သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆)

0
525
ပုံစာ-၁- တနင်္သာရီတိုင်း ကျောင်းသားကိုယ်စားလှယ်များကို ထီးခီးရှိ KNU ခရိုင်ရုံးရှေ့မှာ တွေ့ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅)

အပိုင်း -၁-

အခန်း-၆-

(၁) အင်အားသစ်များ ထပ်ရောက်လာခြင်းနဲ့ ကိုယ်စားလှယ်ရွေးချယ်ခြင်း

ကျနော်တို့အဖွဲ့ မောင်တော်မှာ စခန်းဆောက်နေချိန် ပထမဆုံး ရောက်လာတဲ့ အုပ်စုကတော့ ကိုကျော်ကျော် (နောက်ပိုင်း ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်လာသူ။ NDD နဲ့ PDC မှာ လက်ရှိ ခေါင်းဆောင် တာဝန်ယူနေသူ) နဲ့ ရန်ကုန်ကလာတဲ့ ကျောင်းသား ၄၊ ၅ ဦးဖြစ်ပါတယ်။

ဒုတိယ ရောက်လာတာကတော့ နတ်အိမ်တောင် စခန်းကနေ (ကျနော်တို့ ခွဲ ၁ မှာသောင်တင်နေသလို သူတို့အုပ်စုလည်း နတ်အိမ်တောင်မှာ သောင်တင်နေတာပါ) ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ ထားဝယ်နဲ့ ကံပေါက်အုပ်စု ဖြစ်ပါတယ်။

တတိယ ရောက်လာတာကတော့ မြိတ်နဲ့ ပုလောဒေသကလာတဲ့ အင်အား ၇၀၊ ၈၀ လောက်ရှိတဲ့ အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုကတော့ ကျနော်တို့ ဘန်းချောင်းဒေသ၊ ခွဲ ၁ ရောက်ကတည်းက သူတို့က ထီးခီးရှိ ရေကန်ကြီးနားက KNU စစ်သင်တန်း ကျောင်းဆီ တခါတည်း တန်းရောက်သွားသူတွေဖြစ်ပြီး အဲဒီမှာ တလတာ အခြေခံ စစ်သင်တန်းပြီးလို့ ကျနော်တို့ မောင်တော်စခန်းဆီ ရောက်လာသူတွေပါ။

ကျနော်တို့ ရဲဘော် ၄-ကျိပ်ဟာ တလကျော် ဆိုးတူကောင်းဖက် ဖြတ်ကျော်လာခဲ့ပြီး ဖြစ်တဲ့အတွက် အချင်းချင်းကြားမှာ သိပ်ပြဿနာ မရှိတော့ပါဘူး။ ဒါပေမယ့် အင်အားသစ်တွေ ရောက်လာပြီး လူအင်အား ၂၀၀ ကျော် ၃၀၀ နီးပါး ရှိလာတဲ့ အခါမှာတော့ ထားဝယ်အုပ်စု၊ ကံပေါက်အုပ်စု၊ ပုလောအုပ်စု၊ မြိတ်အုပ်စု၊ ရန်ကုန်အုပ်စု စသဖြင့် အုပ်စုစွဲလေးတွေနဲ့ ဟိုပြောဒီပြော ဝေဖန်တိုက်ခိုက် တာလေးတွေ နည်းနည်း ရှိလာခဲ့ပါတယ်။

အဲဒီမှာ ကျနော်ကိုယ်တိုင် ကြုံလိုက်ရတဲ့ ပထမဆုံး အုပ်စု ပြဿနာကတော့ ဝက်သားဟင်း ဝေတာကို ထားဝယ်သားဆိုရင် ၂ တုံး ထည့်ပေးပြီး မြိတ်သားဆိုရင် တတုံးပဲ ပေးတယ်ဆိုပြီး စွပ်စွဲ ခံလိုက်ရတာပါ။

ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီနေ့က စားရတဲ့ ဝက်သားဟင်းဟာ ကျနော်တို့ မောင်တော် စခန်းရောက်ပြီး ပထမဆုံး စားရတဲ့ ဝက်သားဟင်းပါ။ နတ်အိမ်တောင်ဘက်ကနေ ရောက်လာသူတွေနဲ့အတူ အဲဒီဝက်သား ပါလာတာလို့ ကျနော် မှတ်မိနေပါတယ်။

