သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅)

0
2932
ပုံစာ...၁- ကျောင်းသားတွေရဲ့ ပထမ ဆုံး မောင်တော်စခန်းပုံ

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄)

အပိုင်း-၁-

အခန်း-၅-

(၁) မောင်တော် ကျိုးဖိုးနဲ့ မင်းသမီး အမရာတို့တွေ့ပြီ…

ဒီခေါင်းစည်း စာသားကို ဖတ်ပြီး ထက်အောင်ကျော် တယောက် တောထဲမှာ နှစ်ပါးသွား ကဖို့ ပြင်နေသလားလို့တော့ မထင်လိုက်ပါနဲ့။ ကရင်စကား နှစ်လုံးကို ဗမာမှုပြုထားတဲ့ ကျနော်တို့ ကျောင်းသားစခန်း တပ်တည်နေရာနှစ်ခုကိုတွဲပြီး ပြောလိုက်တာပါ။

မောင်တော် ဆိုတာက ကျနော်တို့ ကျောင်းသားတွေရဲ့ ပထမဆုံးစခန်းနေရာဖြစ်ပြီး အမရာကတော့ ဒုတိယနဲ့ နောက်ဆုံးနေရာပါ။ မင်းသမီးဆိုတာကတော့ မင်းသမီးချောင်းဖျားနဲ့ ချောင်းဝမှာရှိတဲ့ KNU စခန်းနဲ့ ကရင်ရွာတွေကို ဆိုလိုတာပါ။

မင်းသမီးစခန်း (မူလ ကရင်စကားကတော့ မင်တမီ ပါ) ဆိုတာက ခုနက ကျနော်ရှေ့မှာ ပြောခဲ့တဲ့ ထားဝယ်ဘက်မှာ မြစ်ဖျားခံတဲ့ ဘန်းချောင်းနဲ့ ရေဖြူဘက်မှာမြစ်ဖျားခံတဲ့ ကွမ်းချောင်းတို့ မေတ္တာရွာ (အခုတော့ မေတ္တာမြို့) မှာဆုံပြီးဖြစ်ပေါ်လာတဲ့ တနင်္သာရီမြစ်နဲ့ ထိုင်းနယ်စပ်အနီးက မင်းသမီးချောင်းဖျား (မင်တမီခီး- ဒါမှမဟုတ် ထီးခီး) ကနေ ဆင်းလာတဲ့ ရေတွေ မြစ်ထဲစီးဝင်တဲ့နေရာ (ချောင်းဝ သို့မဟုတ် ထီးထာ) ကိုခေါ်တာပါ။

ရှေ့မှာပြောခဲ့တဲ့ ဘန်းချောင်းဘေးက KNU ခွဲ ၁ – ကနေ အခု ထီးထာ ချောင်းဝအထိ နှစ်ညအိပ် ခရီးနှင်ခဲ့ရပြီး နောက်တနေ့ ၁၂ နာရီ ဝန်းကျင်လောက်မှာတော့ ထီးထာ ချောင်းဝနဲ့ တနင်္သာရီမြစ်ဘေးမှာ ထိုးထိုးထောင်ထောင် အဖြူရောင် နှစ်ထပ် တိုက်တလုံးကို မြစ်ရဲ့ ဒီဘက်ကမ်းကနေ ကျနော်တို့ မြင်လိုက်ရပါတယ်။

ဒါဟာ တောတွင်းကာလ တလကျော် အချိန်အတွင်း ပထမဆုံး မြင်ရတဲ့ အသားနားဆုံး အဆောက်အအုံ ဖြစ်တဲ့အတွက် “ဝိုး… ကရင်သူပုန်စခန်းက တယ်ဟုတ်ပါလား” ဆိုပြီး ကျနော့်စိတ်ထဲ ကြိတ်လေးစား မိလိုက်ပါတယ်။ နောက်ပိုင်းမှ ပြန်သိရတာက အဲဒါဟာ KNDO (ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့) ရုံးခန်းဖြစ်ပြီး လက်ရှိ KNDO တပ်ရင်း ၇ ရင်းမှူး ဗိုလ်မှူး ဘော်ဒွင်ဇန် (ဥက္ကဋ္ဌကြီး မန်းဘဇံရဲ့ သားငယ်) ရုံးထိုင်တဲ့နေရာ ဖြစ်ပါတယ်။ (သူက ကျနော်တို့ တောထဲရှိစဉ်မှာ ကွယ်လွန်သွားပါတယ်။ သားကြီးကတော့ ဗိုလ်မှူး ရောဘဇန် ဖြစ်ပြီး အခုအမေရိကားမှာပါ။)

