သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃)

0
3864

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂) >>>>>

အပိုင်း-၁-

အခန်း-၃-

(၁) စစ်ကြောင်းနှစ်ခုအဖြစ် လမ်းခွဲချီတက်ခြင်း…

ကျနော်တို့ကို ဗကပ ထားဝယ်ခရိုင် နိုင်ငံရေးမှူးရဲဘော် တင်ရှိန်၊ ခရိုင်တပ်မှူး ရဲဘော်တင်ထွန်း ဆိုတဲ့ ညီအစ်ကိုနှစ်ဦး ဦးဆောင်တဲ့အဖွဲ့က ကြိုဆို စကားပြောခဲ့ပါတယ် (ဗကပ – တင်္သာရီတိုင်းဟာ နောက်ပိုင်းမှာ မြိတ်-ထားဝယ် ညီညွတ်ရေးတပ်ဦးအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ ခရိုင်တပ်မှူး ရဲဘော်တင်ထွန်းဟာ ၁၉၉၀ ဝန်းကျင် တိုက်ပွဲတခုမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်)။

အဲဒီတုန်းက သူတို့ညီအကို နှစ်ဦး ပြောတဲ့အထဲမှာ သူတို့ပါတီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ထားဝယ်လူထုရဲ့ ထောက်ခံမှုအခြေနေတွေ၊ လက်နက်ကိုင်လှုပ်ရှားမှု အခြေအနေ အတော်လေး စုံစုံလင်လင် ပါဝင်ပါတယ်။ အဲဒီထဲက အရေးကြီးဆုံးအချက် တခုကတော့ KNU နယ်မြေဆီမသွားပဲ သူတို့ နယ်မြေမှာ အခြေစိုက်ပြီး ကျောင်းသားလှုပ်ရှားမှု လုပ်လည်းရပါတယ်၊ သူတို့မှာလည်း လက်နက်တွေရှိပါတယ်ဆိုတဲ့ အချက်အဖြစ် ကျနော် မှတ်မိနေပါတယ်။

ဒါပေမယ့် ကျနော်တို့က အဲဒါကိုလက်မခံပဲ KNU နယ်မြေကိုဖြတ်ပြီး ထိုင်းနယ်စပ်ကို အမြန်ဆုံး အရောက်သွားမှဖြစ်မယ်၊ အဲဒီမှာ ကျောင်းသားအားလုံးဆုံပြီး ကျောင်းသားတပ်ဖွဲ့မယ်၊ ဒါကြောင့် KNU နယ်မြေကိုသာ အမြန်ဆုံးပို့ပေးပါဆိုပြီး တောင်းဆိုခဲ့ပါတယ်။

နောက်တနေ့မနက်မှာတော့ မကဲ – ကျောက်အိုင်ကနေ KNU နယ်မြေဆီ ခရီးဆက်ဖို့ ကျနော်တို့ ပြင်ပါတယ်။ တချိန်တည်းမှာပဲ ကိုတင်လေးနဲ့ ရန်ကုန်ကနေရောက်နေတဲ့ ဗကသ-က ဆလိုင်းကိုကိုဦးတို့ အဖွဲ့ကလည်း ကျနော်တို့နဲ့ အတူ တောလမ်းကနေ သွားနေရင် မဲဆောက်နဲ့ သေဘောဘိုးဆီ အချိန်မီ မရောက်မှာစိုးတဲ့အတွက် ရနောင်းကို အမြန်ဆုံးဆင်းပြီး အဲဒီကတဆင့် မဲဆောက်ဘက် အမြန်သွားနိုင်ဖို့ ပြင်ဆင်နေပါတယ်။