နတ်အိမ်တောင်စခန်းဟာ (၁၉၉၁ မှာတော့ စစ်အစိုးရက သိမ်းပိုက်လိုက်ပြီး ၁၉၉၆ မှာ ရတနာ ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သွားတဲ့ အဓိကနယ်စပ် နေရာ ဖြစ်လာပါတယ်) ကျနော်တို့ တောမခိုခင်ကတည်းက ထင်ရှားတဲ့ နယ်စပ်မှောင်ခို ကုန်သွယ်ရေး လမ်းကြောင်းကြီး တခုဖြစ်တဲ့အတွက် အဲဒီမှာ တာဝန်ကျတဲ့ KNU အုပ်ချုပ်ရေး အဖွဲ့ဟာ ကျနော်တို့ ဘန်ချောင်းက အဖွဲ့ထက် ပို ဝင်ငွေကောင်းပါတယ်။

ဆိုလိုတာကတော့ နတ်အိမ်တောင်ဘက် ရောက်သွားတဲ့ ကျောင်းသားတွေဟာ ကျနော်တို့ ဘန်းချောင်း ဒေသရောက်သွားသူတွေလို အစားအသောက်ဆင်းရဲမှု သိပ်မကြုံရပဲ ငါးသေတ္တာဟင်းကိုတောင် မုန်းအောင် စားခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တခါ အဲဒီကာလက နတ်အိမ်တောင်ဒေသမှာရှိတဲ့ ကွမ်းချောင်းမြို့နယ်ရဲ့ KNU အုပ်ချုပ်ရေးမှူးကလည်း ၁၉၆၂ ဆဲဗင်းဇူလိုင် ကျောင်းသားလှုပ်ရှားမှုအတွင်း ပါဝင်ခဲ့တဲ့ ဖဒိုသမိန်ထွန်း (အခု KNU ဗဟိုကော်မတီဝင်) ဖြစ်တဲ့အတွက် ကျောင်းသားတွေကို အထူးအလေးပေး ဆက်ဆံခဲ့တယ်လို့ သိရပါတယ်။

နောက်တချက်ကတော့ နတ်အိမ်တောင် ကုန်သွယ်ရေး လမ်းကြောင်းမှာ ထားဝယ်သားတွေ နေ့စဉ် ရာနဲ့ချီ သွားနေတဲ့အတွက် ခရီးသွား ပြည်သူတွေကလည်း ကျောင်းသားတွေကို နိုင်သလောက် ကူညီထောက်ပံ့ ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ကျနော်တို့အုပ်စု မင်းသမီးဒေသဆီ ရောက်ပြီး မောင်တော်မှာ ကျောင်းသားခစန်း အသစ် စဆောက်နေပြီဆိုတဲ့ သတင်းရပြီးတာနဲ့ သူတို့အုပ်စုလည်း ကျနော်တို့ရှိရာ အရပ်ဆီ ကုန်းကြောင်းခရီး နှင်လာတာ ဖြစ်ပါတယ်။

ထိုင်းနယ်မြေထဲကနေ ကားနဲ့လာမယ်ဆိုရင် နတ်အိမ်တောင်နဲ့ မင်းသမီးစခန်းဟာ ၁၀ နာရီလောက်နဲ့ ရောက်နိုင်ပေမယ့် ဒီလောက် လူအများကြီးကို ကားနဲ့သယ်ဖို့ကမလွယ်၊ ထိုင်းနယ်မြေထဲ ဖြတ်ဖို့မလွယ်တဲ့အတွက် ၁၀ ရက်ကြာ ကုန်းကြောင်း ခရီးနှင်၊ ချီတက်လာရတာ ဖြစ်ပါတယ်။

နတ်အိမ်တောင်စခန်းဟာ ရှေ့မှာ တင်ပြခဲ့တဲ့ တနင်္သာရီမြစ်လက်တက် ကွမ်းချောင်း ဖျားမှာရှိပြီး အဲဒီချောင်းရိုးနဲ့ တနင်္သာရီ မြစ်ကမ်းတလျှောက် နားလိုက်သွားလိုက်နဲ့ ၁၀ ရက်ကျော်ကြာအောင် လမ်းလျှောက် ချီတက်လာကြတာ ဖြစ်ပါတယ် (သူတို့လျှောက်ခဲ့တဲ့ ကလက်ကီး၊ အိုင်ဝိုင်း၊ ဆင်ဖြူတိုင်၊ အမိုရွာတွေ ရှိတဲ့ တနင်္သာရီ မြစ်ရိုးတလျှောက် လမ်းကြမ်းဟာ အခုတော့ ထားဝယ် – ကန်ချနပူရီ အဝေးပြေးကားလမ်း ဖြစ်သွားခဲ့ပါပြီ)

