သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၀)

0
300
ကန်ချနဘူရီမြို့က ကွေးမြစ်တံတား

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၉)

အပိုင်း-၃- (အများသွားတောင်ကြားလမ်းက စစ်သည်တော်များ)

အခန်း-၂၀-

(၁) ကန်ချနဘူရီ (သို့) မြန်မာ့တော်လှန်ရေးသမိုင်းထဲက မြို့

ကန်ချနဘူရီမှာ ကျနော်တို့ တည်းခိုလေ့ရှိတဲ့နေရာက River Kwai ဟိုတယ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ V-Guest House ဖြစ်ပါတယ်။ ဘုရားသုံးဆူဘက်ကလာတဲ့ ကျောင်းသားတွေလည်း ဒီမှာတည်း လေ့ရှိတယ်လို့ ကြားရပေမယ့် ကျနော်နဲ့တော့ တခါမှမဆုံဖြစ်ပါဘူး။ ကန်ချနဘူရီမြို့ဟာ ကျနော်တို့ မင်းသမီးခစန်းရှိတဲ့ ထိုင်းနယ်စပ်က ဖုနန်းလွန် သို့မဟုတ် ရေပူရွာ (အခု ကန်ချနပူရီ-ထားဝယ် အဝေးပြေးကားလမ်းပေါ်က ထိုင်းနယ်စပ်ဂိတ်ရှိတဲ့ရွာ) နဲ့ တနာရီခွဲ ခရီးလောက်သာရှိပေမယ့် အဲဒီခေတ်က လမ်းသိပ်မကောင်းသေးပဲ မြေနီလမ်းအဆင့်ပဲ ရှိပါသေးတယ်။

နောက်တခါ ဖုနန်းလွန် နယ်စပ်ကနေ ထီးခီးကိုဝင်တဲ့လမ်း၊ အထူးသဖြင့် ထီးခီးကနေ ထီးထာ ဆင်းတဲ့လမ်းဟာ အတော်ဆိုးနေပါတယ်။ နယ်စပ်ရှိ KNU တပ်မဟာ (၄) ဌာနချုပ် ထီးခီးကနေ ကျနော်တို့ စခန်းရှိတဲ့ အမာရာဆီ နောက်ထပ် တနာရီကျော်ကျော် ထပ်မောင်းရပါသေးတယ်။

ဒါက နွေရာသီကို ပြောတာပါ။ မိုးရာသီဆိုရင်တော့ ထီးခီးအထိပဲ ကားသွားနိုင်ပြီး ထီးခီးကနေ ကျနော်တို့ စခန်းရှိရာ အမာရာရွာဆီ ၃ နာရီကျော်ခရီးကို ဆန်အိတ်တွေ၊ ရိက္ခာတွေထမ်းပြီး လမ်းလျှောက်သွားရပါတယ်။ နောက်တခါ ကန်ချနဘူရီကနေ နယ်စပ် ဖုနန်းလွန်ရွာဆီ အဲဒီကာလက လိုင်းကား မပြေးသေးပါဘူး။

ဆိုလိုတာကတော့ မင်းသမီးခစန်းဟာ ကန်ချနဘူရီနဲ့အနီးဆုံး၊ ဘန်ကောက်နဲ့အနီးဆုံး စခန်းလို့ ပထဝီအနေအထားအရ ပြောနိုင်ပေမယ့် တကယ့်လက်တွေ့ ကားလမ်းအခြေနေအရတော့ နတ်အိမ်တောင်စခန်းနဲ့ ဘုရားသုံးဆူစခန်းတို့က ပိုပြီးအဝင်အထွက်လုပ်လို့ ကောင်းတဲ့နေ ရာတွေဖြစ်နေပါတယ်။

ကန်ချနဘူရီကနေ ဘတ်စကားနဲ့ တနာရီခွဲလောက် ဆက်သွားရင် ထုံပါဖုံ သို့မဟုတ် ထားဝယ်သားတွေ အခေါ် ထပ်ခနောင်မြို့ (ရေအိုင်ကြီးဘေးက လှေဆိပ်မြို့) ကို ရောက်ပါတယ်။ အဲဒီမြို့မှာ ထားဝယ်နဲ့ ကံပေါက်သားတွေ အများအပြားနေထိုင်ပြီး နတ်အိမ်တောင် နယ်စပ်ဂိတ်ဆီသွားတဲ့ လမ်းဆုံမြို့ဖြစ်ပါတယ်။