မနက် ၇ နာရီ ကျော်ကျော်လောက်မှာတော့ ကိုတင်လေးနဲ့ ကိုကျော်အောင်၊ ကိုအောင်မိုးမြတ် (သူတို့ ၂ ဦးဟာလည်း နောက်ပိုင်း မင်းသမီး ဒေသမှာ အသတ်ခံရသလိုလိုနဲ့ ကိုတင်လေးနဲ့အတူ ပျောက်ဆုံးသွားပါတယ်) အတိုး အပါအဝင် ထားဝယ် ကျောင်းသား ကိုယ်စားလှယ်အဖွဲ့၊ ကိုကိုဦး၊ မင်းသူ၊ ကျော်ဇော၊ ထွန်းလင်းနဲ့ တခြားတဦးအပါဝင် ဗကသ-ရန်ကုန် ကိုယ်စားလှယ်အဖွဲ့နဲ့ ထားဝယ်ဆန္ဒပြပွဲကို သတင်းယူနေတဲ့ ထိုင်း TV ချယ်နယ် တခုက မောင်မောင်လို့ ခေါ်တဲ့ ထိုင်းသတင်းထောက် တဦးအပါအဝင် လူတဒါဇင်လောက်ဟာ ရနောင်းသွားရေးအတွက် မကဲ – ကျောက်အိုင်ကနေ သရက်ချောင်းဘက် ထွက်သွားပါတယ်။ ကျနော်တို့အုပ်စုလည်း မကဲချောင်းကို ဖြတ်ပြီး KNU နယ်မြေဆီသွားဖို့ ထွက်လာခဲ့ပါတယ်။

မှတ်မှတ်ရရ ကျနော်တို့စစ်ကြောင်းရဲ့ လူဦးရေက ၃၉ ဦး တိတိ။ ဒီနေ့ခရီးကတော့ တကယ့်ကို တောတွင်း ခရီးစဉ်ပါပဲ။ အရင်လို ထားဝယ်ရွာတွေကို မတွေ့ရတော့ဘဲ ကရင်ရွာလေးတွေ၊ တဲအိမ်လေးတွေ ဟိုတစု ဒီတစုကိုသာတွေ့ရပြီး ကျနော်တို့ကို ထမင်း ထုပ်ပေးမယ့်လူ၊ ထမင်းဖိတ်ကျွေးမယ့် လူလည်းမရှိတော့ပါဘူး။

လမ်းဆိုလို့ မယ်မယ်ရရမရှိပဲ ရှေ့ကလမ်းပြ ဗကပ ရဲဘော်သွားတဲ့အတိုင်း ကျနော်တို့က တန်းစီပြီး နောက်ကလိုက်၊ ရေချောင်းဖြတ်တဲ့ အခါမှာတော့ သူချပေးတဲ့ ကြိုးတန်းကို ကိုင်ပြီး ကူးကြ၊ မြမာလာဖိနပ်စီးတဲ့ ကိုရွှေကျောင်းတော်သားတွေ ခမျာမှာလည်း ညည်းသူညည်း၊ “အမေရေ၊ အမေ့သား အဖြစ်ကို ကြည့်လှည့်ပါဦး” လို့ အော်သူအော်၊ ပုဆိုးကို ကွင်းသိုင်းသူသိုင်း၊ မြမာလာကို လွှင့်ပစ်ပြီး ဖိနပ်မပါဘဲ လျှောက်သူ လျှောက်နဲ့ ညနေ ၄ နာရီ ကျော်လောက်မှာတော့ တောင်သုံးဆယ်အတက် စမ်းချောင်းလေး ဘေးက တောအုပ်လေးထဲမှာ ကျနော်တို့ စစ်ကြောင်း စခန်းချ ညအိပ်ဖို့ ပြင်ပါတယ်။

(၂) တောင်သုံးဆယ်မှာ ကျနော့်ကို ထားခဲ့ပါ

အချိန်က စောနေသေးတယ်ဆိုပေမယ့် တောထူပြီး နေရောင် ကောင်းကောင်း မရတဲ့အတွက် လမ်းဆက်လျှောက်လို့ မရတော့ပါဘူး။ အဲဒီညဟာ ကျနော်တို့အတွက် ပထမဆုံးအကြိမ် ကိုယ့်ထမင်းကိုယ်ချက်၊ ကိုယ်စားဖို့ငါးကို ချောင်းထဲမှာ ကိုယ့်ဟာကိုယ်ဖမ်း၊ နီးတဲ့ သစ်ရွက်ကိုခူးပြီး ဟင်းချိုချက်တဲ့အိုးထဲထည့်တဲ့ အမှတ်တရည ဖြစ်တဲ့အပြင်၊ အိုးအိမ်မဲ့ ဘဝနဲ့ ကျောက်တုံးတွေ၊ မြေကြီးတွေပေါ်မှာ သစ်ရွက်တွေခင်းပြီး အိပ်ရတဲ့ ပထမဆုံး ညလည်းဖြစ်ပါတယ်။

