ပုံစံပြောင်းကျင်းပလာကြသည့် တနင်္သာရီတိုင်းက ဘုရားလှည့်ပွဲများ

0
3975
နေ့ခင်းဘက်လှည့်နေတဲ့ ဘုရားပွဲ

ပုံမှန်ဆိုလျှင် ထားဝယ်တန်ဆောင်တိုင်ပွဲပြီးသည်နှင့် ဘုရားပွဲများ တိုင်းအတွင်း နေရာအနှံ့အပြားတွင် ကျင်းပကြသော်လည်း ယခုနှစ်တွင် မြို့ကြီးအချို့နှင့် ကျေးရွာအနည်းငယ်တွင်သာ ကျင်းပကြတော့သည်။

ကျင်းပသည့်ဒေသတွင်လည်း ယခင်မြင်တွေ့နေကျပုံစံ မဟုတ်တော့ပေ။

ကော့သောင်းမြို့ ဘုရားလှည့်ပွဲတွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်သား သုံးလေးဦး ပါသည့် စစ်ကားတစ်စီးနှင့် အရာရှိများစီးလေ့ရှိသည့် ရဲကားတစ်စီး ဘုရားတန်း၏ ထိပ်ဆုံးတွင် တွေ့ရသည်။

ဘုရားတန်း၏ အလယ်တွင်လည်း ရဲတပ်ဖွဲ့ကားနှစ်စီး၊ ယူနီဖောင်းအပြည့်အစုံဝတ်ထားသည့် ခြေကျင် လမ်းလျှောက် သွားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေကြောင်း ဘုရားပွဲတွင်ပါဝင်သူ ကော့သောင်းမြို့ခံအချို့က ပြောသည်။

“စစ်ကားတွေ၊ ရဲကားတွေကတော့ လုံခြုံရေးအနေနဲ့ လိုက်တာပါ။ အရင်ကတော့ ဒါမျိုး‌စစ်ကားတွေ လက်နက်တွေနဲ့ ပါတာမျိုးတော့ မရှိဘူးပေါ့။ ရဲတပ်ဖွဲ့ကတော့ အရင်ကလည်း အမြဲပါနေကျပါ” ဟု ‌ဘုရားလှည့်ပွဲတွင် ပါဝင်သူ ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။

ယခင်က ညလုံးပေါက် လှည့်လည်ပူဇော်ခံလေ့ရှိသည့် ဘုရားလှည့်ပွဲများသည် ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ရပ်နားထားကြသည်။ ၂၀၂၁ ခုနှစ်တွင်လည်း အာဏာသိမ်းမှုနောက်ဆက်တွဲ ဒေသတွင်း မတည်ငြိမ်မှုကြောင့် မကျင်းပနိုင်ခဲ့ကြပေ။

ယခုနှစ် ပွင့်လင်းရာသီအစတွင်မူ ရပ်နားထားကြသည့် ဘုရားလှည့်ပွဲအပါအဝင် ဘာသာရေးပွဲတော်များကို ထားဝယ်၊ လောင်းလုံး၊ မြိတ်၊ ကော့သောင်း စသည့် မြို့များအပါအဝင် ကျေးရွာအချို့တွင် ပြန်လည်ကျင်းပလာကြသည်။

သို့သော် ညမထွက်ရအမိန့်၊ လုံခြုံရေးအခြေအနေတို့ကြောင့် ညဖက်စည်စည်ကားကား မကျင်းပနိုင်တော့ဘဲ နံနက်စောစော၊ ညဦးပိုင်းအချိန်တို့တွင် အများဆုံးကျင်းပကြသည်။

ပစ်ခတ်သတ်ဖြတ်မှုများ၊ ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားနေသည့် ဒေသအချို့တွင်မူ ဘုရားလှည့်ပွဲကို နေ့ဖက်ပြောင်းပြီး အကျဉ်းချုံးသာ ပြုလုပ်ခဲ့ကြသည်။

ဒေသတွင်း အစည်းကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး နှစ်ပေါင်းရာချီသက်တမ်းရှိ ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကိုလည်း မြို့တွင်းမလှည့်တော့ဘဲ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသာ အကျဉ်းချုံးကျင်းပတော့သည်။

လောင်းလုံးမြို့ဘုရားလှည့်ပွဲကိုလည်း ‌နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

“အရင်တုန်းက ဘုရားပွဲလိုတော့ ခံစားလို့မရတော့ဘူး။ အရင်တုန်းက စည်စည်ကားကား ကျင်းပတဲ့ တန်ဆောင်တိုင် ပွဲကိုပဲ လွမ်းတယ်” ဟု လောင်းလုံးမြို့ခံတစ်ဦးက ဆိုသည်။

ပဋိပက္ခဖြစ်ပွားမှု မရှိသလောက်နည်းပါးသည့် ကော့သောင်းမြို့တွင်မူ စစ်ကောင်စီတပ်က လုံခြုံရေးယူပေးကာ ယခုနှစ် ဘုရားလှည့်ပွဲကို ယခင်ပုံစံအတိုင်း စည်စည်ကားကား ပြန်ကျင်းပသည်ကိုတွေ့ရသည်။

ည ၁၂ နာရီ နောက်ပိုင်း ညမထွက်ရအမိန့်ထုတ်ထားသည့် ကော့သောင်းမြို့ဘုရားလှည့်ပွဲကို နိုဝင်ဘာလ ၇ ရက် ညနေ ၃ နာရီခန့်မှစပြီး နောက်တစ်နေ့ ညသန်းခေါင်ကျော်အချိန်အထိ ကျင်းပခဲ့သည်။

“ည ၁၂ နာရီကျော်ရင် ညမထွက်ရအမိန့်ရှိတယ်။ ဒါပေမဲ့ ဘုရားပွဲဆိုတော့ ခြွင်းချက်အနေနဲ့ လုပ်ခိုင်းတာဖြစ်မယ်။ စစ်တပ်ကလည်း လုံခြုံရေးယူပေးထားတယ်ဆိုတော့လေ” ဟု မြို့ခံတစ်ဦးက ဆိုသည်။

တော်လှန်ရေးအင်အားစုတို့ဘက်ကမူ စစ်ကောင်စီကကျင်းပသည့် ဘုရားပွဲများအပါအဝင် မည်သည့်ပျော်ပွဲရွှင်ပွဲတွင်မျှ ပြည်သူများ မပါဝင်ကြရန် တောင်းဆိုထားသည်။