ထပ်ခနောင်-နတ်အိမ်တောင် လိုင်းကားတွေ တနာရီတစီးနှုန်းရှိနေပြီး ကားသမားရော၊ ကားနောက်လိုက်ရော၊ ခရီးသည်တွေပါ အားလုံးနီးပါးဟာ ထားဝယ်သားတွေဖြစ်ပြီး ထားဝယ်သံ အော်ကျယ် အော်ကျယ်နဲ့ ပြောနေကြတာကို ကြားရနိုင်ပါတယ်။

အဲဒီ ထပ်ခနောင်ကနေ လိုင်းကားနဲ့ တနာရီဝန်းကျင် တောင်ပေါ်တက်သွားလိုက်ရင် နတ်အိမ်တောင်စခန်းကို ရောက်ပါတယ်။ အဲဒီမှာ KNU တပ်မဟာ ၄ ရဲ့ လက်အောက်ခံ တပ်ရင်း (၁၀) ကတပ် တွေရှိသလို ကျနော်တို့ ABSDF (၂၀၁) တပ်ရင်းရဲ့ တပ်ခွဲ (၂) အခြေစိုက်တဲ့နေရာလည်းဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်မှာ နတ်အိမ်တောင်ကို နဝတ-စစ်အစိုးရတပ်တွေ မသိမ်းမီအထိ၊ တနည်းအားဖြင့် ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း မစမီအထိ နတ်အိမ်တောင်စခန်းဟာ ဒီဒေသအတွင်း အစည်ကားဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းတခုဖြစ်ခဲ့ပါတယ်။

နောက် အဲဒီကနေ ဆက်ပြီး ဘုရားသုံးဆူဘက်ကို သွားမယ်ဆိုရင်လည်း ခုနက ထပ်ခနောင်မြို သို့မဟုတ် ထုံပါဖုံမြို့ကနေ နောက်ထပ် တနာရီ ဘတ်စကားဆက်စီးရင် စံခရဘူရီမြို့ကိုရောက်ပါတယ်။ စံခရဘူရီကနေ ၁၅ မိနစ်လောက် လိုင်းကား ထပ်စီးလိုက်ရုံနဲ့ ကျောင်းသားစခန်းတွေနဲ့ မွန်ပြည်သစ်ပါတီဌာနချုပ်ရှိရာ နန်းမကိတ်ရွာကို တန်းပြီး ရောက်နိုင်ပါတယ်။

ဒါကြောင့်လည်း ဘုရားသုံးဆူစခန်းဟာ ဘန်ကောက်နဲ့ ဆက်သွယ်မှု အလွယ်ကူဆုံး၊ ပြင်ပကမ္ဘာက လူတွေနဲ့ဆက်သွယ်မှုလုပ်လို့ အကောင်းဆုံးနေရာဖြစ်ခဲ့တဲ့အတွက် မင်းသမိးစခန်းထက် ဘုရားသုံးဆူကို နိုင်ငံတကာသတင်းထောက်တွေ ပိုအသိများခဲ့ဲ့တယ်လို့ ကျနော်တွက်ဆမိပါတယ်။

တဆက်တည်း စဉ်းစားမိတာကတော့ နတ်အိမ်တောင်နဲ့ စံခရဘူရီဟာ ဒီလိုလမ်းပန်း ဆက်သွယ်ရေး လွယ်ကူတာကြောင့် ကျနော်တို့အရင် နှစ် ၂၀ လောက်စောပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ခဲ့ဖူးတဲ့ ပြည်ချစ်တပ်မတော်က နတ်အိမ်တောင်မှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်စခန်း ဖွင့်ခဲ့တာလို့ ထင်ပါတယ်။