ကျနော်တို့ထဲမှာ ပါလာတဲ့ လူ ၄ဝ ခန့်ထဲက အများစုဟာ ကျနော့်လိုပဲ ကျောင်းသားတွေ ဖြစ်တဲ့အတွက် ထမင်း မချက်ဖူးကြတဲ့အပြင် အခုလို မီးဖိုမရှိတဲ့ တောထဲမှာ ဘယ်ကစပြီး မီးမွှေးရမှန်းတောင် မသိဖြစ်နေကြပါတယ်။ ဒါပေမယ့် လုံခြုံရေးလိုက်ပေးတဲ့ ဗကပ ရဲဘော် ၂ ဦးက တောတွင်း ထမင်းချက်နည်းကို ပြပေးပြီး ကျောင်းသားမဟုတ်တဲ့ ရွာသား ၅ ဦးလောက်က ဦးဆောင်စီမံပေးခဲ့တဲ့အပြင် ချောင်းထဲက ငါးပါဖမ်းပြီး ဟင်းချက်ပေးတဲ့အတွက် အတော်အဆင်ပြေ ခဲ့ပါတယ်။

ဒါပေမယ့် တချို့ ကျောင်းသားတွေကတော့ ခရီးပမ်းပြီး သစ်ပင်ခြေရင်းမှာ တုံးလုံးလှဲ အိပ်ပျော်ကုန်တဲ့အတွက် အဲဒီလောက်ကောင်းတဲ့ ပထမဆုံး တောတွင်း ညစာကိုတောင် မစားလိုက်ရရှာပါဘူး။

ပင်ပန်းလွန်းလို့သာ အိပ်ပျော်သွားကြပေမယ့် အိပ်ဖို့ အခင်းအကျင်းက ဘာမှမရှိပါ။ ကျောက်တုံး၊ ကျောက်ဖျာတွေပေါ်မှာ ရသမျှ သစ်ရွက်တွေကို ခင်းအိပ်ကြရပြီး မိုးကလည်း တဖွဲဖွဲရွာ၊ ခြင်ကကိုက်၊ ကျွတ်က တွယ်ဆိုတော့ ကောင်းကောင်း အိပ်ပျော်တယ်လို့ မပြောနိုင်ပါဘူး။ ဒီကြားထဲ ကျားဟိန်းသံလိုလို ကြားမိတဲ့အတွက် တောကောင်တွေ ထွက်လာရင်တော့ ဒုက္ခပဲလို့ ကျောင်းသားတချို့က စိုးရိမ်နေပါတယ်။ ဒါပေမယ့် ဗကပ လမ်းပြကတော့ သူရဲ့ AK သေနတ်ကိုပြပြီး ဘာမှမပူနဲ့ ဟောဒီမှာ တွေ့လားလို့ အားပေးစကား ပြောပါတယ်။ ဒီလိုနဲ့ပဲ ညဟာ ဘယ်လို ကုန်သွားမှန်းမသိပါဘူး။

နောက်တနေ့ မနက်မှာတော့ ကျနော်တို့ ကျောင်းသားတွေကြား အခုအချိန်ထိ ပြောစမှတ် ကျန်နေဆဲဖြစ်တဲ့ တောင်သုံးဆယ်ကို စတက်ရပါတော့တယ်။ ကျနော့်တသက် တက်ဖူးသလောက် တောင်တွေထဲမှာ အမြင့်ဆုံးမဟုတ်ရင်တောင် အခက်ခဲဆုံး တက်ရတဲ့ တောင်တန်းကြီးတခုပါ။ ကျောင်းမှာတုန်းက တက်ဖူးတဲ့ ထားဝယ်က (မောင်းမကန် ကမ်းခြေအနီးက) တောင်မိုးတောင်ဟာ အတော်မြင့်ပေမယ့် လူတွေတက်နေကျ လမ်းကြောင်းရှိတဲ့တောင်မို့ ဘာမှအခက်ခဲ မရှိပါဘူး။

