‘ငါးဖမ်းလုပ်ငန်းတွေ ရပ်သွားတော့မလား’

0
1298

မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိသည့် တနင်္သာရီတိုင်းတွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူ အများအပြားရှိနေသည်။

ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်နှင့် ကမ်းနီးငှားဖမ်းလှေ ၄၀၀၀ ‌ခန့်အထိရှိကြောင်း တွေ့ရသည်။

ခေတ်အဆက်ဆက် ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းသူများမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် အထွေထွေအကျပ်အတည်းနှင့် လောင်စာဆီစျေး ကြီးမြင့်မှုပြဿနာကြောင့် အခက်အခဲများကြုံတွေ့လာရပြီဖြစ်သည်။

အချို့လှေများမှာ ငါးဖမ်းမထွက်တော့သလို ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများမှာလည်း တွက်ချေမကိုက်သဖြင့် သင့်တော်ရာ အလုပ်ကိုပြောင်းလုပ်သူများလည်း ရှိနေသည်။

ယင်းကြောင့် တနင်္သာရီတိုင်း၏ ပင်မစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော ငါးဖမ်းလုပ်ငန်း အခြေအနေနှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသူများ၏ အခက်အခဲများကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။

“အရင်လိုမကိုက်လည်း ဒါပဲလုပ်တတ်တော့ ဆက်လုပ်ရမှာပဲ”

မြိတ်အခြေစိုက် ပိုင်လှေ(ငါးရွှေပိုက်) လုပ်သက် ၂၀ ရှိ ရေလုပ်သားတစ်ဦး

(ပိုင်လှေ(ငါးရွှေပိုက်) သည် ကမ်းဝေးလှေအမျိုးအစားတစ်မျိုးဖြစ်ပြီး ပင်လယ်ပြင်ရေနက်ပိုင်သို့ ငါးမျှားတန်းချပြီး ငါးရွှေ ငါးအမျိုးအစားအားအဓိကဖမ်းဆီးသည့်ငါးဖမ်းလုပ်ငန်းတစ်ခုဖြစ်သည်။ လှေတစ်စီးတွင် အများဆုံးရေလုပ်သား ခြောက်ဦးပါလေ့ရှိပြီး ပင်လယ်ငါးဖမ်းထွက်ချိန် တစ်ခေါက်လျှင် တစ်ဆယ့်ငါးရက်မှ တစ်လခန့် ကြာမြင့်လေ့ရှိသည်)

DW။ ပိုင်လှေလုပ်ငန်းက ဘယ်လိုမျိုးပါလဲ။

ဖြေ။ မြိတ်ကခေါ်နေကျကတော့ ပိုင်လှေပါ၊ တချို့က ငါးရွှေပိုက်လို့လည်းခေါ်တယ်၊ ဖမ်းတဲ့နေရာက ရေအတော်နက်တယ်၊ ကမ်းမမြင်၊ လမ်းမမြင် ကျွန်းပျောက်ပဲ၊ ပင်လယ်မှာ ငါးမျှားတန်း၊ ငါးစာနဲ့ ငါးဖမ်းတာ၊ ရတဲ့ငါးက ငါးစုံပဲ၊ ငါး‌ရွှေက အရများဆုံးငါးပါ။

DW။ ပိုင်လှေ လုပ်သားတစ်‌ယောက်အနေနဲ့ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

ဖြေ။ အဓိက အခက်အခဲက ဆီဈေး(ဒီဇယ်ဆီ)ပဲ၊ အခုဆီဈေးက ခုနှစ်သိန်းကျော်နေပြီ၊ ရေခဲပေါင်သုံးရာတုံးက အရင်က လေးငါးထောင်ကနေ အခုတစ်သောင်းသုံးထောင်အထိ ဖြစ်နေတယ်၊ လှေတစ်ခါ ထွက်စရိတ်က နှစ်ဆယ်ငါးသိန်းလောက်ကုန်နေတယ်၊ ဆီဈေးမတက်တုန်းက ဆီတစ်ပီပါတစ်သိန်းကျော်လောက်ပေါ့၊ အဲတုန်းကဆို တစ်ခေါက်ထွက်ရင် ဆီဈေးနဲ့စရိတ်စကနဲ့ဆို တစ်ခါထွက်ရင် ငါးသိန်း၊ ‌ခြောက်သိန်းအံကုန်ပဲ၊ ငါးရရင် အများဆုံးရရင် ငါးဆယ်ကျော် သိန်းခြောက်ဆယ်ပဲ၊ လုံးဝမရရင် စရိတ်လောက်တော့ ရသေးတယ်။