ပြည်ချစ်လက်ကျန် တော်လှန်ရေးသမားတချို့ကို KNU နယ်မြေနဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တွေ့ခဲ့ဖူးပေမယ့် သူတို့ရဲ့လှုပ်ရှားမှုအကြောင်း အသေချာမှတ်တမ်းတင်ထားတာမျိုး (ဦးတင်မောင်ဝင်းရဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေး စာအုပ်မှအပ) မတွေ့မိသေးပါဘူး။

(၂) သေမင်းတမန်ရထားလမ်းနဲ့ စစ်သင်္ချိုင်း

ကန်ချနဘူရီမြို့က ကွေးမြစ်တံတားစစ်သင်္ချိုင်း

ဒီလို အစဉ်လာရှိခဲ့တဲ့၊ တောင်ပိုင်းဒေသ သူပုန်စခန်းတွေအားလုံးအတွက် လမ်းဆုံဖြစ်တဲ့ ကန်ချနဘူရီမြို့အကြောင်းကို ပြန်ကောက်ရမယ်ဆိုရင် ဒီမြို့ဟာ စိုက်ပျိုးရေး အလွန်ဖြစ်ထွန်းတဲ့မြို့ဖြစ်သလို သမိုင်းဝင်နေရာ အများအပြားရှိတဲ့မြို့လည်းဖြစ်ပါတယ်။

အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ ကန်ချနဘူရီ-သံဖြူဇရပ် သေမင်းတမန်ရထားလမ်းရဲ့ လက်ကျန်ပြယုဂ်တွေကို ဒီမြို့မှာ အသေချာပြသထားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ရှေ့မှာပြောခဲ့တဲ့ V-Guest House မှာတည်းပြီး ကျနော်တို့ ပထမဆုံးသွားလည်ဖြစ်တဲ့ နေရာဟာလည်း အဲဒီ ရထားလမ်းမှာ လုပ်အားပေးရင်းနဲ့ သေဆုံးသွားတဲ့ ထောင်နဲ့ချီရှိတဲ့ မဟာမိတ်တပ်သားတွေရဲ့ စစ်သင်္ချိုင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတုန်းကလည်း ပြိုင်ဘီးစီးလေ့ကျင့်ရင်းနဲ့ ထောက်ကြံ့နဲ့သံဖြူဇရပ်ဘက်က အလားတူ စစ်သင်္ချိုင်း ၂ ခုကို ကျနော်မကြာခဏ ဝင်ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သမိုင်းကြောင်းကို စိတ်ဝင်စားရကောင်းမှန်းမသိပဲ လေ့ကျင့်ခန်းလုပ်ဖို့ တခုတည်းကိုပဲ စိတ်ဝင်စားခဲ့လို့ အုတ်ဂူတွေမှာ ဘာတွေရေးထားမှန်း ကျနော်မသိခဲ့ပါ။

ဒီသင်္ချိုင်း ၃ ခုစလုံးဟာ သေမင်းတမန် ရထားလမ်းစီမံကိန်းအတွင်း ကျဆုံးသွားတဲ့ မဟာမိတ်တပ်သားတွေရဲ့ အုတ်ဂူတွေဖြစ်ပြီး နှင်းဆီပန်းတွေ၊ မြက်ခင်းစိမ်းစိမ်းတွေနဲ့ အသေချာ ပြင်ထားလို့ သင်္ချိုင်းနဲ့မတူဘဲ ပန်းခြံနဲ့ ပိုတူနေတာတွေ့ရပါတယ်။

နောက်တခါ ထောက်ကြံ့နဲ့သံဖြူဇရပ်ရှိ စစ်သင်္ချိုင်းဆီ ကျနော်ရောက်ခဲ့စဉ်က နိုင်ငံခြားသားဧည့်သည်တွေကို တဦးစနှစ်ဦးစသာ တွေ့ရပေမယ့် ဒီ ကန်ချနဘူရီ စစ်သချုႋင်းမှာတော့ ထောင်နဲ့ချီပြီးရှိမလားပဲ။ နိုင်ငံခြားဧည့်သည်တွေ အတော်စိတ်ဝင်စားတဲ့ နေရာတခုအဖြစ် ကျနော် သတိထားမိပါတယ်။