တနင်္သာရီမြစ်ကို လက်လှော်လှေတစီးနဲ့ ခေါက်တုန့်ခေါက်ပြန် ကူးအပြီးမှာတော့ ကျနော်တို့ ရဲဘော် ၄-ကျိပ် တပ်ဖွဲ့ကြီးဟာ ခုနက KNDO ရုံးဘေးက ဗိုလ်မှူးဘော်ဒွင်ဇန်ရဲ့ နေအိမ်ကိုရောက်လာပါတယ်။ ဥက္ကဋ္ဌကြီးရဲ့သား ကရင်စစ်ဗိုလ်ရဲ့ နေအိမ်ဆိုပေမယ့် ခုနက အဖြူရောင် ရုံးခန်းနဲ့တော့ ဘာမှမဆိုင်ပါဘူး။ သစ်တိုင်၊ သစ်ကာ၊ သွပ်ပြားမိုး အိမ်လေးသာဖြစ်ပြီး အဲဒီအိမ်ရှေ့မှာ ကျနော်တို့တတွေ ခြေကုန်လက်ပန်း ကျစွာနဲ့ နေရာယူလိုက်ပါတယ်။

အဲဒီမှာ ကျနော်တို့ ပထမဆုံး တွေ့ရတဲ့ ပုဂ္ဂိုလ်တွေကတော့ နတ်အိမ်တောင်ဘက်ကနေ ရောက်နေတဲ့၊ အခု စစ်ရေး အကဲခတ်အဖြစ် လူသိများနေသူ ကိုဌေးအောင်၊ နောက် ကျနော်တို့စခန်းရဲ့ ဥက္ကဋ္ဌနဲ့ ဗဟိုကော်မတီဝင် ဖြစ်လာသူ ကိုအောင်သန်းဝင်း၊ နောက်တခါ ကျနော်တို့ ဘန်းချောင်းကနေ မင်းသမီးကို ကြိုထွက်သွားတဲ့ ကိုသောင်းညွန် ခေါ် ကိုလေပေးနဲ့ ဗကပ-နယ်ကနေလမ်းခွဲပြီး ရနောင်းဖက်ဆင်သွားသူ ကိုကျော်အောင်အပါဝင် အားလုံး ၁ဝ ဦး လောက်ကို ကယ်ဆယ်ရေးပစ္စည်း တချို့နဲ့ တွေ့ရပါတယ်။

ကျနော်တို့ ရဲဘော် ၄ ကျိပ်ရဲ့ အမည်တွေ အားလုံးကို ဒီနေရာမှာ ဖေါ်ပြဖို့ စာမျက်နှာ အကန့်အသတ် ရှိနိုင်တဲ့အတွက် အကျဉ်းရုံး တင်ပြရမယ်ဆိုရင် အခုလက်ရှိ ABSDF ဒု ဥက္ကဋ္ဌနဲ့ DAB အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေသူ ကိုမျိုးဝင်း၊ နောက် အဲဒီအချိန်က အသက် ၄၀ ကျော် အရွယ်ရှိနေပြီဖြစ်တဲ့ ဦးမျိုးမြင့် (ခေါင်းဖြူကြီးမျိုးမြင့်လို့ ကျနော်တို့က ခေါ်ကြပါတယ်) နဲ့ အသက် ၁၅ နှစ် ဝန်းကျင်သာ ရှိသေးပေမယ့် တကိုယ်လုံး တခေါင်းလုံး ဥရောပ တိုက်သားတဦးလို ဖြူဖွေးနေသူ မောင်ဘို (ဘိုခေါင်းနီလို့ ကျနော်တို့ ခေါ်ကြပါတယ်) တို့ကို ကျနော် ထူးထူးခြားခြား သတိထား မိပါတယ်။