ပြီးတော့ ကျောင်းမှာတုန်းက တောင်တက်တယ်ဆိုတာက ဝတ်စုံတွေ၊ ဖိနပ်တွေ အသေအချာနဲ့ နွေရာသီမှာ အပျော်တမ်းတက်တာမျိုးပါ။ ဒါပေမယ့် အခု ကျနော်တို့ တက်နေရတဲ့ တောင်ကတော့ အဲဒီလိုမျိုး ကိုယ်ကရွေးချယ်ပြီး နွေရာသီမှာ အပျော်တက်နေရတာ မဟုတ်ပါဘူး။ မိုးတွေကရွာ၊ လမ်းကလည်းမရှိ၊ တချို့နေရာဆို လက်ဆွဲစရာ သစ်ပင်လည်းမရှိ၊ တချို့ကျောင်းသားတွေဆို ဆွဲမိဆွဲရာကို ကိုင်ရင်းနဲ့ လက်ဖဝါးတွေ ကွဲရှ၊ သွေးတွေထွက် ဖြစ်နေတာပါ။ ဒီလိုနဲ့ ရွံ့အနီရောင်တွေနဲ့ ချောနေတဲ့ တောင်နံရံကြီးကို ဒီအတိုင်း တွယ်တက်နေရတဲ့အလုပ်က ကျနော်တို့အဖို့တော့ တကယ့်ကို စွန့်စားခန်းကြီးပါ။

“အမေရေကယ်ပါဦး” ဆိုပြီး ကျောင်းသားတွေ ထုံးစံအတိုင်း အမျိုးမျိုး အော်ဟစ်ပြောဆိုနေတဲ့ ကြားထဲ ထူးထူးခြားခြား ထွက်လာတဲ့ အသံတခုကတော့ “ကျနော်တော့ ဒီတောင်ကို မကျော်နိုင်တော့ဘူး။ ကျနော့်ကို ပစ်သတ်ပြီး ထားချင်လည်း ထားခဲ့တော့၊ ကျနော် ဆက်မတက် နိုင်တော့ဘူး၊ တော်လှန်ရေး မလုပ်ရရင်လည်း နေပါစေတော့” ဆိုပြီး ငိုသံနဲ့ အော်ပြောလိုက်တဲ့ ထားဝယ်ကောလိပ်က စိုးအောင်ခင် (နောက်ပိုင်း မင်းသမီးဒေသမှာ အသတ်ခံရသလိုလိုနဲ့ ရှေ့နေ ဦးမြင့်သိန်းနဲ့အတူ ပျောက်ဆုံးသွားသူ) ရဲ့ အသံဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဆိုရင်တော့ ဒီအော်သံမျိုးကြားရင် ဝိုင်းဟားကြမှာ ဖြစ်ပေမယ့် အခုတော့ တဦးမှ မဟားနိုင် ကြပါဘူး။ အားလုံးဟာ သူ့လို့ပဲ အော်ငိုချင်တဲ့ လူချည်းဖြစ်နေပုံ ရပါတယ်။ နောက်ဆုံးမှာတော့ ကိုယ့်အချင်းချင်းကလည်း ကူမတွဲနိုင်တဲ့အတွက် ဗကပ ရဲဘော်ကိုပဲ ကူပြီးတွဲခိုင်းလိုက်ရပါတယ်။

တကယ်တမ်း ပြောမယ်ဆိုရင်တော့ ဒီတောင်တက်တဲ့ အရေးဟာ ကျနော်တို့ကျောင်းသားတွေအဖို့ သေခန်းရှင်ခန်း စွန့်စားမှုကြီးဖြစ်နေပေမယ့် ဗကပ ရဲဘော်အတွက်ကတော့ နေ့စဉ် လုပ်နေကြ ထမင်းစား၊ ရေသောက်တဲ့ အလုပ်ထက် ပိုခက်ပုံ မပေါ်ပါဘူး။ သူ့အတွက် အားလုံးက လွယ်လွယ်လေးပါ။

နောက်ပိုင်း ပြန်စဉ်းစားမိတာကတော့ ဒါတွေအားလုံးဟာ အလေ့အကျင့်နဲ့ ဆိုင်ပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ တောခိုကာစက အဲဒီလို ခဲရာခဲဆစ် သွားခဲ့ရတဲ့ တောင်တွေဟာ နောက်ပိုင်း ကျနော်တို့ ရှေ့တန်းပြန်ဆင်းတဲ့ အခါမှာတော့ အခု ဗကပ ရဲဘော်သွားသလိုပဲ လွယ်လွယ်လေးနဲ့ တောင်တက်၊ ချုံတိုး လုပ်နိုင်လာခဲ့လို့ ဖြစ်ပါတယ်။