——————

(၂) အသားဟင်းအဝေမတည့်တဲ့ မြိတ်-ထားဝယ်နဲ့ ဂံပျက်များ

မှတ်မှတ်ရရ အဲဒီနေ့က ကျနော် စားဖိုမှူးတာဝန် ကျတဲ့နေ့ပါ။ စားဖိုးမှူးဆိုပေမယ့် ဘန်းချောင်းကနေ တတ်လာတဲ့ မိုးပြဲဒယ်နဲ့ ထမင်းချက်နည်း လောက်သာ ကျွမ်းကျင်ပြီး ဟင်းချက်နည်းကိုတော့ မောင်တော်ရောက်တဲ့အထိ မတတ်သေးပါဘူး။

ဒီနေရာမှာ ဘန်းချောင်းဘက်က ထမင်းဟင်းနဲ့ နယ်စပ် မောင်တော်စခန်းက ထမင်းဟင်း ဘယ်လိုကွာသလဲ ဆိုတာကို နည်းနည်း တင်ပြလိုပါတယ်။ ဘန်းချောင်းမှာ နေတုန်းက ကျနော်တို့စားရတဲ့ ထမင်းဟာ ကရင် တောင်ယာတွေကထွက်တဲ့ ဝါကျင်ကျင် အရောင်ရှိတဲ့ မောင်းထောင်း ဆန်ကြမ်းဖြစ်ပြီး အခု မောင်တော်ရောက်တဲ့ အခါမှာတော့ ထိုင်းကလာတဲ့ ၃ ပိုင်းကျိုး ဆန်ပျော့ကိုစားရပါတယ်။

ပိုဆိုးတာက အဲဒီ ၃ ပိုင်းကျိုး ဆန်ထဲမှာ ကြွက်ချေးလိုလို အနက်ရောင် မြက်ပင် ထိပ်ဖူးလေးတွေ ရောပြီး ပါလာတဲ့အဖြစ်ပါ (နောက်ပိုင်း ထိုင်းနိုင်ငံထဲရောက်မှ သိရတာက တောထဲမှာ ကျနော်တို့ စားခဲ့တဲ့ ဆန်တွေဟာ ထိုင်းမှာ ဝက်မွေးမြူရေး သမားတွေ သုံးတဲ့ ဆန်ကွဲတွေ ဖြစ်နေပါတယ်)။

နောက်ထပ် ကျနော်သတိပြုမိတဲ့ ဆန်အရည်အသွေး ကွာခြားချက် တခုကတော့ ဘန်ချောင်းဆန်ကြမ်းဟာ အရောင်မလှပေမယ့် အဆာပိုခံနိုင်ပါတယ်။ ဒါပေမယ့် ထိုင်းဆန်ပျော့ကတော့ အဆာမခံဘဲ ခဏခဏ ပြန်ဆာနေလေ့ ရှိပါတယ်။ ဆန်အမျိုးစား ကွာသွားတဲ့အတွက် ထည့်ရတဲ့ ရေအချိုးအစားကလည်း ကွာသွားပါတယ်။ အိုးသူကြီး အတွေ့အကြုံ ရှိလာတာနဲ့အမျှ ဒယ်အိုးဖင်မှာ ကပ်ပြီးကျန်နေတဲ့ ထမင်းချိုးကိုခွာ၊ ဆီလေးဆမ်း၊ ဆားလေး ပါးပါးဖြူးပြီး စားတဲ့အရသာဟာလဲ အိုးသူကြီးနဲ့ အဖွဲ့အတွက် မဟာအခွင့်ထူးပါပဲ။

မောင်တော်စခန်းရောက် ကျနော်တို့ ကျောင်းသားတွေအတွက် နိုင်ငံတကာအလှူရှင်တွေက ဆန်နဲ့ဆားကို ဖောဖောသီသီ လာလှူထားပြီး ဆီပုံး၊ ငါးပိပုံး၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီတွေကိုတော့ အကန့်အသတ်နဲ့ လာလှူထားပါတယ်။