(၂) ကွိစ်တီယိုအတွက် ခဲထမ်းထွက်သူများ

ဗိုလ်မှူး ဘော်ဒွင်ဇန်အိမ်နဲ့ မျက်နှာချင်းဆိုင်မှာတော့ မြိတ် – ထားဝယ် ခရိုင်တွဲဘက်အတွင်းရေးမှူး ပဒိုနီနီရဲ့အိမ်နဲ့ တခြားအိမ် ၄၊ ၅ လုံးလောက် ရှိပါတယ်။ အဲဒီအိမ်တွေမှာ ကျနော်တို့ အုပ်စု သင့်သလို နေရာယူလိုက်ပြီး ငါးသေတ္တာဟင်းလေးနဲ့ အဲဒီညက ညစာ သုံးဆောင်ခွင့် ရခဲ့ပါတယ်။

နောက်တနေ့ မနက်မှာတော့ KNDO ရုံးရဲ့ ဟိုမှာဘက်က ထီးထာရွာကို သွားရောက် လည်ပတ်ခွင့်ရပြီး ကွိစ်တီယို (ကျနော်တို့ ထားဝယ် ကျောင်းသားတွေကတော့ ခွေးတရုတ်လို့ နောက်ပြောင် ခေါ်ဝေါ်ကြပါတယ်) ဆိုတာကို ပထမဆုံးအကြိမ် စားဖူးခဲ့ပါတယ်။ စားဖူးတယ်ဆိုပေမယ့် တယောက်တခွက် မှာစားနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ၂ ခွက်လောက်မှာပြီး လူ ၁၀ ယောက်ကျော်လောက် တယောက်တဇွန်းစီ စားကြသလား၊ ကျနော် အသေချာ မမှတ်မိတော့ပါ။

ကျနော်တို့အုပ်စုဟာ တောသားမြိုရောက်တဲ့ပုံစံနဲ့ ထီးထာရွာကို ဟိုငေးဒီကြည့် လုပ်နေခဲ့ပါတယ်။ ဒီရွာက ကျနော်တို့ ဘန်းချောင်းဘေးမှာ တလတာနီးပါးအတွင်း တွေ့ခဲ့ရတဲ့ ရွာတွေနဲ့မတူပါဘူး။ အိမ်တွေဟာ ထိုင်းပုံစံ (အဲဒီတုန်းကတော့ ထိုင်းလည်း မရောက်ဘူးသေးတော့ ထိုင်းပုံစံမှန်းလည်း မသိသေးပါ) နှစ်ထပ်အိမ်လေးတွေ ဖြစ်ပြီး သစ်တိုင်၊ ပျဉ်ကာ၊ သွပ်မိုးနဲ့ အသေချာ အခိုင်အမာ ဆောက်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် အထက ကျောင်းတခုနဲ့ ခရစ်ယာန် ဘုရားကျောင်း တခုကိုလည်း အခိုင်အမာ တွေ့ရပါတယ်။ ရွာရဲ့ ဟိုဘက်ထိပ်မှာ ဆေးရုံနဲ့ သစ်စက်ကြီးတခု ရှိတယ်လို့ သိရပေမယ့် အဲဒီ ပထမ အခေါက်မှာတော့ စာသင်ကျောင်းဝန်းကျင်လောက်ပဲ ကျနော်တို့ ရောက်ပြီး ပြန်လှည့်လာခဲ့ပါတယ်။

