သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄)

0
3627

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃)

အခန်း-၁-

အပိုင်း-၄-

(၁) ဘန်းချောင်းဘေးမှာ တလတာ

အချိန်တလကြာတဲ့အထိ ဘာမှမထူးဘူးဆိုရင် ဒီမှာဆက်နေမလား၊ ထားဝယ်ပြန်မလားဆိုပြီး ကျနော်တို့အကြား ငြင်းခုံမှုတွေ တိုးပွားလာပါတယ်။ မဲဆောက်နဲ့ သေဘောဘိုးဘက်က ကျောင်းသားတွေ၊ နောက်တခါ မင်းသမီးဘက်က ကျောင်းသားတွေနဲ့လည်း ကျနော်တို့က ဘယ်လိုမှ တိုက်ရိုက် ဆက်သွယ်မှုမရ၊ KNU ဆီကတဆင့် ကြေးနန်း သတင်းတချို့ကို ရနေပေမယ့် ကျနော်တို့က ဒါကို အယုံအကြည် သိပ်မရှိတော့ပါဘူး။

နောက်ဆုံးမှာတော့ မင်းသမီးဘက် ရောက်နေသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ဆိုပြီး ကျနော်တို့ဆီက ကိုယ်စားလှယ် ၂ ဦး ကိုရွေး၊ KNU လက်ထဲ အပ်ပြီး လွှတ်လိုက်ပါတယ်။ အဲဒီ ၂ ဦးကတော့ တနင်္သာရီတိုင်း လက်ရွေးစင် ဘော်လုံးသမား သန်းဝင်း (ခေါ်) အိုဃီးနဲ့ မော်လမြိုင် တက္ကသိုလ်က ဆန်းဇော်ထွန်းတို့ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ခရီးထွက်သွားပြီး တပတ်၊ ဆယ်ရက် ကြာတဲ့အထိ ဘာသတင်းမှ ပြန်မလာတဲ့အတွက် ဒီလူတွေ မင်းသမီးကို ရောက်တာ သေချာရဲ့လား၊ လမ်းမှာများ အဖြောင် ခံလိုက်ရပြီလားဆိုပြီး ကျနော်တို့နဲ့ KNU အကြား သံသယတွေ ပွားလာပြန်ပါတယ်။

ဒီကိစ္စ စုံစမ်းဖို့ KNU နဲ့ ရင်းနှီးပြီး ကရင်စကားလည်း နည်းနည်းတတ်တဲ့ ကိုသောင်းညွန့် (ခေါ်) ကိုလေပေး (၂၀၁ – ဘက်မလိုက် တပ်ရင်းမှူး ဖြစ်လာသူ) ကို တာဝန်ပေးပြီး မင်းသမီးစခန်းဆီ ထပ်လွှတ်ခဲ့ပါတယ်။ (ဒီဆောင်းပါးရေးဖို့ ပြန်မေးတော့မှ သိရတာကတော့ ထီးထာရောက် ရောက်ချင်း သတင်းပို့ဖို့ အခက်အခဲရှိနေလို့ နောက်ကျသွားတာသာ ဖြစ်ပြီး တခြားပြဿနာ ဘာမှမရှိပါဘူးလို့ ကိုသန်းဝင်းက ရှင်းပြပါတယ်)

ဒီအခြေနေတွေကို မသိတဲ့ ကျနော်တို့အုပ်စု ခမျာတော့ BBC ကို နားထောင်။ KNU ခေါင်းဆောင်ပိုင်းကို သတင်းမေးနဲ့ တချိန်လုံး အားမလို အားမရ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ တနေ့မှာတော့ (NDF) မဒတ ဥက္ကဋ္ဌ စောမော်ရယ်ကနေ ကျောင်းသားတွေကို လက်ခံဖို့ သူတို့ပြင်ထားပါတယ်၊ လက်နက်တွေလည်း ထောက်ပံ့မယ်ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ စကားမျိုး BBC နဲ့ အင်တာဗျုးအတွင်း ပြောသွားတာ ကြားလိုက်ရတဲ့အတွက် ကျနော်တို့ရဲ့ စိတ်ပျက်မှုတွေဟာ နည်းနည်းတော့ ပြန်လည် နိုးကြားလာပါတယ်။