စစ်သင်္ချိုင်းရဲ့ဘေးမှာတော့ သေမင်းတမန်ရထားလမ်း သမိုင်းပြတိုက်ရှိပါတယ်။ ရထားလမ်းဖောက်စဉ်က မဟာမိတ်စစ်သုံ့ပန်းတွေကို ဂျပန်တပ်က ခိုင်းစေနေပုံ၊ နောက်တခါ မြန်မာနိုင်ငံက ချွေးတပ်ဆွဲခံရတဲ့ အရပ်သားတွေကို ခိုင်းစေနေပုံ၊ အာဟာရပြတ်၊ ဆေးဝါးပြတ်ပြီး သေဆုံးသွားပုံတွေကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ အသေချာ ပြသားထားတာ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းတာကတော့ ကျဆုံးသွားတဲ့ မဟာမိတ်စစ်သည်တွေကိုပဲ ဒီသင်္ချိုင်းတွေမှာ အုတ်ဂူတွေနဲ့ မှတ်တမ်းတင်ထား တာတွေ့ရပြီး ကျနော်တို့မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့ ချွေးတပ်သားတွေရဲ့ အုတ်ဂူတွေ ဘယ်နားရှိမှန်းတော့ သိခွင့်မရခဲ့ပါဘူး။

ဒီလိုတွေးရင်းနဲ့ မြန်မာနိုင်ငံမှာတုန်းက ဖတ်ဖူးတဲ့ လင်းယုန်သစ်လွင်ရဲ့ “ထိုင်း-မြန်မာ မီးရထားလမ်း ကိုယ်တွေ့ ချွေးတပ်မှတ်လမ်း” စာအုပ်ကို အမှတ်ရမိပါတယ်။

အဲဒီပြတိုက်ကနေ ၁၀ မိနစ်လောက် စန်လွန့် (ဆိုက်ကား) စီးပြီး ဆက်သွားတော့ ဒီရထားလမ်းရဲ့ သမိုင်းဝင် ကွေးမြစ်တံတားကြီး (River Kwai Bridge) ကို ရောက်ပါတယ်။ ဒီတံတားနဲ့ သေမင်းတမန် ရထားလမ်းအကြောင်း ရိုက်ကူးထားတဲ့ ကွေးမြစ်ပေါ်က တံတား (The Bridge on the River Kwai) ရုပ်ရှင်ဟာ အတော် နာမည်ကြီးတယ်လို့ သိရပါတယ်။

သေမင်းတမန်ရထားလမ်းနဲ့ ဒီတံတားကြီးကို ၁၉၄၂ ခုနှစ်မှာ ဂျပန်က ဆောက်လုပ်ခဲ့ပြီး ၁၉၄၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မဟာမိတ်တပ်တွေက ဗုံးကြဲဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုဝင်ဘာနှောင်းပိုင်းနဲ့ ဒီဇင်ဘာမှာ နှစ်ပတ်လည်ပွဲတွေ တခမ်းတနားကျင်းပလေ့ရှိပြီး နိုင်ငံတကာဧည့်သည်တွေနဲ့ အတော်စည်ကားနေပါတယ်။

ဒီရထားလမ်းဟာ မြန်မာနိုင်ငံ သံဖြူဇရပ်မြို့ကနေ ထိုင်းနိုင်ငံ ဘန်းပေါင်မြို့ (ကန်ချနဘူရီနဲ့ ဘန်ကောက်ကြားက မြို့တမြို့) အထိ မိုင်ပေါင်း ၂၅၀ အရှည်ရှိတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ အခုချိန်မှာတော့ မိုင် ၂၅၀ စလုံး ရထားမပြေးနိုင်တော့ပါ။

ဒါပေမယ့် သေမင်းတမန်ရထားလမ်း အမှတ်တရအဖြစ် ကန်ချနဘူရီရှိ ဒီတံတားကြီးကနေ ဘုရားသုံးဆူဘက်သွားတဲ့ လမ်းပေါ်က စိုင်ယွတ် (Sai Youk) မြို့အထိ ကမ္ဘာလှည့်ခရီးသည်ရထား ပြေးဆွဲနေဆဲ ဖြစ်ပါတယ်။