DW။ ဆီဈေးတွေ မတက်တဲ့အချိန်ကဆို အများဆုံးသိန်းခြောက်ဆယ်လောက် ရတာဆိုတော့ တွက်ခြေကိုက်တဲ့သဘောပေါ့၊ အဲအချိန်တုန်း လှေသားတစ်ယောက် ဆိုရင် ဘယ်လောက်အထိရကြသလဲ။

ဖြေ။ ဆီဈေးမတက်ခင်ကဆို တစ်ယောက်ကို နှစ်သိန်း၊ နှစ်သိန်းကျော်ပဲ၊ အများဆုံးက ငါးသိန်းလောက်အထိရဖူးတယ်။

DW။ အခုဆီဈေးတွေတက်တော့ရော အရင်လိုရသေးရဲ့လား။

ဖြေ။ မရဘူး၊ မကိုက်ဘူး၊ အခုပထမအခေါက်ထွက်ပြီးပြီး သိန်းလေးဆယ်နီးပါး လောက်ရတယ်၊ ထွက်စရိတ်က နှစ်ဆယ်ငါးဆယ်ဆိုတော့ ထွက်စရိတ်နုတ်ပြီး တစ်ဆယ်ငါးသိန်းကျန်တာပေါ့၊ ကျန်တဲ့ငွေအပေါ်မှာ လှေနဲ့စက် အပိုင်းက ငါးစု၊ လူငါးယောက်အတွက် ငါးစုဆိုတော့ အားလုံးပေါင်းဆယ်စုပေါ့၊ လှေသားအတွက် တစ်ယောက်ကို တစ်စုရတာဆိုတော့ တစ်ယောက်ကို တစ်သိန်းသုံးသောင်း‌ကျော်ပဲ ရတယ်။

DW။ လှေတစ်ခါထွက်ဆိုရင် ပင်လယ်ပြင်မှာ အများဆုံးတစ်လလောက် ကြာတတ်တာဆိုတော့ အခုရတဲ့ငွေနဲ့ရော အဆင်ပြေလုံလောက်မှုရှိရဲ့လား။

ဖြေ။ အဆင်မပြေပါဘူး၊ အဆင်ပြေအောင် ငါးမျှားရတာရှိတယ်၊ ငါးမျှားတာက ကိုယ်တိုင်ရတာ၊ ငါးမျှားရင် လေးငါးခုနှစ်သောင်းလောက် ရနိုင်တာဆိုတော့ အဆင်ပြေအောင် ငါးမျှားရတာပေါ့၊ အခုတစ်ခေါက် မမျှားဖြစ်ဘူး နောက်တစ်ခေါက်မှ မျှားဖို့စိတ်ကူးထားတယ်။

DW။ ဆီဈေးရော အစစအရာရာ ဈေးတွေတက်နေတာဆိုတော့ ပိုင်လှေတွေအရင်လို အဆင်မပြေကြတဲ့ သဘောပေါ့၊ အဆင်မပြေကြဘူး၊ တွက်ခြေမကိုက်ကြဘူးဆိုတော့ လုပ်ငန်းရပ်နားလိုက်တဲ့လှေတွ ရှိမလား။

ဖြေ။ သိရသလောက်ဆိုရင် နားတဲ့လှေမရှိကြဘူး၊ ကျွန်တော်တို့အုပ်စုထဲမှာဆို အစီးငါးဆယ်လောက်ရှိတယ်၊ အားလုံးထွက်ကြတာ အဆင်မပြေ အရနည်းလည်း လုပ်နေကြတာပဲ။

DW။ အခြားဖြည့်စွတ် ပြောချင်တာများ ရှိပါသလား။

ဖြေ။ အလုပ်က အရင်လိုမကိုက်လည်း ဒါပဲလုပ်တတ်တော့ ဆက်လုပ်ရမှာပဲ၊ မလုပ်ရင်လည်း ထမင်းငတ်ဖို့ပဲ ရှိတော့တာကိုး။

“ပန်းရန်လုပ်တဲ့သူက လုပ်နေကြပြီ”

အင်းလေးမြိုင်ရပ်နေ ကမ်းဝေးဝါးလတ်လှေမှ ‌ရေလုပ်သားတစ်ဦး

DW။ လှေလိုက်နေတာကြာပြီလား၊ အဆင်ပြေရဲ့လား။

ဖြေ။ ဝါးလတ်လိုက်နေတာ ငါးနှစ်ရှိပြီ၊ အရင်က အဆင်ပြေတယ်၊ လစာလည်းရတယ်၊ အစုငွေလည်း ကောင်းကောင်းရတယ်။