ဒါပေမယ့် လက်တွေ့ နေ့စဉ် ဘဝမှာကတော့ ညာအိုထီးကို နှာခေါင်းပိတ်ပြီး သုံးဆောင်၊ ချုံနွယ်ပိတ်ပေါင်း မျိုးစုံ ဟင်းချိုကို သောက်၊ ငှက်ဖျားမဖြစ်အောင် ရေကိုကြိုသောက်၊ မယ်ညား – ပါသား ကို ခပ်ကျယ်ကျယ် အော်ပြီး ဝါးရင်းတုတ် သေနပ်ကိုထမ်း… စသဖြင့် စိတ်ဓာတ်ကျဖွယ် အချိန် တလတာကို အဓိပ္ပာယ် နည်းပါးစွာနဲ့ ကျနော်တို့ အုပ်စု ဖြတ်သန်းခဲ့ရပါတယ်။

————-

(၂) စစ်မတိုက်ရသေးခင် ပထမ ဆုံး ကျဆုံးသွားသူတဦး

အဲဒီကာလအတွင်း မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ ဖြစ်စဉ်တခုကတော့ ကျနော်တို့ရဲ့ ရဲဘော်တဦးဖြစ်တဲ့ ညီညီနိုင် ရေနစ် သေဆုံးသွားခြင်းပါ။ ဒါဟာ ရှေ့မှာ ပြောခဲ့တဲ့ အစားအသောက် ဆင်းရဲ ငတ်ပြတ်မှုနဲ့ ဆက်စပ်နေတဲ့အတွက် တကယ့်ကို ရင်နာစရာ ဇာတ်လမ်းတခုပါပဲ။

သူတို့ မိသားစုဟာ ထားဝယ်မှာ အေး – ထီဆိုင်နဲ့ တခြားဆိုင်တွေလည်း ရှိပါတယ်။ စီးပွားရေးအရ ပြေလည်နေတာကြောင့် သူတို့ရဲ့ သားဟာ အစားအသောက် ငတ်ပြတ်မှုကြောင့် သေဆုံးသွားရတယ်ဆိုတာကို သူ့မိသားစုတွေ ဘယ်လိုမှ လက်ခံမယ် မထင်ပါဘူး။

ကျနော် မှတ်မိသလောက် အဲဒီနေ့ဟာ ကျနော်တို့ တောထဲရောက်ပီး ပထမဆုံး ကြုံရတဲ့ သီတင်းကျွတ် လပြည့်နေ့။ ထားဝယ်မှာဆိုရင်တော့ သီတင်းကျွတ် လပြည့်နေ့မှာ လောကမာရဇိန် ဘုရားကြီးဝန်းထဲသွားပြီး ဆီးမီးပူးဇော်တာ။ ဒါမှမဟုတ် ဟိုငေးဒီငေးနဲ့ ယောင်ခြောက်ဆယ် လုပ်တာတွေကို ဆောင်ရွက်လေ့ရှိတဲ့ ကျနော်တို့ မောင်ကျောင်းသား တွေဟာ အခုဘန်းချောင်းဘေးက KNU နယ်မြေထဲမှာတော့ ဘုရားဝန်းလည်း မရှိ၊ ဘုန်းကြီးကျောင်းလည်း မရှိ။ သွားချင်သပ ဆိုရင် ခရစ်ယာန် ဘုရားကျောင်းသွားပြီး ဆုတောင်းဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာလား၊ ကံဆိုတာလား မပြောတတ်။ သီတင်းမကျွတ်ခင်လေးမှာ ထူးထူးခြားခြား ဖိတ်ကြားချက်တခု ကျနော်တို့ ရရှိခဲ့ပါတယ်။

“ကျောက်ထူး ဘုန်းကြီးကျောင်းမှာ သီတင်းကျွတ်ပွဲ ကျင်းပမယ်။ ကျောင်းသားတွေနဲ့ ရွာသားတွေ ဘော်လုံးပြိုင်ပွဲ လုပ်ပေးမယ်။ ဝက်သားဟင်းနဲ့ ထမင်းကျွေးမယ်” ဆိုတဲ့ သတင်းစကား ကျနော်တို့ စခန်းဆီ ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိပါ။

မယ်ညား-ပါးသား နင်းနေရင်းနဲ့ အဲဒီသတင်းစကားကို တီးတိုးပြောနေကြပြီ။ “ဝက်သားတုံး မကိုက်ရတာ ကြာပြီကွာ။ ဒီတခါတော့ အပီဆွဲရတော့မယ် … ရှလွတ်-ရှလွတ်” ဆိုပြီး တယောက်တပေါက် နောက်ပြောင် နေကြပါတယ်။