(၃) မယ်ညား-ပါသားနဲ့ ဝါးရင်းတုတ်ကိုင် တပ်ဖွဲ့ဝင်များ

“မယ်ညား … ပါသား …။ ယော့ထော်ကလိုး…” (ရှေ့ကြည့် …သတိ … သေနတ်ထမ်း …) လို့ ကရင်ဘာသာနဲ့ အမိန့်ပေးသံ၊ သံပြိုင်အော်သံတွေ ပဲ့တင်ရိုက်နေတဲ့ နေရာကတော့ တနင်္သာရီမြစ်ရဲ့ ချောင်းလက်တက် ဘန်းချောင်း နဘေးက KNU (KNLA-တပ်ရင်း ၁၀ ရဲ့) တပ်ခွဲ ၁ စခန်း၊ စစ်ရေးပြ လေ့ကျင့်ကွင်းက ကျနော်တို့ ကျောင်းသားတွေရဲ့ အသံတွေဖြစ်ပါတယ်။

လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့၊ စစ်တပ်ကို ပြန်တိုက်ဖို့ ကရင်တွေဆီမှာ သေနတ်သွားယူမယ်၊ စစ်သင်တန်း တပတ်လောက်တက်ပြီးရင် စစ်တပ်ကို ပြန်တိုက်မယ်ဆိုပြီး ထွက်လာတဲ့ ကျနော်တို့အုပ်စုဟာ ကရင်နယ်ဆီ တကယ်ရောက်လာတဲ့ အခါမှာတော့ သေနတ်အစစ်ကို မကိုင်ရဘဲ ဝါးရင်းတုတ် သေနပ်နဲ့ စစ်သင်တန်း တက်နေရတဲ့အပေါ် အတော်စိတ်ပျက် နေမိပါတယ်။

နောက်တခါ ဗမာလိုမပြောဘဲ ကရင်ဘာသာနဲ့ အမိန့်ပေးမယ် ဆိုတဲ့အပေါ် အငြင်းပွားကြ ပြန်ပါတယ်။ နောက်ဆုံးမှာတော့ တခြားရွေးစရာ သိပ်မရှိတဲ့အတွက် သူတို့ပေးတဲ့သင်တန်းမှာ သူတို့ဘာသာနဲ့မှ ဖြစ်မယ်ဆိုပြီး လက်ခံလိုက်ရပါတယ်။ ဒါပေမယ့် ပေးတဲ့သင်တန်းက ကျနော်တို့ အရေးပေါ်လိုနေတဲ့ သေနတ်ပစ်နည်း၊ ဖြုတ်နည်း၊ ပြင်နည်း သင်တန်းမဟုတ်ဘဲ ဘယ် – ညာ နင်းတဲ့ စစ်ရေးပြ သင်တန်း ဖြစ်နေပြန်ပါတယ်။ ပိုဆိုးတာက ကရင်တွေပြတဲ့ စစ်ရေးပြထဲမှာ ရှေ့လှည့်၊ နောက်လှည့် အကွက်တွေဟာ အတော် ကိုးယိုးကားယားနိုင်ပြီး ကျနော်တို့နဲ့ လုံး၀ အဆင်မပြေပါဘူး။

ကျနော်အပါဝင် ကျောင်းသားအတော်များများက လမ်းစဉ်လူငယ်၊ ရှေ့ဆောင်လူငယ်၊ အရန်မီးသတ်၊ ကြက်ခြေနီ စသဖြင့် တက်ဖူး ပြီးသူတွေဖြစ်တဲ့တွက် အခြေခံ စစ်ရေးပြလောက်ကတော့ ကျွမ်းပြီးသားပါ။ အခု သင်တန်းပေးနေတဲ့ ကရင် တပ်ကြပ်ကြီး ယောက်ဖထက် သိပ်မညံ့သူချည်းပဲ ဖြစ်ပါတယ် (ယောက်ဖဆိုတဲ့ အသုံးအနှုန်းကို ထားဝယ်မှာ သိပ်မကြားဖူးပေမယ့် KNU နယ်ထဲမှာတော့ ဘာလုပ်လုပ် အဲဒီ စကားလုံးနဲ့ အရင်ဆုံး မိတ်ဆက်ရပါတယ်)။