DW။ အစုငွေဆိုတာ ဘယ်လိုမျိုးပါလဲ။

ဖြေ။ လှေတစ်ခေါက်ထွက် သုံးလစီး၊ ငါးလစီးဆိုတာ ရှိတယ်၊ တစ်ခေါက်ပြန်ဝင်လာရင် ငါးရောင်းလို့ရတဲ့ငွေမှာ လှေထွက်စရိတ်စကနုတ်ပြီး လှေမှာပါတဲ့ လှေသား၊ စက်ဆရာ၊ အိုင်ကိုး(ထမင်းချက်သူ)၊ ရေစူး(လှေသားခေါင်းဆောင်)၊ ပဲ့နင်းကြီး၊ ပဲ့ငယ် တွေကို ရာထူးအလိုက် အကျိုးအမြတ်ခွဲပေးတာပေါ့၊ လှေသားက တစ်စုရတယ်၊ အများဆုံးရတာက ပဲ့နင်းကြီးပဲ၊ လှေသားတစ်စုဆို သိန်းဂဏန်းပဲ၊ သိန်းတစ်ဆယ်ကျော်အထိ ရတတ်တယ်။

DW။ အခုကရော ဘယ်လိုအဆင်မပြေတာလဲ။

ဖြေ။ ခေါ်တုန်းက လစာ တစ်လ နှစ်သိန်းရှစ်သောင်း၊ လှေသုံးလစီးဝင်လာတော့ ရှင်းတာက နှစ်သိန်းပဲရတယ်၊ အစုငွေလည်း မပေးဘူး၊ ငါးကလည်း ပုံမှန်အတိုင်းပဲရနေတာ၊ အစုငွေမပေးတော့ လှေသားတွေအားလုံး နားလိုက်တယ်၊ နောက်လှေလည်း ထွက်မလိုက်တော့ဘူး။

DW။ အစုငွေက ဘာကြောင့်မရကြတာလဲ။ အစုငွေမရတော့ ဒီအတိုင်းပဲအလုပ် နားလိုက်တာလား၊ သက်ဆိုင်ရာတွေကို တင်ပြ၊ ပြောပြတာမျိုး မရှိကြဘူးလား။

ဖြေ။ စရိတ်စကကြီးလို့ ပြောတာပဲ၊ အခုချိန်မှာ ဒါတွေဘယ်သူမှစိတ်မဝင်စားဘူး၊ ရရင်ရ မရရင် ထွက်ပဲ။

DW။ ‌အလုပ်နားလိုက်တော့ မိသားစုစားဝတ်နေရေးအတွက် ဘာတွေဆက်လုပ်ဖို့ ရှိပါသလဲ။

ဖြေ။ လှေထဲကလူတွေလည်း ရွာပြန်တဲ့သူပြန်၊ အခြားလှေမှာ သွားလုပ်သူလည်း ရှိတယ်၊ ပန်းရန်လုပ်တဲ့သူက လုပ်နေကြပြီ၊ လှေပဲလိုက်လာတာ နှစ်ကြာပြီ၊ လှေအလုပ်ပဲ လုပ်တတ်တာ၊ အခုခဏနားထားတယ်၊ စားဝတ်နေရေးအတွက် ပန်းရန်လိုမျိုး ကြုံရာကျပန်းလုပ်ဖို့တော့ စိတ်ကူးထားတယ်။

DW။ အခြားဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ စရိတ်စကတွေ အတော်ကြီးနေတဲ့ခေတ်ဆိုတော့ တချို့ကမ်းဝေးလှေတွေ နားတာလည်း ကြားရပါတယ်၊ ဝါးလတ်၊ ဝါးတန်းလိုက်တဲ့ ခေတ်မဟုတ်တော့ဘူး၊ လိုက်ရင်လည်း အရင်ကလို အဆင်ပြေမယ်မထင်ပါဘူး။

“လက်ရှိနားနေရတဲ့ ကမ်းဝေးလှေတွေက ခြောက်ဆယ်ရာခိုင်နှုန်းလောက် ရှိနေတယ်”

ကော့သောင်းမြို့ ကမ်းဝေးငါးဖမ်းလှေလုပ်ငန်းရှင်တစ်ဦး

DW ။ လက်ရှိ စက်သုံးဆီဈေးတွေ အရမ်းမြင့်နေချိန်မှာ ငါးဖမ်းလုပ်ငန်း အခြေအနေ ဘယ်လိုရှိလဲ တွက်ခြေကိုက်ရဲ့လား ခင်ဗျ။