ကံကောင်းချင်တော့ ခုနက ကွိစ်တိယိုဆိုင်နား ပြန်အရောက်မှာ ခဲမဖြူတွေ အလယ်စတိုအထိ သယ်ပေးနိုင်မလား ဆိုတဲ့ ကမ်းလှမ်းချက်တခုကို ကျနော်တို့ ရလိုက်ပါတယ်။ ကရင် ပဒိုအိမ်တခုမှာ (ဟိန္ဒားနဲ့ ကျောက်မဲတောင် မိုင်းကနေ ခိုးထုတ်ပြီး လာရောင်းထားတယ်လို့ ယူဆရတဲ့) စုထားတဲ့ ခဲမဖြူအိတ်တွေကို အလယ်စတိုစခန်းအထိ သယ်ပေးနိုင်ရင် တကီလိုအတွက် ၂ ဘတ်ရမယ်လို့ ဆိုပါတယ်။

ဒီ သတင်းကိုလည်းသိရော၊ ကျနော်တို့ ကျိုးဖိုးတွေ အလုအယက် ဝိုင်းသယ်လိုက်တာ ကျနော်ဆိုရင် ကီလို ၃၀ ထမ်းပြီး ဘတ်ငွေ ၆၀ လောက် ရလိုက်ပါတယ်။ အဲဒါဟာ ကျနော့်ဘဝမှာ ပထမဆုံး မြင်ရတဲ့ နိုင်ငံခြားငွေကြေးဖြစ်ပြီး ကွိစ်တီယို တခွက်ကို ကိုယ်ပိုင် ဝယ်စားနိုင်လိုက်ပါတယ်။

အဲ … ဘတ် ၆၀ ရဖို့အတွက် ဘယ်လောက် ရုန်းကန်လိုက်ရသလဲ ဆိုတာကိုလဲကြည့်ပါဦး။ ထီးထားရွာကနေ အလယ်စတို စခန်းဆီအထိ ခရီးက ၆ မိုင်ကျော်လောက် ရှိမယ်လို့ယူဆရပြီး ၂ နာရီကျော် သွားရပါတယ်။ တကယ်ကတော့ ဒီလမ်းကြောင်းဟာ နွေရာသီမှာ ကားလမ်းကြမ်းရှိပေမယ့် အခုလို အောက်တိုဘာမှာတော့ မိုးရွာပြီး တောင်ကျရေစီးထားလို့ မင်းသမီးချောင်း တလျောက် ဖောက်ထားတဲ့ အဲဒီကားလမ်းပျက်နေလို့ ကျနော်တို့က သယ်ခွင့်ရလိုက်တာမျိုးပါ။

ခဲမဖြူ ကီလို ၃၀ ကိုထမ်း၊ ချောင်းငယ် ၂၀ ကျော်ကိုဖြတ်၊ ကျောက်တုံး ကျောက်ခဲတွေကြား ၂ နာရီကျော် လမ်းလျှောက်ရတဲ့ အရေးဟာ တက္ကသိုလ်ကျောင်းသား တဦးအဖို့ သိပ်မလွယ်ပေမယ့် အဲဒီလို သယ်ခွင့်ရလိုက်တာကို ကျနော်တို့ မောင်ကျောင်းသားတွေ အားလုံးက ဝမ်းသာ ပျော်ရွှင်နေကြပါတယ်။

အလယ်စတိုကနေ ထိုင်းဘက်ကိုထွက်တဲ့ သီးခြားကားလမ်းတခု ရှိသလို ထီးခီးလို့ခေါ်တဲ့ KNU – မြိတ် – ထားဝယ်ခရိုင်နဲ့ တပ်ရင်း ၁၀ ဌာနချုပ် (ကျနော်တို့ တောခိုကာစက တပ်ရင်း ၁၀ အဖြစ်သာ ရှိသေးပြီး နောက်ပိုင်းမှာမှ တပ်မဟာ ၄ ဖြစ်လာပါတယ်) ရုံးစိုက်ရာ အရပ်ဆီသွားတဲ့ ကားလမ်း တခုလည်းရှိပါတယ်။ ဒါပေမယ့် အဲဒီဒေသ နှစ်ခုစလုံးဆီ ခွင့်ပြုချက် မရပဲ သွားလို့မရပါဘူး။