ကျနော်တို့ တတ်ထားတဲ့ စစ်ရေးပြနဲ့ KNU က သင်ပေးနေတဲ့ စစ်ရေးပြ အခြေခံအားဖြင့် သိပ်မကွာပေမယ့် သေနတ်ထမ်းပြီး နောက်လှည့်တဲ့ အကွက်၊ နောက်တလှမ်းဆုတ်တဲ့ အကွက်မှာတော့ ကျနော်တို့က ခြေတလှမ်း နောက်ဆုတ်ပြီးမှ ကိုယ်ကိုလှည့်တာပါ။ KNU ကတော့ ခြေထောက်ကိုနောက်တလှမ်း မဆုတ်ပဲ ရှေ့ခြေရဲ့ ဖနောင့်လောက် အထိပဲ ဆုတ်ပြီး ကိုယ်ကို တပတ်လှည့်တဲ့အချက်ဟာ ကျနော်တို့အတွက် တကယ် အဆင်မပြေတဲ့ အချက်ပါပဲ။

တကယ်တမ်း ပြောရရင်တော့ ဒီနေရာမှာ ဒီလို “မယ်ညား … ပါသား” အော်နေဖို့ ကျနော်တို့မှာ စိတ်ကူးမရှိပါဘူး။ KNU က လက်နက် မပေးနိုင်ရင် ထိုင်းနယ်စပ်အထိ အမြန်သွားမယ်၊ ဟိုမှာ ကျောင်းသားတပ် ဖွဲ့နေပြီ၊ အမေရိကန်နဲ့ နိုင်ငံတကာက ပေးမယ့် လက်နက်တွေယူပြီး အမြန်ဆုံးပြန်တိုက်မယ်၊ တိုက်ပွဲက အရေးကြီးတယ်၊ ဘယ်-ညာ နင်းတာလောက်ကတော့ ဒီအထိ လာသင်စရာ မလိုပါဘူးဆိုပြီး ကျနော်တို့ဘက်က KNU နယ်မြေတာဝန်ခံတွေကို ထပ်ခါထပ်ခါ ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် KNU ကဆယ်ဒိုမြို့နယ် ဥက္ကဋ္ဌ ဖဒို ရေးမွန်ဗူး၊ တပ်ခွဲမှူး ဗိုလ်မှူး ခဲရိုနဲ့ ဒု ခွဲမှူး ဗိုလ်ကြီးဖားခလေး (အခု နော်ဝေး ရောက်နေသူ) တို့ကတော့ ဘာမှမပြောပဲ ပြုံးနေကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးမှာတော့ ဒီအတိုင်း ထိုင်နေမယ့်အစား KNU က ပေးတဲ့ စစ်သင်တန်းကို တက်နေတာက ပိုကောင်းတယ်လို့ အားလုံးသဘောတူ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတာနဲ့ ဝါးတောထဲဝင်ကာ စိတ်ကြိုက် ဝါးလုံးတွေခုတ်၊ ဝါးရင်းတုတ်ကို အချောသတ်၊ တချို့ ရဲဘော်တွေကတော့ ဝါးရင်းတုတ်ကို သေနတ်ပုံထွက်အောင် ကျည်ဘောက်စ် ထည့်တာမျိုးနဲ့ ပုံဖော်ကြပါတယ်။

ဒီလိုနဲ့ မိုးရွာနေပူမရှောင် မြို့နယ်မှူး ရုံးရှေ့က KNU အလံတိုင်ကွင်းမှာ ကျနော်တို့တတွေ စစ်သင်တန်း တက်ဖြစ်တယ် ဆိုပါတော့။ ဆိုလိုတာက ကျနော်တို့မှာ အဝတ်အစားအပိုမပါ၊ သင်တန်းတက်ဖို့အတွက် သီးခြား ဝတ်စုံလည်းမရှိ၊ အိမ်က ပါလာတဲ့ လုံချည်နဲ့ပဲ သင်တန်းတက်၊ ညနေ ဘားတိုက် ပြန်ရောက်ရင် ချွတ်ပြီး မီးခိုးတိုက် ပြန်ဝတ် လုပ်ခဲ့ရပါတယ်။

ဘားတိုက်ဆိုလို့ ကျနော်တို့အတွက် သီးခြားဆောက်ပေးထားတာ မဟုတ်ပါဘူး။ မြို့နယ်ရုံးနဲ့ တပ်ခွဲမှူး ရုံးကြားက မြက်တောထဲမှာ ယာယီ အစည်းဝေးခန်းရဲ့ တဲအိုပျက်ထဲ ကျနော်တို့ကို နေရာချပေးထားတာပါ။ မိုးကလည်းရွာ၊ လေကလည်းတိုက်၊ အကာကလည်းမရှိ၊ ဖက်မိုးကလည်းယို၊ ခြင်ကလည်းကိုက်ပေါ့။