ဘန်ချောင်းမှာတုန်းက ကျနော်တို့စားရတဲ့ ညာအိုထီး (ငါးပိရည်) ထက် ထိုင်းကလာတဲ့ ငါးပိပုံးတွေက နည်းနည်းသာတယ် ဆိုပေမယ့် ကျနော်တို့စားနေကျ အစိမ်းစား ထားဝယ်ငါးပိကိုတော့ မမီပါဘူး။ ဒါပေမယ့် တောတွင်းအစားအစာနဲ့ နည်းနည်း ယဉ်ပါးလာပြီဖြစ်တဲ့ ကျနော်တို့ဟာ အရင်လို စားမဝင် အိပ်မပျော် ကာလလိုမျိုး မဟုတ်တော့ပါဘူး။ တယောက်ကို အနည်းဆုံး ၂ ပန်းကန်လောက် ဆွဲနိုင်လာပြီဖြစ်ပါတယ်။ ဒီနေ့လိုမျိုး ဝက်သားဟင်းနဲ့ ဆိုရင်တော့ ၃ ပန်းကန်လောက် ဆွဲဖို့ပြင်ထားတဲ့ သဘောရှိပါတယ်။

ဒါပေမယ့် ဝက်သားက ၅ ကီလိုလောက်ပဲ ပါလာတယ်ဆိုတော့ လူ ၂၀၀ ကျော်ကို လောက်ငှအောင် ဝေပေးနိုင်ဖို့ သိပ်မလွယ်ပါဘူး။ အတုံးသေးသေးလေး တယောက်တတုံးစီ ပေးနိုင်ဖို့ မှန်ဘီလူးနဲ့ကြည့်သလိုမျိုး အသဲအသန် ခွဲခြမ်းစိတ်ဖြာ နေရတဲ့အတွက် ၃ ပန်းကန်အတွက် ၃ တုံး ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဟင်းအိုးရှေ့ တန်းလာစီသူတွေကို ပထမတကြိမ် လာစီတဲ့ လူသစ် စစ်စစ်တွေ ဟုတ်ရဲ့လား။ တခါစားပြီးသား ပန်းကန်ဟောင်းကို ချောင်းထဲမှာ အမြန်ဆေးပြီး ထမင်းအသစ်ထည့်၊ ဒုတိယအကြိမ် ပုံမှားရိုက် တန်းလာစီသူလား ဆိုပြီး စားဖိုးမှူးက အသေအချာ စီစစ်နေရတဲ့ သဘောပါ။

ဒါကို သဘောမပေါက်တဲ့ မြိတ်အုပ်စုက ကိုဂွမ်ရှီ (တနင်္သာရီတိုင်း လက်ရွေးစင် ဘောလုံးသမား၊ နောက်ပိုင်းမှာ စခန်းကော်မတီဝင်၊ နောက် ဗကပ- မြိတ်ခရိုင်ဆီ ပြောင်းသွားပြီး ပျောက်ဆုံးသွားသူ) က အခုလို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

“ဒယ် စားဖိုမှူး အား ဆိုးမား ဝေး။ တို့ မျက်နှာကို အသေချာကြည့်ပြီး ဘိတ်သားမှန်းလည်းသိရော၊ ဟင်းတတုံးပဲ ပေးတယ်။ သူတို့ ထားဝယ်သားအချင်းချင်း ကျတော့ ၂ ခါတန်းစီရင် ၂ တုံးပေးတယ်။ ဘယ်နယ်မျိုး စားဖိုမှူးလဲ” ဆိုပြီး ကိုဂွမ်ရှီက မြိတ်လေသံနဲ့ လူပုံအလယ်မှာအော်ပြီး ကျနော့်ကို စွပ်စွဲပါ တော့တယ်။

ကျနော်လည်း အတော်ဒေါကန်သွားပြီး “ဘာအသားမှ မစားရပဲ ငါတို့ တလကျော်နေလာတာ ဘာမှပြဿနာမှ မရှိဘူး။ အခု အသားစားရတော့မှ၊ ပိုင်ဆိုင်မှုလေး နည်းနည်း ရှိလာတော့မှပဲ ပြဿနာတက် တော့တယ်” လို့ ငြီးငြူ လိုက်မိပါတယ်။