ကျနော်ကတော့ အရင်ရောက်နေတဲ့ ကျောင်းသားတဦးနဲ့အတူ ထီးခီးကို လိုက်ပါခွင့်ရတဲ့အတွက် အလယ်စတိုကနေ နောက်ထပ် တနာရီကျော် လမ်းဆက်လျှောက်လိုက်ရပါတယ်။

“ဝိုး … ရုံးခန်းကြီးက တယ်သားနားပါလား” လို့ KNU ခရိုင်ရုံးကိုကြည့်ပြီး ကျနော့်နှုတ်က ထွက်သွားပါတယ်။

ပျဉ်းကတိုးလို သစ်တွေနဲ့ ဆောက်ထားတဲ့ အင်္ဂလိပ်အက္ခရာ L ပုံစံ နှစ်ထပ်ရုံးကြီးဟာ ပေ ၅၀၊ ပေ ၂၀ လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီရှေ့က ဂိတ်တဲလေးမှာတော့ ကျနော်တို့ကျောင်းသားတွေအတွက် စခန်းထောက်အဖြစ် နေရာပေး ထားပါတယ်။ ခရိုင်တောင်ကုန်းရဲ့ ဟိုမှာဘက် တခြားတောင်ကုန်းတခုမှာတော့ တပ်ရင်း ၁၀ ရုံးခန်းနဲ့ ဘားတိုက်တွေကို ခပ်ဝါးဝါး မြင်နေရပါတယ်။

ဒီတောင်ကုန်း နှစ်ခုရဲ့ကြားမှာတော့ မင်းသမီးချောင်းဖျား သေးသေးလေးကို တွေ့ရပြီး အဲဒီဘေးမှာ ထောက်လှမ်းရေးမှူး ဗိုလ်ကြီးဘိုနီ (နောက်ပိုင်းမှာ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသူ) ရဲ့ လက်ဖက်ရည်ဆိုင် အပါဝင် လက်ဖက်ရည်ဆိုင်တချို့၊ အချိုရည်ဆိုင် တချို့နဲ့ နေအိမ်တချို့ကို တွေ့ရပါတယ်။ ထီးခီးဟာ ထီးထားလို ရွာတခုမဟုတ်ဘဲ ရုံးခန်းတွေနဲ့ ဝန်ထမ်းတွေနေတဲ့ နေရာတခု အဖြစ် ကျနော် သတိပြုမိပါတယ်။

နောက်ထပ် ထူးထူးခြားခြား မှတ်မိနေတာ တခုကတော့ ထောက်လှမ်းရေးမှူး ဗိုလ်ကြီးဘိုနီဟာ နက်စ်ကော်ဖီထဲ နို့ဆီများများထည့်ပြီး လက်မနှိပ် ဖန်ခွက်ကြီးနဲ့အပြည့် ဖျော်သောက်လေ့ရှိတာပါ။ ကျနော်တို့ကိုလည်း အဲဒီလိုခွက်ကြီးနဲ့ ခွက်အပြည့် တိုက်လိုက်တဲ့ အတွက် ဒါဟာ ပထမဆုံး ကျနော်သောက်ဖူးတဲ့ KNU စတိုင် ကော်ဖီချိုဆိမ့်အဖြစ် အခုချိန်အထိ အမှတ်ရနေပါတယ်။

———–

ပုံ .. မောင်တော်စခန်းဆောက်ဖို့အတွက် ထီးခီးကနေ မောင်တော်စခန်းဆီ ပစ္စည်းတွေ သယ်နေစဉ်။