နောက်ဆုံးတော့ ဝါးခြမ်းပြား ကြမ်းပြင်ကိုပဲ နည်းနည်းစီခွာပြီး မီးဖိုရင်းနဲ့ ခြင်ရန်ကို ကာကွယ်ရပါတယ်။ အစားအသောက်ဖြစ်တဲ့ ထမင်းကြမ်းနဲ့ ညာအိုထီး (ငါးပိရည်) ကိုတော့ KNU စားဖိုက ကျွေးတဲ့အတွက် တော်ပါသေးတယ်။ ပထမပိုင်းတော့ ငါတို့ ကျောင်းသားတွေကို ငါးပိရည်နဲ့ ထမင်းကျွေးပြီး သူတို့က အသား၊ ငါးဟင်းတွေနဲ့များ အရင်စားသွားသလားလို့ ကျနော် သံသယ ဝင်မိပါသေးတယ်။

တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ သူတိုလည်း ဒီအတိုင်းပဲ စားနေတာ နှစ်ပေါင်း အတော်ကြာနေပြီလို့ KNU မြို့နယ်မှူးက ကျနော့်ကို ရှင်းပြပါတယ်။

ဒီလိုဆိုရင်တော့ မဖြစ်ဘူး။ အသား မစားနိုင်ရင်တောင် ငရုတ်သီးလေး၊ ကြက်သွန်လေး၊ ငါးခြောက်လေးတော့ ရှာမှဖြစ်မယ်ဆိုပြီး ကျနော်တို့ ကျောင်းသားတွေ အစည်းအဝေးထိုင်ကြပါတယ်။ ပြီးတော့ ထားဝယ်က ပါလာတဲ့ ကျောင်းသားသမဂ္ဂ ရန်ပုံငွေကို ထုတ်သုံးဖို့ ဆုံးဖြတ်ရပါတယ်။ အနီးအနားက ကထောင်းနီ ရွာဆီ ချောင်းသုံးတန်လောက်ဖြတ်၊ လက်လှော်လှေကို အကူအညီတောင်းပြီး ဈေးသွားဝယ်ရပါတယ်။

အဲဒီကာလက ငတ်ပေါက်များ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် KNU စားဖိုဆောင်က အစားအစာကို ဘယ်လိုမှ မစားနိုင် တော့တာပါ။ မြို့ပေါ်ကနေ တောထဲရောက်ခါစ မို့လို့လည်း ဖြစ်နိုင်ပါတယ်။ ထမင်းတခါမှ မချက်ဖူးတဲ့ ကျနော်လည်း ဒီစခန်းမှာတော့ မိုးပြဲဒယ်နဲ့တောင် ထမင်းချက်တတ် လာခဲ့ပေါ့။ ဒါပေမယ့် ဟင်းချက်နည်းတော့ မတတ်လိုက်ပါဘူး။

ဘာကြောင့်လဲဆို ချက်စရာ ဟင်းမရှိလို့ ဖြစ်နိုင်ပါတယ်။ တနေ့တနေ့ ကျနော်တို့ စားရတဲ့ ဟင်းထဲမှာ ငါးပိရည်တမျိုး (ဒီငါးပိက အတော်ဆိုးပါတယ်။ ကျနော်တို့ ထားဝယ်မှာစားနေတဲ့ စိမ်းစား ငါးပိနဲ့ ဘာမှမဆိုင်ဘူး) အမျိုးအမည်မသိတဲ့ ဟင်းရွက်ပြုတ်တချို့၊ တခါတလေ ကံကောင်းတဲ့နေ့ဆိုရင် ဒန်အိုး အကြီးကြီးထဲ ရေ ၃ ဂါလန်လောက်ထည့်ပြီး ကျောက်ဖရုံသီးလို၊ သင်္ဘောသီးလို အတုံး ၂၀ လောက်ထည့်ပြုတ်ထားတဲ့ ဟင်းချိုလိုဟင်း တမျိုးကို စားသုံးခွင့် ရပါတယ်။