ဒီနေရာမှာ မြိတ်လေသံနဲ့ ထားဝယ်လေသံ ဘယ်လိုကွာသလဲ၊ တနင်္သာရီ တိုင်းမှာ ဘာသာစကား ဘယ်နှစ်မျိုး ပြောသလဲ ဆိုတာကိုလည်း အကျဉ်းရုံး တင်ပြလိုပါတယ်။

တနင်္သာရီတိုင်းဘက် မရောက်ဘူးသူတွေက ဘိတ်နဲ့ထားဝယ်ကို အတူတူလို့ ထင်ကြပေမယ့် တကယ်က မတူတာတွေ အများကြီးပါ။ ထားဝယ်စကားကို ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်းနဲ့ ထားဝယ် ၄ မြို့နယ်မှာပဲ သုံးပြီး ပုလောမြို့က ထားဝယ်နဲ့ ဘိတ်ကြား လေသံနဲ့  စကားတမျိုး သုံးပါတယ်။ မြိတ်၊ ကျွန်းစု၊ တနင်္သာရီနဲ့ ဘုတ်ပြင်း ၄ မြို့နယ်က မြိတ်စကားကို သုံးပြီး ကော့သောင် မြို့နယ်ကတော့ ဗမာအသံနဲ့ ပိုတူတယ်လို့ ကျနော့်နားထဲ သတိထားမိပါတယ်။

ဒီလေသံ ၃၊ ၄ မျိုးအပြင် ကိုဌေးအောင်တို့၊ ကိုစံရွှေအောင်တို့၊ ကိုသိန်းဆောင်တို့လို ထားဝယ်မှာ အနေကြာသူ ဗမာတွေပြောတဲ့ လေသံကလည်း တမျိုးရှိပါသေးတယ်။ ဗမာအသံလည်းမဟုတ်၊ ထားဝယ်လည်း မပီတဲ့အတွက် သူတို့ကို ဂံပျက် (ဗမာစကားကို ဂံစကားလို့ ထားဝယ်ဘက်မှာ ခေါ်ပါတယ်) တွေလို့ ခေါ်ကြပါတယ်။ ဗမာ စကားစစ်စစ် ပြောသူကတော့ ကိုကျော်ကျော်နဲ့ ရန်ကုန်သားအနည်းငယ်ပဲ ရှိပါတယ်။ အနှစ်ချုပ်လိုက်ရင်တော့ အရင်တုန်းက တခါမှမတွေ့ဖူးတဲ့ လူမျိုးစုံ၊ ဘာသာစကားမျိုးစုံ၊ စရိုက်မျိုးစုံ လူငယ် ၂၀၀ ကျော်ကို တောတွင်းစခန်းတခုမှာ စုထားတဲ့အချိန်မှာ ပြဿနာတွေ ကြုံရတယ်ပဲ ဆိုပါတော့။

အစားအသောက်နဲ့ ဘာသာစကား ပြဿနာအပြင် နောက်ထပ်ကြုံရတဲ့ ပြဿနာ တခုကတော့ စစ်သားနဲ့ အရပ်သား ပြဿနာပါ။ ထီးခီးရှိ KNU စစ်သင်တန်းကနေ သင်တန်းဆင်းပြီး ပြန်လာတဲ့ ပုလောနဲ့ မြိတ်အုပ်စုဟာ ကျနော်တို့လို အရပ်သား မဟုတ်တော့ဘူး။ သူတို့က စစ်သားဖြစ်သွားပြီဆိုတော့ ကျနော်တို့နဲ့အတူ ဘားတိုက်မှာ မနေတော့ဘဲ ခုနက ချောင်း သေးသေးလေးရဲ့ တခြားတဘက်မှာ သူတို့ဘာသာသူတို့ ဖြစ်သလို တဲထိုးပြီး နေလိုက်ပါတယ်။ ပြီးတော့ သူတို့ နေတဲ့ဘက်ကမ်းကို စစ်တပ်ကမ်းလို့ သတ်မှတ်လိုက်ပါတယ်။