တကယ်တော့ ဝက်သားဟင်းအတွက် ဘုန်းကြီးကျောင်း တကျောင်းက ဖိတ်တာဟာ ဒါ ပထမဆုံး အကြိမ်ဖြစ်ပေမယ့် ကျနော်တို့ စခန်းဝန်းကျင်က ကရင်ရွာတွေရဲ့ ဘုရားကျောင်းတွေက ဖိတ်တာကတော့ (အကြိမ် အတော်များများကတော့ မဖိတ်ပဲနဲ့ သွားစားခဲ့တာပါ) ၃ – ၄ ခါ ရှိနေပါပြီ။ အထူးသဖြင့် ကျနော်တို့ ကျောင်းသားတွေ ငတ်ပြတ်နေမှန်း ရိပ်မိတဲ့ တနင်းခူရွာက ကျောင်းအုပ်ဆရာ (သင်းအုပ်ဆရာလည်း ဖြစ်နိုင်ပါတယ်) က စနေနေ့တိုင်း သူရွာဖိတ်ပြီး ဘော်လုံးပြိုင်ပွဲ လုပ်ပေးပါတယ်။

ဒီရွာဟာ ကျနော်တို့စခန်းနဲ့ အနီးဆုံးရွာဖြစ်ပြီး စမ်းချောင်းလေး ၂ – ခုလောက်ကိုကျော်၊ နာရီ ဝက်လောက် လမ်းလျှောက်ရင် ရောက်တဲ့ နေရာပါ။ အဲဒီရွာမှာ အိမ် ဘယ်နှစ်လုံး ရှိမှန်း ကျနော်အသေအချာ မမှတ်မိတော့ပေမယ့် ကျနော်တို့ ဘောလုံးကန်တဲ့ ကွင်းဘေးမှာ ဘုရားကျောင်း တကျောင်း ရှိပါတယ်။ အဲဒီဘေးနားမှာ ခုနကပြောတဲ့ ကျောင်းအုပ်ဆရာရဲ့ အိမ်ရှိပါတယ်။ ဘုရားကျောင်းရော၊ အိမ်ရောဟာ ယာယီသဘောဆောင်ပြီး သစ်တိုင်၊ ဝါးကြမ်းခင်း၊ ဖက်မိုး အဆောက်အဦတွေ ဖြစ်ပါတယ်။

ဘောလုံးကွင်းကလည်း ယာယီသဘောကို ဆောင်ပြီး ထိကရုဏ်းပင်တွေ၊ မြက်ရိုင်းတွေနဲ့ပေါ့။ ဒါပေမယ့် “ဝက်သားဟင်း စားရရေး တို့အရေး” ဖြစ်နေတဲ့ ကျနော်တို့ ကျိုးဖိုး (ကျောင်းသားကို ကရင်လိုအခေါ်) တွေ ခမျာမှာတော့ ဖိနပ် ဗလာနဲ့ အဲဒီ ဆူးခင်းပေါ်မှာ ပြေးပြီး ဘောလုံး ကစားခဲ့တာ အခုအချိန် ပြန်စဉ်းစားမိတိုင်း ကိုယ့်ခြေဖဝါး ကိုယ်ပြန် စမ်းမိပါတယ်။

——————

(၃) စစ်ထွက်တိုက်ဖို့ သေနတ်မရသေးလို့ ဘောလုံးကို ကျုံးကျုံး ကန်

ကျနော်တို့ဟာ စနေမှာ ဘောလုံးပွဲနဲ့ အလုပ်များကြသလို တနင်္ဂနွေမှာလည်း အဲဒီ ဘောလုံးကွင်းဘေးက ဘုရားကျောင်းဆီလာပြီး “အာမင်” (ခရစ်ယာန် ဘုရားရှိးခိုးပွဲ အပြီးမှာ နောက်ဆုံး ဆုတောင်းတဲ့ စကားလုံးပါ။ အားလုံးကို ကရင်ဘာသာနဲ့ ပြောတဲ့အတွက် နောက်ဆုံးတလုံးကိုပဲ ကျနော်တို့က အသေမှတ်ထားပြီး အဲဒီစကားလုံး ကြားရင် စားဖို့ရယ်ဒီဖြစ်ပြီလို့ မှတ်ထားတာ ဖြစ်ပါတယ်) ကို စောင့်ရတာကလည်း အမော။

