တစ်လတာ ဘတ်၊ ရွှေ ပေါက်ဈေး အပြောင်းအလဲ

0
3563

တနင်္သာရီတိုင်းသားများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အရေးပါသည့် ဘတ်၊ရွှေ စျေးကွက်ကို လေ့လာရာတွင် ပြီးခဲ့သည့် တစ်လတာအတွင်း တစ်ကြိမ်သာ လှုပ်သွားပြီး စျေးတန်းတစ်ခုတွင် တည်ငြိမ်နေသည်ကို တွေ့ရသည်။

အောက်တိုဘာလ ၈ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ထိုင်းဘတ်နှင့် ရွှေပေါက်ဈေး အပြောင်းအလဲများကို ကြည့်ပါက အခေါက်ရွှေဈေးမှာ ဈေးတန်းတစ်ခုတွင်သာ အတက်အကျ နည်းနည်းဖြင့် အ‌ရောင်းအဝယ်ဖြစ်နေသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဏာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာပြီး နောက်တစ်ရက်တွင် ပြည်တွင်းရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားပြီး တစ်ကျပ်သားလျှင် သိန်း ၃၀ ကျော်သွားခဲ့သည်။

ယင်းသို့ အမည်ပျက်မကြေညာမီက တစ်ကျပ်သားလျှင် ၂၅ သိန်းခွဲဝန်းကျင်သာ ပေါက်ဈေးရှိသည်။

သို့ရာတွင် နောက်တစ်ရက်ဈေးဖွင့်ချိန်၌ ချက်ချင်းပြန်ကျသွားပြီး တစ်ကျပ်သားလျှင် ၂၇ သိန်းအထိ ဈေးပြန်ကျသည်။

ထိုနောက် ပြည်တွင်းရွှေဈေးမှာ အကျဈေးတွင်သာ အပြောင်းအလဲနည်းစွာဆက်ရှိနေပြီး တစ်ကျပ်သားလျှင် ၂၆ သိန်း စွန်းစွန်းဖြင့်သာ အရောင်းအဝယ်ရှိနေခဲ့သည်။

အပြောင်းအလဲနည်းနေသည့်ရွှေဈေးသည် နိုဝင်ဘာလ ၅ ရက်နေ့တွင်မူ ၂၆၈၀၀၀၀ ကျပ်အထိ ပြန်လည်မြင့်တက်လာ ခဲ့သည်။

ပြီးခဲ့သည့် တစ်လတာကာလသည် ရွှေဈေးအတက်အကျ ကြီးကြီးမားမားမရှိဘဲ အလှုပ်အခတ်နည်းသည့်ကာလ ဟုဆိုနိုင်ပေသည်။

ထိုင်းဘတ်လည်း ငြိမ်

ယခင်က အတက်အကျကြမ်းခဲ့သည့် ထိုင်းဘတ်ဈေးမှာ အထက်ပါတစ်လတာ ကာလတွင် ပြန်ငြိမ်စပြုလာသည်။

အဆိုပါတစ်လတာကာလအတွင်း ထိုင်းဘတ်ပေါက်ဈေးမှာ ပျမ်းမျှအားဖြင့် ၇၆ ကျပ်ဝန်းကျင်တွင် ဈေးပေါက်နေခဲ့သည်။

FATF က အမည်ပျက်ကြေညာပြီး နောက်တစ်ရက်တွင်သာ ဈေးကွက်ကမောက်ကမ ဖြစ်ကာ အရောင်းအဝယ်ရပ်ပြီး အခြေအနေစောင့်ကြည့်ခဲ့ကြသည်။

ယင်းနေ့တွင် ထိုင်းငွေတစ်ဘတ်လျှင် ၈၀ ကျပ်အထိ ဈေးဖွင့်ခဲ့ကြသော်လည်း အရောင်းအဝယ်မရှိကြပေ။

ထိုနေ့နောက်ပိုင်းတွင် ဈေးတန်းငြိမ်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၇၈ ကျပ် ဝန်းကျင်သာ ဈေးပေါက်နေခဲ့သည်။

အချုပ်အားဖြင့် အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၂၆ သိန်းစွန်းစွန်းတွင်သာ ဈေးဖွင့်ကြပြီး အတက်အကျမှာ ကျပ်သောင်းဂဏန်းသာ ရှိနေခဲ့သည့် ကာလဖြစ်သည်။

အလားတူထိုင်းဘတ်ဈေးမှာလည်း တစ်ဘတ်လျှင် ငွေကျပ် ၈၀ အောက်တွင်သာ ပေါက်ဈေးရှိပြီး အလှုပ်အခတ် နည်းခဲ့သည်ဟု ဆိုနိုင်ပေသည်။

လက်ရှိအခြေအနေများအရ ထိုင်းဘတ်ငွေနှင့် ရွှေစျေးမှာ အတက်အကျနည်းနည်းဖြင့် အရောင်းအဝယ် ဆက်ဖြစ်နေနိုင်ပြီး နိုင်ငံရေး အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်ပါက စျေးကွက်တည်ငြိမ်နေဖွယ်ရှိသည်။