တကယ်ကတော့ သူတို့ကိုယ်သူတို့ စစ်သားလို့ဆိုနေပေမယ့် KNU က ပေးလိုက်တဲ့ G3 ခပ်အိုအိုတလက်ကလွဲပြီး သူတို့မှာ သေနတ်မရှိသေးပါဘူး။ ယူနီးဖေါင်းလည်း မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ အချင်းချင်းကြားမှာတော့ သူတို့က ခြေတလှမ်း ရှေ့ပြေးနေတဲ့ စစ်သင်တန်း ဆင်းပြီးသား၊ သေနတ်မရှိသေးတဲ့ သူပုန် စစ်သားကြီးတွေ ဆိုပါတော့။

အဲဒီအချိန်မှာပဲ ဆေးသင်တန်းပေးမယ်၊ အင်္ဂလိပ်စာ အခြေခံရှိသူတွေ လျှောက်နိုင်တယ်ဆိုပြီး KNU ဘက်က ကမ်းလှမ်း လာပါတယ်။ ဆက်သွယ်ရေး သင်တန်းကိုတော့ ကျနော်တို့ဆီက (ဘန်းချောင်းမှာကတည်းက) ပို့လိုက်တဲ့ အိုဃီးနဲ့ ဆန်းဇော်ထွန်း အပါအဝင် မင်းသမီး ဒေသဆီ အစောဆုံး ရောက်လာသူတွေထဲက အင်္ဂလိပ်စာ အခြေခံရှိတဲ့ အမျိုးသား၊ အမျိုးသမီး ၁၀ ယောက်လောက်ကို ရွေးပြီး ထောက်လှမ်းရေးမှူး ဗိုလ်ကြီးဘိုနီက ထီးခီးမှာ သင်တန်းပေးနေတာ တလကျော်ကြာနေပြီဖြစ်ပါတယ်။

ဆေးသင်တန်းကို ထီးထားဆေးရုံမှာ ပေးမှာဖြစ်ပြီး ကရင်ဆေးမှူးနဲ့ အနောက်တိုင်းက ဗော်လန်တီယာတွေက သင်ပေးမှာ ဖြစ်ပါတယ်။ နောက်တခါ ထီးထားဟာ ကျနော်တို့စခန်းထက် နေသာထိုင်သာရှိတဲ့ နေရာဖြစ်တာကြောင့် အတော်များများ အဲဒီ သင်တန်းကိုဝင်လျှောက်ကြပြီး ကျနော်တို့ ရဲဘော် ၄-ကျိပ်ထဲက ကိုညီညီလွင်ခေါ် ကိုဖိုးချို အပါဝင် ၁၀ ဦးနီးပါး ပါသွားပါတယ်။

ကျနော်နဲ့ ကျန်တဲ့လူတချို့ကတော့ နိုင်ငံရေးနဲ့ စစ်ရေးကိုသာ အားသန်နေတဲ့အတွက် အဲဒီသင်တန်းတွေကို မလျှောက်ဖြစ် လိုက်ပါဘူး။

နောက်ဆုံး KNU ဘက်က ကမ်းလှမ်းလာတဲ့ သင်တန်းကတော့ ကျနော်တို့မျှော်နေတဲ့ စစ်သင်တန်းပါပဲ။ ဒါပေမယ့် သင်တန်းပေးမယ့်လူက ဗိုလ်စိုးသိန်းနဲ့ ဦးချစ်လွင်တို့ ဖြစ်နေတဲ့အတွက် ဒါကို လက်မခံနိုင်ဘူးဆိုပြီး ကျောင်းသားတွေက ငြင်းဆိုခဲ့ပါတယ်။ ဗိုလ်စိုးသိန်း ဆိုတာကတော့ KNU လက်အောက်ခံ ထားဝယ်သားတပ်ဖွဲ့ (နောက်ပိုင်းမှာ နအဖဆီ လက်နက်ချသွားသူ) က တပ်မှူးဖြစ်ပြီး ဦးချစ်လွင် ဆိုတာကတော့ ထားဝယ်ဆန္ဒပြပွဲတွေ အတွင်း ကျောင်းသားတွေနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သူလို့ သိရပါတယ်။

—————

ပုံစာ- ၂- ကိုတင်လေးနဲ့ တနင်္သာရီတိုင်း ကျောင်းသားကိုယ်စားလှယ်အချို့ကို သေဘောဘိုးရွာ ABSDF ဖွဲ့စည်းရေး ဆွေးနွေးပွဲမှာ တွေ့ရစဉ်။