ဒါပေမယ့် ဒီပွဲကိုတော့ ဘောလုံးကန် သွားသလိုမျိုး ဖြစ်သလို သွားလို့မရပါဘူး။ ရေမိုးချိုးပြီး အဝတ်အစား သန့်သန့် ပြန့်ပြန့်နဲ့လာမှ ဘုရားကျောင်းလာတဲ့ ကရင်ဒေသခံတွေက နှစ်သက်တဲ့ သဘောရှိတာကြောင့် အကောင်းဆုံး အဝတ်တွေကို တယောက်တလှည့် ငှားဝတ်ပြီး ကျိုးဖိုးတပ်သားများ အလှည့်ကျ သွားခဲ့ကြပေါ့။ ကျန်တဲ့လူတွေ စိတ်ထဲ ဘယ်လိုရှိလည်းတော့ မသိဘူး။ ဘုရားကျောင်း တခါမှ မတက်ဘူးတဲ့ ကျနော့် ခမျာတော့ ဘုရားရှိခိုးမှု တခါနားတိုင်း ပိုက်ဆံအလှူခံတဲ့အခါ တပြားမှ မလှူနိုင်ဘဲ ပြုံးပြီး နေရတဲ့ ဘဝကို မခံစားနိုင်လို့ နောက်ပိုင်း မသွားဖြစ်တော့ပါဘူး။

အဲဒီလို စနေမှာ ဘောကန်၊ တနင်္ဂနွေမှာ ဘုရားကျောင်းတက် လုပ်ရင်း ၃ ပတ်လောက် ကြာတဲ့ အခါမှာတော့ ရှေ့မှာပြောခဲ့တဲ့ ထူးဆန်းတဲ့ ဝက်သားဟင်း ဖိတ်ခေါ် ဘောလုံးပွဲဖိတ်စာ ကျနော်တို့စခန်းဆီ ရောက်လာပါတယ်။ အဲဒီအတွက် စစ်ကြောင်း တခုလုံး သောကြာနေ့ ညနေကတည်းက ခရီးထွက်လာပြီး ခုနက တနင်းခူရွာမှာ ဘောကန်ရင်း … အဲ … ထမင်းလည်းစားရင်း တည အိပ်ပါတယ်။ နောက်တနေ့ မနက်မှာတော့ တနင်းခူ ကနေ နောက်ထပ် တရွာကိုဖြတ်၊ စမ်းချောင်း ၂ ခုနဲ့ ချောင်း ခပ်ကြီးကြီး တခုကို ကျော်ပြီးသွားရတဲ့ ကျောက်ထူးဘုန်းတော်ကြီးကျောင်းဆီ ကျနော်တို့ ချီတက်လာပါတယ်။ အဲဒီလို ချီတက်ရင်း မွန်းတည့် ၁၂ နာရီ လောက်မှာ ပြဿနာက စတာပါပဲ။

ကျနော် မှတ်မိသလောက်ဆိုရင် အသားညိုညို အရပ်ပုပု ဗလကောင်းကောင်း ရွာသားတဦးက ကျနော်တို့ကို လမ်းပြအဖြစ် ဦးဆောင်လာပါတယ်။ ကျောက်ထူးချောင်းကို ကူးတဲ့အခါမှာလည်း သူကပဲ ချောင်းထဲ အရင်ဆင်းပြီး “ရေစီးတော့ အတော် သန်တယ်၊ ဒါပေမယ့် ကူးလို့ ရပါတယ်” လို့ အော်ပြောပါတယ်။ ကျနော်တို့ကတော့ (အဲဒီကာလက ကျနော်တို့မှာ နေ့စဉ် တာဝန်ကျ တာဝန်မှူး တဦးစီကို အလှည့်ကျ ပေးထားပြီး သူ့အမိန့်နဲ့ သွားနေကြတာ ဖြစ်ပါတယ်) “တာဝန်မှူး အမိန့်ရမှဆင်း” “ခဏ စောင့်ပါဦး” “ကြိုးနဲ့ကူးမှ ဖြစ်မယ်ထင်တယ်” … စသဖြင့် ချောင်းဘေးမှာ ရပ်ရင်း ဟိုပြောဒီပြော ပြောနေဆဲပါ။

