိတ်အဖွဲ့မှ ဒါရိုက်တာ ဦးလှခိုင်က ဆိုသည်။

“ကလေးတွေက အလုပ်မရှိဘဲ နှစ်လ သုံးလ ထိုင်စောင့်နေရတော့ လာတိုင်ကြတာ။ သူ့ကိုယ်တော့ လက်ရှိအချိန် အထိ ထိန်းသိမ်းထားတုန်း။ အလုပ်သမားတွေရဲ့ ပိုက်ဆံအားလုံးကို ပြန်လျော်ပေးမယ်ဆိုရင်တော့ ပြန်လွှတ်ပေး မှာပါ။ ထိန်းသိမ်းထားတယ်ဆိုတာကလည်း အလုပ်သမားတွေဆီက ယူထားတဲ့ ငွေတွေကို တာဝန်ယူမှု တာဝန်ခံမှု မပေးနိုင်လို့ ဆိုတဲ့သဘောပါ” ဟု ၎င်းက ပြောသည်။  

ဦးကျော်စိုးဆိုသူ မြန်မာပွဲစားထံတွင် အလုပ်ရရှိရန် ကြိုတင်ငွေပေးချေထားသူ မြန်မာအလုပ်သမား ၅၀ ကျော် အထိ ရှိနေသည်ဟုသိရသဖြင့် ဘတ်ငွေ ငါးသိန်းမှ ခုနစ်သိန်းအထိ ပေးလျော်ရန် ရှိနေကြောင်း မြန်မာအလုပ်သမားများက ပြောဆိုသည်။

မြန်မာအလုပ်သမားများသည် အလုပ်မရရှိသည့်အပြင် နေထိုင်ခွင့်အထောက်အထားအတွက်ပါ မရရှိတော့သဖြင့် အခက်အခဲကြုံတွေ့နေခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

မဟာချိုင်နယ်တစ်ဝိုက်တွင် ယခင်က ပြုလုပ်ပေးခဲ့သော ဘတ် ၅၀၀ တန် ရဲကတ် (ပုလိပ်ကတ်) ကိုလည်း ထိုင်းရဲတပ်ဖွဲ့က တင်းတင်းကျပ်ကျပ် ပြုလုပ်လိုက်သဖြင့် အထောက်အထား မရှိသော မြန်မာအလုပ်သမား များအတွက် နေထိုင်ရေး အခက်အခဲ ကြုံတွေ့လာခဲ့ရခြင်းဖြစ်သည်။

မဟာချိုင်ဒေသ စက်မှုဇုန်သည် မြန်မာအလုပ်သမားများစွာ နေထိုင်လုပ်ကိုင်လျက်ရှိနေခဲ့ပြီး ဘတ်မရှိ အထောက် အထားမရှိသော အချိန်တွင် ပွဲစားများထံမှ ငွေလိမ်ခံရခြင်းများ ဆက်တိုက်ကြုံတွေ့နေခဲ့ရခြင်း ဖြစ်သည်။

အောက်တိုဘာလ အစောပိုင်းတွင်လည်း အလုပ်ရှာပေးမည်၊ ပန်းရောက်ကတ်လုပ်ပေးမည်ဟုဆိုကာ ပွဲစားက မြန်မာ အလုပ်သမား တစ်ရာကျော်ထံမှ တစ်ဦးလျှင် ၁၅၀၀၀ နီးပါး ကြိုတင်တောင်းခဲ့ခဲ့ပြီး တစ်လကြာသည်အထိ အလုပ် မရသေးကြောင်း အလုပ်သမားများထံမှ သိရသည်။

Photo – AAC – မဟာမိတ်အဖွဲ့