(၃) ကိုတင်လေးနဲ့ ဗဟိုကိုယ်စားလှယ်အဖွဲ့ ပြန်လာပြီ

ဒီလို ငြင်းလို့ခုန်လို့ ကောင်းတုန်းမှာပဲ ရှေ့မှာပြောခဲ့တဲ့ ဗကပ-နယ်၊ မကဲ-ကျောက်အိုင်ကနေ ရနောင်းကိုဆင်းပြီး မဲဆောက်နဲ့ သေဘောဘိုး စခန်းဆီ ရောက်သွားတဲ့ ကိုတင်လေးနဲ့အဖွဲ့ မောင်တော်စခန်းဆီ ပြန်ရောက်လာပြီး အတွေ့အကြုံ ရှင်းလင်းပွဲ လုပ်ပါတယ်။

အဓိက ရှင်းပြသူတွေကတော့ ကိုတင်လေး၊ ဦးဟန်လင်း (နောက်ပိုင်း စခန်းကော်မတီဝင် ဖြစ်လာသူ၊ နယူးယောက် ကုလသမဂ္ဂရုံးအထိ လမ်းလျှောက်ပွဲ လုပ်သူအဖြစ် ထင်ရှားပြီး ၂၀၀၈ မှာ ကွယ်လွန်) နဲ့ ဦးစံရွှေအောင် (နောက်ပိုင်းမှာ ကျနော်တို့နဲ့အတူ နယ်မြေကော်မတီဖွဲ့ဖို့ မဲဆောက်ဘက်အသွားမှာ မြဝတီဘက် ပြန်ဝင်သွားတယ်ဆိုပြီး သတင်းပျောက်သွားသူ) တို့ ဖြစ်ပါတယ်။ နောက်ကိုယ်စားလှယ် တဦးဖြစ်တဲ့ မြိတ်မြို့က အင်္ဂလိပ်စာ ကျွမ်းကျင်သူ ဦးအောင်ခင်ကတော့ စခန်းကို ပြန်မလာဘဲ ဗဟိုမှာ စကားပြန်တာဝန်နဲ့ ကျန်နေခဲ့တယ်ဆိုပါတယ်။

သူတို့ရှင်းပြတဲ့ အချက်အပေါ် ကျနော်နားလည် သလောက်ကတော့ “ဗဟိုကော်မတီတော့ ဖွဲ့လိုက်ပြီ။ ငါတို့စခန်းက တယောက်မှမပါဘူး။ အောက်ခြေမရှိတဲ့ လူအများစု ဗဟိုမှာ အရွေးခံရတဲ့အတွက် အလုပ်ဖြစ်မယ့် ဗဟိုကော်မတီ မဖြစ်နိုင်ဘူး။ ဒါကြောင့် တကယ်အလုပ်ဖြစ်နိုင်တဲ့ KNU နယ်မြေရောက် ကျောင်းသားတွေပါတဲ့ နယ်မြေ ကော်မတီဖွဲ့မယ်။ အဲဒီအတွက် ကိုယ်စားလှယ် ရွေးမယ်” ဆိုတာကို ကျနော် မှတ်မိနေပါတယ်။

သူတို့ ၃ ဦးကို ကြည့်ရတာ ဗဟိုကော်မတီ အစည်းဝေးဆီ ထပ်သွားဖို့ အတော်စိတ်ပျက်နေပုံရပြီး ကိုတင်လေးနဲ့ ဦးဟန်လင်းကတော့ ဗဟိုဘက်ကို လုံးဝ ပြန်မသွားတော့ဘူး၊ သူတို့ကို ကိုယ်စားလှယ်အဖြစ် ထပ်မရွေးပါနဲ့လို့ ဗြောင်ပြောပါတယ်။

ပထမ အကြိမ်ညီလာခံဆီ မင်းသမီးစခန်း ကိုယ်စားလှယ်တွေအဖြစ် တက်ခဲ့သူတွေကတော့ ထားဝယ်က ကိုတင်လေး၊ ပုလောက ဦးဟန်လင်း၊ မြိတ်က ဦးအောင်ခင်နဲ့ ကံဘောက်ဘက်က ဦးစံရွှေအောင်တို့ ဖြစ်ပါတယ်။

