ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သူတစ်ဦး ပစ်သတ်ခံရ

0
9158

ထားဝယ်မြို့ အခွန်လွတ်ဈေးအနီးရှိ လမ်းဆုံတွင် ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူတစ်ဦး ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သူများနှင့် မျက်မြင်တွေ့သူအချို့ထံမှ သိရသည်။

ဒေသအခေါ် အခွန်လွတ်ဈေး ညောင်ပင်ကြီးလမ်းဆုံ၌ ကားပေါ်တွင်ပင် ပစ်ခတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

နီးစပ်သူများ၏ အဆိုအရ သေဆုံးသူမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမင်းထွေးဖြစ်ကြောင်း အတည်ပြုပြောဆိုကြသည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် သရက်ချောင်းမဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

“ဒဏ်ရာက ခေါင်းမှာရော၊ ရင်ဘတ်မှာရော၊ လက်မှာရော မနည်းဘူး။ ရဲတွေ လာစစ်ဆေးပြီး အရေးပေါ်ကားနဲ့ ထားဝယ်ဆေးရုံ တင်သွားတယ်” ဟု ‌မျက်မြင်တွေ့သည့် အမျိုးသားက ပြောသည်။

ဦးမင်းထွေးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

၎င်းသည် ထားဝယ်ဒေသတွင် မြေအရောင်းအဝယ် လုပ်နေသူတစ်ဦးဖြစ်ပြီး တရားမဝင်အကွက်ရိုက်ပြီး ရောင်းချနေသူတစ်ဦးဟုလည်း ဒေသခံများအကြား ပြောဆိုမှုများရှိသည်။