(၃) ကျောင်းသားတွေ ကိုယ်ပိုင်စခန်းဆောက်ပြီ

ထီးခီးကနေ ထီးထာပြန်ဆင်းပြီး နောက်တရက်မှာတော့ ကျနော်တို့ ကျိုးဖိုးတွေအတွက် သီးခြားစခန်းနေရာတခု ပေးမယ်လို့ KNU က ပြောပါတယ်။ အဲဒီနောက် ရှေ့မှာပြောခဲ့တဲ့ KNDO ရုံးကနေ တနင်္သာရီမြစ်ကို ပြန်ကျော်၊ ကျနော်တို့ လာရာလမ်းကြောင်းဘက်ကို လှေနဲ့တင်ပြီး ကျနော်တို့ကို ခေါ်သွားပါတယ်။ မြစ်ကမ်းဘေးကနေ တောထဲကို နာရီဝက်လောက် လမ်းလျှောက် ပြီးတဲ့ အခါမှာတော့ ကရင်တဲ တလုံးကို တွေ့ရပါတယ်။ အဲဒီတဲနဲ့ မလှမ်းမကမ်းက ချောင်းသေးသေးလေး တခုရဲ့ နဘေးမှာ ကျနော်တို့ကို နေရာယူစေပါတယ်။

ကျနော် မှတ်မိသလောက်ဆိုရင် မောင်တော် စခန်း စတည်တဲ့နေ့ဟာ ၁၉၈၈ နိုဝင်ဘာလ ၄ ရက်နေ့၊ တနည်းအားဖြင့် ကျနော်တို့ တောထဲထွက်လာပြီး ၄၅ ရက်ကြာမှ စခန်း စဆောက်ရတဲ့ သဘောဖြစ်ပါတယ်။

“ငါ့ညီတို့ … တော်လှန်ရေး ဆိုတာ ဒီလိုပဲ။ ခက်ခဲမယ်၊ ပင်ပန်းမယ်” ဆိုပြီး ခရိုင်အတွင်းရေးမှူး ပဒိုနီနီ (အခု နယူးဇီလန် ရောက်နေသူ) က အဲဒီချောင်းဘေးမှာ ကျနော်တို့ကို အမှာစကား ပြောပါတယ်။ မန္တလေးဇာတိ ပဒိုနီနီဟာ စကားပြော အလွန်ကောင်းသူဖြစ်ပါတယ်။ လက်တဘက်ကို ပတ်တီး အမြဲတန်းစည်းထားပြီး လက်ဟန်၊ ကိုယ်ဟန် အပြည့်နဲ့ စကား ပြောတတ်သူ ဖြစ်ပါတယ်။

သူစကားပြောတဲ့ အခါတိုင်း “င့ါညီတို့ … ငါ့ညီတို့” လို့ ကျနော်တို့ကို ခေါ်လေ့ရှိတဲ့အတွက် သူ့ကို “ငါ့ညီတို့” ဆိုပြီး ကျနော်တို့ကြားမှာ နာမည် ပေးထားပါတယ်။ ဒါ့အပြင် ကျနော်တို့ အချင်းချင်း စကားပြောရင်တောင် သူပုံစံကိုယူပြီး လက်ဟန်ကိုယ်ဟန်နဲ့ “င့ါညီတို့ နားထောင်စမ်း” လို့ နိဒါန်းချီ နောက်ပြောင်ပြောဆိုလေ့ ရှိတဲ့အထိ သူ့စတိုင်က လွှမ်းမိုးခဲ့ပါတယ်။

ကျနော့်စိတ်ထဲ မှတ်မှတ်ရရ ရှိနေတာကတော့ ပဒိုနီနီက အဲဒီလို နေရာပေးပြီးပြီးချင်း ကျနော် ပထမဆုံး လုပ်လိုက် တာကတော့ “တပ်မြေ – မကျုးကျော်ရ” ဆိုတဲ့ စာတန်းကို A4 – စာရွက်ပေါ်မှာရေးပြီး ကရင်တဲနဲ့ ကျနော်တို့ စခန်းဆောက်မယ့် ချောင်းရိုးလေးအကြားက သစ်ပင်မှာ ကပ်လိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီမှာ ပဒိုနီနီက တရားဟောတာကို စတင်ခံရတော့တာပါပဲ။

“ငါ့ညီတို့ရဲ့ စိတ်ကူးတွေက မဆလ နဲ့ တူနေပြီ။ ပြည်သူတွေရဲ့ မြေတွေကိုသိမ်းပြီး စစ်တပ်ပိုင် လုပ်နေတဲ့ သဘောဖြစ်နေတယ်” စသဖြင့် အတော်များများ သူ့ ပြောကွက်ထဲ ကျနော်ခံလိုက် ရပါတယ်။