(၃) ကန်ချနဘူရီမှ သမိုင်းဝင် အများသွားတောင်ကြားလမ်းဆီသို့

နတ်အိမ်တောင် နယ်စပ်စခန်းအား ၂၀၁၃ ခုနှစ်မှာ မြင်ရစဉ်။

ဒီတံတားဆီ ပထမဆုံးအခေါက် ကျနော်ရောက်ခဲ့တဲ့ ၁၉၈၉ ခုနှစ် ဒီဇင်ဘာဝန်းကျင်တုန်းကတော့ စစ်သင်္ချိုင်း၊ သေမင်းတမန် ရထားလမ်းနဲ့ မြန်မာနိုင်ငံက ချွေးတပ်စခန်းတွေလောက်ကိုသာ ဆက်စပ်စဉ်းစားမိခဲ့ပါတယ်။

ဒါပေမယ့် အခု နှစ် ၂၀ ကျော်ကြာပြီး ဒီမြို့အကြောင်း ဆောင်းပါး တကယ်ရေးတဲ့အခါမှာတော့ အဲဒီ ၃ ချက်အပြင် ဒီရထားလမ်း၊ ကန်ချနပူရီမြို့နဲ့ ကျနော်တို့ မင်းသမီးခစန်း ဆက်စပ်နေပုံကိုပါ စဉ်းစားမိလာပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ဖော်မိုဆာကျွန်းမှာ စစ်ပညာသင်ပြီး ပြန်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဟာ ဒုတိယကမ္ဘာစစ် အစောပိုင်းကာလ၊ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဘန်ကောက်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီ BIA ထဲက စစ်ကြောင်းတခုဟာ ဘန်ကောက်နေ ကန်ချနဘူရီမြို့ကို ဆင်းလာပါတယ်။ ကန်ချနဘူရီကနေတဆင့် ထိုင်း- နယ်စပ်ကိုဖြတ်ပြီး အများတောင်ကြားလမ်းကနေ ကျနော်တို့ မင်းသမီးခစန်းရှိရာ တနင်္သာရီမြစ်ဝဆီ ဆင်းလာတယ်လို့ သိရပါတယ်။

အဲဒီက တဆင့် (အခု ကန်ချနဘူရီ-ထားဝယ် အဝေးပြေးကားလမ်း ဖောက်နေတဲ့) ထီးထာ၊ အမို၊ ဆင်ဖြူတိုင်၊ အိုင်ဝိုင်း၊ မေတ္တာ၊ တောင်သုံးလုံးကနေ ထားဝယ်မြို့ကို ဝင်သိမ်းခဲ့တဲ့ သမိုင်းစဉ်ကို ကျနော် ဆက်စပ်စဉ်းစား နေမိပါတယ်။

ဒီလိုစဉ်းစားဖို့ ဖြစ်လာစေတဲ့အချက်တခုကတော့ ကန်ချနဘူရီကနေ ကျနော်တို့ မင်းသမီးစခန်းဆီ အဝင်လမ်းမှာရှိတဲ့ ဖုနန်းလွန်ရွာကို မရောက်ခင် ဟွေးနန်းခေါင် သို့မဟုတ် ရေဖြူဆိုတဲ့ရွာကနေ ကျနော်တို့ ကျောင်းသားစခန်း ဂိတ်ဝအနီးက အများသွားလမ်းကြားထိပ်အထိ ကားလမ်းကြမ်းရှိနေလို့ ဖြစ်ပါတယ်။

အဲဒီကာလက ထိုင်းနိုင်ငံထဲကနေ မင်းသမီးစခန်းဆီ ဝင်နိုင်တဲ့ လမ်းကြောင်း ၄ ခုလောက်ရှိပြီး အပေါ်ဆုံး လမ်းကြောင်းက စိုင်ယွတ်-ဘောတီ-အမို-လမ်းကြောင်းဖြစ်ပါတယ်။ ဒုတိယလမ်းကြောင်းကတော့ ကန်ချနဘူရီ-ဖုနန်းလွန်-ထီးခီးလမ်းကြောင်း ဖြစ်ပါတယ်။ တတိယလမ်းကြောင်းကတော့ ကန်ချနဘူရီ-ဟွေးနန်းခေါင်-အမာရာ-လမ်းကြောင်းဖြစ်ပါတယ်။ စတုတ္တလမ်းကြောင်းကတော့ ရတ်ချပူရီ-တဂိုလမ်း (အခု ထန်းဟင် ဒုက္ခသည်စခန်းအနီးကရွာ) မောထာလမ်းကြောင်း ဖြစ်ပါတယ်။