မနေ့ညက မိုးရွာထားလို့လားမသိ၊ ၁၀ ပေလောက်ပဲ အကျယ်ရှိတဲ့ ချောင်းထဲမှာ ရေစီးက အတော်အစီးသန်ပြီး ရေအနက်ကလည်း ရင်ဘတ် ကျော်ကျော်၊ လည်ပင်းလောက် အထိ ရှိနေပါတယ်။

မြို့ပေါ်က ကျိုးဖိုးတွေ ဆိုတော့လည်း သိတဲ့အတိုင်း ဒီလိုချောင်းမျိုးမှာ ရေကူးဖူးပုံမရပါဘူး။ မောင်းမကန် ကမ်းခြေနဲ့ လက်ဝဲကျွန်းဘက်က နော်စီကန်တို့၊ ဘော်ဦးကန်တို့ လောက်မှာသာ ကူးဖူးပုံရပြီး ဒီလိုရေစီးနဲ့ သူတို့နဲ့ မဖြစ်ပါဘူး။ ဒါကို မသိရှာတဲ့ လမ်းပြရွာသားက “ရပါတယ်၊ ဒီလိုကူး၊ ငါကူးပြနေတာ တွေ့တယ်မဟုတ်လား” ဆိုပြီး ဖိနပ်နဲ့ ပုဆိုး ကိုင်ထားတဲ့ လက်နှစ်ဘက်ကို အပေါ်ထောင်၊ ရေစီးထဲမှာ လမ်းလျှောက်ပြီး ဟိုဘက် ကမ်းဆီ ကူးပြသွားပါတယ်။ ပြီးတော့ အထက ကျောင်းသားတချို့က ချောင်းထဲ အရင်ဆုံး ဆင်းသွားပြီး သူ့နောက် လိုက်ကူးဖို့ ပြင်ပါတယ်။ ဒါပေမယ့် ရေလယ်ရောက်တာနဲ့ အောက်ခြေ လွတ်သွားလို့ ဘေးကလူက လှမ်းဆွဲ၊ ဖိနပ်တွေ ရေထဲမျောပါသွားလို့ အော်သူကအော်နဲ့ပါ။

“ဟေး တယောက်လက် တယောက်ဆွဲထား။ လက်ကို မလွတ်စေနဲ့၊ ရေစီးသန်တယ် သတိထား” ဆိုပြီး ကျနော်နဲ့အနီးက ရဲဘော်တွေက အော်ပြောသေးတာကို မှတ်မိနေပါတယ်။

——————-

(၄) သရဏဂုံတင်ဖို့ ဘုန်းကြီးမရှိတဲ့အရပ်မှာ

ကျနော်တို့ရဲ့ သတိပေးချက်က နောက်ကျသွားပါပြီ။ အသားဖြူဖြူ တရုတ်ကပြားလေး ညီညီနိုင်ဆိုတဲ့ ထားဝယ်ကောလိပ် ဒုတိယနှစ် ကျောင်သားလေး ရေစီးထဲ မျောပါသွားပါပြီ။

“ဟေ့ ရပ်ကြည့်မနေနဲ့ လိုက်ဆယ်မှ ဖြစ်မယ်” လို့ အော်ပြောပြီး လမ်းပြကို အရင်ဆုံး လိုက်ဆယ်ခိုင်းပါတယ်။ ညီညီနိုင်ဟာ ရေထဲမြုပ်သွားပြီး တချက်ပြန်ပေါ်လာတာကို ကျနော် မြင်လိုက်ပါသေးတယ်။ အဲဒီနောက်မှာတော့ လုံး၀ ပြန်ပေါ်မလာတော့ပါဘူး။ ဒီတော့မှ ကျနော်အပါဝင် ရေနည်းနည်းပါးပါး ကူးတတ်သူတချို့က ချောင်းထဲခုန်ချပြီး ရေငုပ်လိုက်ရှာပေမယ့် ဘယ်လိုမှ ရှာမတွေ့တော့ပါဘူး။