တကယ်က ကိုယ်လည်း စိတ်ထဲမှာ ဘာမှရှိတာမဟုတ်ပါဘူး။ စက်ဘီးစီးရင်းနဲ့ အမြဲတမ်း မြင်မြင်နေရတဲ့ ရန်ကုန် ထောက်ကြံ့ ဗိုလ်ရွေးတောင်နားက “တပ်မြေ မကျူးကျော်ရ” ဆိုတဲ့ လမ်းဘေး ဆိုင်းဘုတ်ငယ်လေးတွေနဲ့ ကျနော်တို့ ထားဝယ်-မောင်းမကန် ကားလမ်းပေါ်ရှိ ခလရ -၁၀၄ အနီးတဝိုက် ရေးထားတဲ့ စာတန်းတွေကို အမှတ်ရပီး တပ်မြေဆိုရင်တော့ ဒီလိုရေးမှ တခြားလူ တွေမလာရဲမှာ ဆိုပြီး ကောက်ရေးလိုက်မိတာ ဖြစ်ဖို့များပါတယ်။

ဒီလိုနဲ့ အနီးနားက ဝါးရုံတွေကိုခုတ်လှဲ၊ ဘားတိုက်ဆောက်၊ စားဖိုးဆောင်ဆောက်၊ တောငှက်ပျောရွက်တွေကို အမိုးလုပ်၊ ချောင်းသေးသေးလေးက ရေကိုခပ်လို့ရအောင် ပြုပြင်ပြီးတော့ “မောင်တော်စခန်း” ဆိုတာကို ကျနော်တို့ စတင် တည်ဆောက်ခဲ့ ပါတယ်။

စခန်းအသစ်တခု ဆောက်ရတဲ့အလုပ် ဘယ်လောက်ပင်ပန်းသလဲ ဆိုတာကို စာမဖွဲ့ ချင်တော့ ပေမယ့် ကျနော်ဦးစီးပြီး ဆောက်လိုက်တဲ့ ပထမ ဘားတိုက် ပန္နက်ချရာမှာ ၉၀ ဒီဂရီ မကျတဲ့အတွက် တချမ်းစောင်း ဘားတိုက်ကြီး ဖြစ်သွားတာကို အခုထိ အမှတ်ရနေဆဲ ဖြစ်ပါတယ်။

နောက်တခါ ကျနော်ရောက်ဖူးတဲ့ တခြားကျောင်းသား စခန်းတွေနဲ့စာရင် ကျနော်တို့စခန်းဟာ တကယ် အသစ်ကနေ စလုပ်ရတာမျိုပါ။ တခြားစခန်း အတော်များများကတော့ KNU စခန်းတွေနဲ့ ဆက်စပ်နေတာ၊ တချို့ဆိုရင် KNU က ပေးထားတဲ့ ဘားတိုက်တွေ ပေါ်မှာ၊ ဒါမှမဟုတ်လည်း KNU သစ်စက်တွေက ထွက်တဲ့ သစ်သားတွေနဲ့ ခိုင်ခိုင်မာမာ ဆောက်ထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် ကျနော်တို့ ဘားတိုက်ကတော့ သစ်တချောင်းမှ မပါပဲ တကယ့်ကို ဝါးတိုင်၊ ဝါးကြမ်းခင်း (ဖောက်ပြားလို့ခေါ်တယ်ထင်) ၊ ဝါးချမ်းပြားကို အပေါ်တချမ်းလှန်-အောက်တချမ်းမှောက်အမိုး၊ ငှက်ပျောရွက်အမိုးနဲ့ လုပ်ထားတဲ့ ထူးထူးခြားခြား တကယ့် ဝါး ဘားတိုက်တွေ ဖြစ်နေပါတယ်။ ။

………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆) >>>>>

ထက်အောင်ကျော်