ဒီလိုနဲ့ နယ်မြေကော်မတီအတွက် ကိုယ်စားလှယ်သစ် ၆ ဦးရွေးတဲ့အထဲ ပါဝင်လာသူတွေကတော့ ထားဝယ်အုပ်စုက ကိုအောင်သန်းဝင်း (နောက်ပိုင်း မင်းသမီးစခန်း ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်ဗဟိုရဲ့ တွဲဘက် အတွင်းရေးမှူး၊ အခု အမေရိကန် ရောက်နေ) နဲ့ ကိုကျော်ထင် (နောက်ပိုင်း ဗဟိုစစ်ဦးစီးချုပ် တာဝန်ယူသူ။ အခုနော်ဝေးမှာ ရောက်နေ) ရန်ကုန်အုပ်စုက ကိုကျော်ကျော် (နောက်ပိုင်း ဗဟိုအတွင်းရေးမှူး၊ အခု NDD၊ PDC အဖွဲ့တွေမှာ တာဝန်ယူနေသူ) ရေဖြူ – ကံပေါက်အုပ်စုက ဦးစံရွှေအောင် (ကျနော်တို့နဲ့ အတူ မဲဆောက်က ဗိုလ်စိုးစိုး အိမ်မှာ တည်းနေစဉ် မြဝတီဘက် ပြန်ဝင်သလိုလိုနဲ့ ပျောက်ဆုံး သွားသူ) ပုလော – မြိတ်အုပ်စုက ဦးအောင်ခင် (နောက်ပိုင်း ဗဟိုနိုင်ငံခြားရေးဌာန အရာရှိဖြစ်လာသူ။ အင်္ဂလိပ်စာကျွမ်းလွန်းလို့ Mr. Dictionary လို့ ကျနော်တို့က ခေါ်ဝေါ်သူ။ အခု သြစတေးလျ) နဲ့ လောင်းလုံးအုပ်စုက ဝင်းထိန်ခေါ် ကျနော် ထက်အောင်ကျော်တို့ ဖြစ်ပါတယ်။

တကယ်ကတော့ တခြားလူ ၅ ဦးစလုံးဟာ ကျနော့်ထက် ပိုအရည်အချင်းရှိသူတွေ ဖြစ်သလို အရွေးမခံရသူတွေထဲမှာလည်း ကျနော့်ထက် အရည်အချင်း ပိုရှိသူတွေ အများကြီး ကျန်နေနိုင်သေးတယ် ဆိုတာကို ကျနော်စဉ်းစားမိပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ကိုယ်စားလှယ်ကို လူဦးရေနဲ့အချိုးကျ ခွဲတာမျိုးမဟုတ်ဘဲ ထားဝယ်က ၂ ဦး၊ ရေဖြူက ၁ ဦး၊ ပုလောနဲ့ မြိတ်က ၁ ဦး။ လောင်းလုံက ၁ ဦး၊ ရန်ကုန်က ၁ ဦး ဆိုပြီး ခွဲတန်းချရာကနေ ၁၀ ယောက်တောင် မပြည့်တဲ့ လောင်းလုံ မြို့နယ်အတွက် ကျနော်က ကိုယ်စားလှယ်ပါသွားပြီး လူဦးရေ ၁၀၀ ကျော်စီရှိတဲ့ ထားဝယ်နဲ့ရေဖြူ အုပ်စုထဲက ကျနော့်ထက် အရည်အချင်း ပိုရှိသူတွေ ကျန်နေခဲ့ နိုင်လို့ ဖြစ်ပါတယ်။

နောက်တခါ အဲဒီကာလ အခြေအနေအရ ဗဟိုထက် စခန်းကို ပိုအလေးထားသူတွေ ဟာလည်း အတော်များနေဆဲ ဖြစ်တဲ့အတွက် ဗဟိုအတွက် တမင်အရွေးမခံပဲ စခန်းမှာပဲ တမင်ချန်နေခဲ့ သူတွေလည်း ရှိနိုင်တာကြောင့် ကြားချောင်ပြီး ကျနော်က ဗဟိုကို ပါသွားတာ ဖြစ်နိုင်တယ်လို့ ပြန်စဉ်းစားနေမိပါတယ်။

………………………………………….

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇)>>>>>

ထက်အောင်ကျော်