ရေငုပ်တယ် ဆိုပေမယ့် ရေစီးကသန်ပြီး အောက်ခြေမှာ ပြိုလဲထားတဲ့ သစ်ပင်အမြစ်တွေ၊ သစ်ကိုင်းတွေ ရှိနေတဲ့အတွက် အဲဒီအောက် အထဲအထိလည်း ကျနော်တို့က မဝင်ရဲပဲ နေ့လယ် ၂ နာရီ ထိုးတဲ့အထိ ဘယ်လိုမှ ရှာမတွေ့တော့လို့ နောက်ဆုံးမှာတော့ လက်လျှော့ပြီး ဘုန်းကြီးကျောင်းကိုပဲ ဆက်လက် ခရီးနှင်ခဲ့ ရပါတယ်။

ညီညီနိုင် ကျဆုံးခဲ့ရတဲ့ အဲဒီချောင်းကနေ မိနစ် ၂၀ လောက် တောင်ကုန်းလေးအတိုင်း လမ်းလျှောက်ပြီးတဲ့ အချိန်မှာတော့ တကယ်ပဲ ဘုန်းကြီးကျောင်းတဆောင်ကို ကျနော်တို့ တွေ့လိုက်ရပါတယ်။ ဒါဟာ သတင်း ၃ ပတ်ကျော် ကာလအတွင်း ပထမဆုံး တွေ့ရတဲ့ ဘုန်းကြီးကျောင်းဖြစ်လို့ အားလုံး ထိုင်ရှိခိုးကြပါတယ်။ ဒါပေမယ့် ဒီကျောင်းမှာ ဘုန်းကြီး မရှိပဲ ဘုရားဆင်းတုတော် ၂ ဆူ၊ ၃ ဆူကိုသာ တွေ့ရလို့ မေးကြည့်တဲ့ အခါမှာတော့ “ဒီလို အညိုရောင်ဒေသ ကရင်တောထဲမှာ ဘယ်ဘုန်းကြီးကမှ ကြာကြာ မနေရဲဘူး။ ကြာကြာနေရင် ကြားညပ် အသတ်ခံရမှာစိုးလို့ ဘုန်းကြီး ထားဝယ်ကို ပြန်ပြေးသွားပြီ” လို့ ရွာသားတဦးက ကျနော့်ကိုပြောပြပါတယ်။

သူဆိုလိုတာကတော့ ခရစ်ယာန်ဘာသာ ကြီးစိုးတဲ့ KNU ထိမ်းချုပ်ရာ ဒေသမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးအတွက် နေရေးထိုင်ရေး အဆင်မပြေသလို၊ ဒီဘုန်းကြီးဟာ အစိုးရ လူလားလို့ KNU ဘက်က သံသယပွား၊ အစိုးရဘက်ကလည်း ဒီဘုန်းကြီး ကရင်တောထဲအထိ သွားနေတာ KNU နဲ့ အဆက်သွယ်ရှိလို့လား ဆိုပြီး သံသယဝင်၊ အဲဒီ ၂ ဘက်ကြား ညပ်မှာ စိုးတာနဲ့ ပြန်ပြေးသွားတဲ့သဘော ဖြစ်တယ်ဆိုတာကို နောက်ထပ်အလားတူ ရွာတွေကို တွေ့ရတော့မှ ကျနော် ပို သဘောပေါက်ခဲ့ ရပါတယ်။

ညနေ ၄ နာရီ လောက်မှာတော့ စီစဉ်ထားတဲ့အတိုင်း ဘောလုံးပွဲကို စတင်ခဲ့ပေမယ့် ကျောင်းသားတွေရော၊ ရွာသားတွေ ရောရဲ့ စိတ်ထဲမှာ ညီညီနိုင် သေသွားတာကိုသာ သတိရနေကြပြီး ကစားပွဲထဲမှာ စိတ်ဝင်စားမှု မရှိကြတော့ပါဘူး။ ဘောလုံးပွဲ အပြီးမှာ ကျွေးတဲ့ ဝက်သားဟင်းဟာလည်း ဘယ်လိုမှ အရသာမရှိတော့ပါဘူး။

နောက်ဆုံးတော့ ကျောက်ထူးရွာရဲ့ သီတင်းကျွတ်ပွဲဟာ ညီညီနိုင့်အတွက် အမျှဝေပွဲဖြစ်သွားပြီး ဆုတောင်းမေတ္တာပို့မှုတွေကို ကျနော်တို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာက ဒီကျောင်းမှာ ဘုန်းကြီးမရှိတဲ့အတွက် ငါးပါးသီလ ဘယ်လိုယူမလဲ၊ ညီညီနိုင့်အတွက် သရဏဂုံတင်တာကို ဘယ်လိုလုပ်မလဲ ဆိုတော့ …