ဒီလမ်းကြောင်း ၄ ခုထဲက ဖုနန်းလွန်-ထီးခီး-လမ်းကြောင်းတခုကိုပဲ ကျနော်တို့ ကျောင်းသားတွေကို KNU က သုံးခွင့်ပေးထားတဲ့အတွက် တခြားလမ်းကြောင်းတွေဆီ ကျနော်တခါမှ မရောက်ဖူူးခဲ့ပါ။ ဒါပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေထဲက တနေ့မှာတော့ ဟွေးနန်းခေါင်ရှိ ကျောင်းဆရာလည်းဖြစ်၊ သစ်မှောင်ခို ကုန်သည်လည်းဖြစ်တဲ့ ထိုင်းအရာရှိတဦးရဲ့ ကားကြုံနဲ့ လိုက်သွားရင်း မမျော်လင့်ဘဲ ဟွေးနန်းခေါင်-အမာရာ၊ သို့မဟုတ် ဟွေးနန်းခေါင်-အများတောင်ကြားလမ်းအတိုင်း ကျနော်ရောက်ဖူးသွားတာ ဖြစ်ပါတယ်။

အဲဒီကာလ ကျနော်တို့ခစန်း တပ်တည်နေရာဟာ တနင်္သာရီမြစ် တဖက်ကမ်းက မောင်တော်စခန်းမှာ မဟုတ်တော့ပဲ တနင်္သာရီမြစ် ဒီဘက်ကမ်းက အမာရာရွာအနီး ရောက်နေပြီဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ကျနော်တို့မင်းသမီးခစန်း အခြေစိုက်တဲ့ အမာရာ သို့မဟုတ် အများတောင်ကြားလမ်း ဒေသဆိုတာဟာ ရဲဘော်သုံးကျိပ်ရဲ့ သမိုင်းဝင် စစ်ချီလမ်းကြောင်းပေါ်ကနေရာ တခုဖြစ်နေပါတယ်။

အများသွားတောင်ကြားလမ်းထိပ်ရှိ အမရာစခန်းက ကျောင်းသားစစ်သည်များ.

ဒုတိယကမ္ဘာစစ်၊ ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့တော်လှန်ရေးတွေနဲ့ ငါတို့စခန်းနေရာ ဆက်စပ်နေတယ်။ ငါတို့ရဲ့ စစ်အာဏာရှင်တော်လှန်ရေးနဲ့ ရဲဘော်သုံးကျိပ်ရဲ့ ကိုလိုနီနယ်ချဲ့ တော်လှန်ရေး ဆက်စပ်နေတယ်လို့ တွေးမိပါတယ်။

ဗိုလ်မှူးဗထူးလို ပုဂ္ဂိုလ်တွေ ငါတို့စခန်းကနေ ပေါ်ပေါက်လာစေရမယ်၊ ရဲဘော်သုံးကျိပ်နဲ့ ဗိုလ်မှူးဗထူးတို့အဖွဲ့ ထားဝယ်ကို သိမ်းသလိုမျိုး ငါတို့တပ်တွေလည်း ထီးထာ၊ အမို၊ ဆင်ဖြူတိုင်၊ အိုင်ဝိုင်း၊ မေတ္တာ၊ တောင်သုံးလုံးလမ်းအတိုင်း ချီတက်ပြီး ထားဝယ်ကို ဝင်သိမ်းနိုင်ရမယ်၊ အဲဒီကတဆင့် တနိုင်ငံလုံးကို သိမ်းနိုင်ရမယ်ဆိုပြီး တချိန်က စိတ်ကူးယဉ်ခဲ့ဖူးတာတွေကို ကျနော်အမှတ်ရနေဆဲ ဖြစ်ပါတယ်။
…………………..

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၁) >>>>>

ထက်အောင်ကျော်