အသက်စွန့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက် ချထားကြသူတွေ ဖြစ်ပေမယ့်လည်း ဒီလိုအစားအသောက် မျိုးကိုတော့ သိပ်မခံနိုင်ကြပါဘူး။ ဒါကြောင့် လူတချို့ကဆိုရင် “သင်တန်းကလည်း ဝါးရင်းတုတ်၊ စားရတာလည်း သစ်ရွက်ပြုတ် ဆိုရင်တော့ တိုက်ပွဲမဝင်ခင်၊ သေနတ်အစစ်မရခင် လုံးပါးပါး သွားလိမ့်မယ်။ ထားဝယ် ပြန်ပီး ဂျင်ကလိနဲ့ ပြန်တိုက်တာကမှ အလုပ် ဖြစ်ဦးမယ်” လို့ ပြောဆိုပြီး အိမ်ပြန်သွားကြပါတယ်။

ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီတလတာ ကာလအတွင်း အသစ်ထပ်ရောက်လာသူ ၂၀ ကျော်လောက်ရှိပြီး ပြန်ဝင်သွားသူက ၁၀ ယောက်ကျော်ပါတယ်။ ဒီကြားထဲ သေနတ်မြန်မြန်လိုချင်ရင် KNU ထဲ ဝင်ပါလားဆိုပြီး မဲဆွယ်တာမျိုးကလည်း မသိမသာ ရှိနေတဲ့အတွက် ဟိန္ဒားမိုင်းကနေ ဝင်လာပြီး ကျနော်တို့နဲ့ လာရောက် ပူးပေါင်တဲ့ ကျောင်းသား လူငယ် ၉ ဦးဟာ ကျနော်တို့ အုပ်စုကိုစွန့်ပြီး KNU တပ်ထဲ ဝင်သွားပါလေရော။

ဒီလို အခြေနေမှာ ထူးထူးခြားခြား ကျနော်တို့ကို အားပေးစကားလာပြောတဲ့ ကရင် စစ်ဗိုလ်တဦးကတော့ ဗိုလ်ဒါးကျော် (အခု KNU တပ်မဟာ ၄ မှူး၊ ဗိုလ်မှူးချုပ် ဒါးကျော်) ဖြစ်ပါတယ်။ သူ ဘာတွေပြောခဲ့သလဲ ဆိုတာကို ကျနော် မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ပညာတတ် ကရင်စစ်ဗိုလ် ထားဝယ်သားတဦးက ထားဝယ်လို အားပေးစကား ပြောတဲ့အပေါ် ကျနော်တို့ အားတက်မိတာကတော့ အမှန်ပါပဲ။

KNU တပ်မဟာ ၄ ခေါင်းဆောင်တွေအကြားမှာ (အဲဒီကာလကတော့ တပ်မဟာအဆင့်မရောက်သေးပဲ တပ်ရင်း ၁၀ အဖြစ်ပဲရှိပါသေးတယ်) ထားဝယ် ကရင်တွေ အတော်များများ ရှိပေမယ့် ဗိုလ်ဒါးကျော်၊ ဗိုလ်ကက်နက်၊ ဗိုလ်လယ်ဝါး တို့ကလွဲရင် ကျန်တဲ့ကရင် အရာရှိတွေက ထားဝယ်လို မပြောပဲ ကရင်နဲ့ ဗမာလိုပဲပြောကြပါတယ်။

ဒါပေမယ့် ဗိုလ်ဒါးကျော်ကလည်း ကျနော်တို့စိတ်ထဲမှာ နည်းနည်းလေး အားတက် လာအောင်သာ ပြောနိုင်ခဲ့ပြီး ကျနော်တို့ အရေးပေါ်လိုနေတဲ့ စားနပ်ရိက္ခာနဲ့ လက်နက်တွေကို မဖန်တီး ပေးနိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ သေဘောဘိုးစခန်းဖက်က ဗဟိုကျောင်းသား ညီလာခံ၊ မင်းသမီးဘက်က တနင်္သာရီတိုင်း ကျောင်းသား အစည်းအဝေး အခြေနေတွေကို စောင့်နေရင်းနဲ့ ကျနော်တို့ လူ ၅၀၊ ၆၀ လောက်ဟာ တလလောက် ကြာပြီးတဲ့ အခါမှာတော့ အင်အား ၄၀ ပဲ ကျန်ပါတော့တယ်။

———-

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄) >>>>>

ထက်အောင်ကျော်