ကျနော်တို့အုပ်စုထဲက တဦးက ထွက်လာပြီး သူဘုန်းကြီးလူထွက်လာတာ မကြာသေးဘူး၊ သူဆိုတဲ့ အတိုင်းသာ နောက်ကလိုက်ဆိုကြလို့ ဦးဆောင်ပြီး ဘုရားရှိခိုးနဲ့ပဲ ငါးပါးသီလခံယူ လိုက်ပါတယ်။ ဒီတော့မှ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတဲ့ ကျနော်တို့ ကျိုးဖိုးစစ်ကြောင်းမှူးလည်း အဆင်ပြေ သွားပါတော့တယ်။

နောက်တနေ့ အဲဒီကျောင်းကနေ စခန်းကိုပြန်လာတဲ့ အချိန်မှာလည်း ကျနော်အပါဝင် ကျောင်းသား ၅ ဦးလောက်နဲ့ ရွာသား ၂ ဦးလောက်က အဲဒီချောင်းမှာ ရေကူးပြီး ညီညီနိုင်ရဲ့ အလောင်းကို ၂ နာရီလောက် လိုက်ရှာပါသေးတယ်။ နောက်ဆုံးတော့ ဘယ်လိုမှ မတွေ့လို့ လက်လျှော့ပြီး စခန်းကိုပဲ ပြန်လာခဲ့ရပါတယ်။ ဒီလိုနဲ့ ၄ ရက်လောက် ကြာတဲ့အခါမှာတော့ ညီညီနိုင့် အလောင်းကို တွေ့တယ်ဆိုပြီး KNU ကတဆင့် ရွာသားတွေက သတင်းပို့ လာပါတယ်။

ကျနော်နဲ့ တခြားကျောင်းသား ၃ – ၄ ဦး လိုက်သွားပြီး သွားကြည့်တော့ ဟုတ်ပါတယ်။ အလောင်းက ပုပ်ပွ ဖောယောင်နေပြီ။ အတွင်းခံ ဘောင်းဘီတထည်သာ ကျန်ပြီး တခြားအဝတ်တွေ ဘာမှမရှိတော့ပါဘူး။ လက်တဘက်က အပေါ်ကိုထောင်နေပြီး အဲဒီလက်မှာ လက်ပတ်နာရီ တလုံး ရှိနေဆဲ ဖြစ်ပါတယ်။

သက်သေခံပစ္စည်းအဖြစ် သူရဲ့ လက်ပတ်နာရီကို ဖြုတ်သိမ်း၊ အလောင်းကိုမြေမြှုပ်ဖို့ပြင်တော့ “သရဏဂုံ တင်ရဦးမယ်လေ” လို့ ကျနော့် သူငယ်ချင်းတဦးက သတိပေးပါတယ်။ ဒါပေမယ့် ဘုန်းကြီးမရှိတဲ့ ဒီဒေသမှာ ဘယ်လို သရဏဂုံတင်မလဲ။ နောက်ဆုံးမှာတော့ ကရင်ရွာသားတွေနဲ့အတူ ညီညီနိုင့်အလောင်းကို မြေမြှုပ်။ သူရဲ့လက်ပတ်နာရီကို ယူပြီး စခန်းဆီပြန် လာခဲ့ရပါတယ်။

အဲဒီနာရီနဲ့အတူ စာတစောင်ရေးပြီး ထားဝယ်မြို့က သူ့ရဲ့မိသားစုဆီ ကျနော်တို့ ပို့လိုက်ပေမယ့် အဲဒီစာရ၊ မရနဲ့ နောက်ပိုင်း အခြေအနေကို ဘာမှ မသိတော့ပါဘူး။ တချို့သတင်းတွေ အရဆိုရင် သူတို့ရဲ့မိသားစုဟာ အခုချိန်အထိ ညီညီနိုင် တောထဲမှာ ရှိနေဆဲ၊ ဒါမှမဟုတ် တတိယနိုင်ငံ တခုခုဆီ ရောက်နေတယ်လို့ ထင်နေပြီး ရေနစ်သေသွားပြီလို့ ပြောတာကို မယုံသေးဘူးလို့ ထားဝယ်ဘက်ကလာတဲ့ သတင်းတွေ ကြားနေရဆဲ ဖြစ်ပါတယ်။

………………..

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅) >>>>>

ထက်အောင်ကျော်