ဖြေ ။ တွက်ခြေကမကိုက်ဘူး။ မကိုက်လည်း ဒီအလုပ်ပဲရှိတယ်ဆိုတော့ မကိုက်လည်းလုပ် ကိုက်လည်းလုပ်တဲ့ အခြေအနေပေါ့။ ဒီမှာကငါးလုပ်ငန်းပဲရှိတယ်ဆိုတော့၊ ဒါပေမဲ့ အရင်ကလိုတော့ လှေဆယ်စီးရှိ ဆယ်စီးလုံး အရဲစွန့်ပြီး ထွက်မရဲကြဘူး။ ငါးဆရာတော်တဲ့ ကောင်းတဲ့သေချာတဲ့ လှေတွေကိုပဲ ဦးစားပေး ရွေးချယ်ပြီး ထွက်နေကြရတယ်။

ပြောရရင် ကံလွှတ်ကံစမ်းပဲ ဒီတစ်ခေါက်ရလိုက် နောက်တခေါက်မရလိုက် ဒီလိုမျိုးပဲ ဇယာ့ ဇယာ့ (ရလိုက်ကုန်လိုက်) Balance (ဟန်ချက်ညီအောင်) ညှိပြီး သွားနေရတယ်။အရင်တုန်းကလိုတော့ အများကြီးမကျန်ဘူးပေါ့။

DW ။ ဟုတ်ကဲ့ လက်ရှိတွက်ခြေမကိုက်လို့ နားနေကြတဲ့လှေတွေ ဘယ်လောက်ရှိလဲ။

ဖြေ ။ လက်ရှိနားနေရတဲ့ ကမ်းဝေးလှေတွေက ခြောက်ဆယ်ရာခိုင်နှုန်းလောက် ရှိနေတယ်။ ဆီဈေးတွေကလည်းကြီး ရာသီဥတုကလည်း ဆိုးဝါးနေတဲ့အနေအထားမျိုး လုပ်ငန်းအခြေအနေ သဘောသဘာဝအရ မထွက်ပဲ စောင့်ကြည့်နေတဲ့သဘောပဲ။ ဒီတော့ အရင်တုန်းကလို ပင်လယ်ပြင်ကို သာသာယာယာနဲ့ ထွက်ရတဲ့ အခြေအနေ မဟုတ်တော့ဘူးပေါ့။

DW ။ လက်ရှိ ငါးရရှိမှုနဲ့ ငါးဈေးအခြေအနေက ဘယ်လိုရှိနေလဲခင်ဗျ။

ဖြေ ။  ငါးရရှိမှုကပုံမှန်ပဲ။ ထိုင်း(နိုင်ငံ)ရဲ့ငါးဈေးကလည်း လွန်ခဲ့တဲ့ နှစ်တွေကလိုပဲ။ အဓိက က ကျွန်တော်တို့က ဖမ်းရောင်းတာကိုး။ ထိုင်းရဲ့ငါးဈေးကွက်ကတော့ တည်ငြိမ်တယ်။ အများကြီးကျသွားတယ် ဆိုတာမျိုး မရှိသလို အများကြီးတက်သွားတာမျိုးလည်း မရှိပါဘူး။ ဒီဖက်မှာနေတဲ့ ကျွန်တော်တို့မှာသာ စရိတ်စကတွေက ကြီးလိုက်လာတာ။

DW ။ လက်ရှိ ကမ်းဝေးငါးဖမ်းလှေတစ်စီး တစ်ခေါက်ထွက်ဖို့ အထွက်စရိတ်က ဘယ်လောက် ကုန်ကျမှုရှိနေလဲ။ ပြီးခဲ့တဲ့နှစ်က ရောဘယ်လောက်ရှိခဲ့လဲ။

ဖြေ ။ လက်ရှိအထွက်စရိတ်က သိန်းတစ်ထောင်လောက် ကုန်နေတယ်။ အရင်နှစ်ကဆို သိန်းလေးရာရှိရင် ထွက်လို့ရတယ်၊တစ်ဆကျော် ၁ ဒသမ ၅ ဆလောက်တက်သွားတဲ့ သဘောပေါ့။

DW ။ လက်ရှိအနေအထားမှာ လှေအလုပ်သမားတွေ ခေါ်ယူရ အခက်အခဲရှိနေလား။ ဘာကြောင့်လဲ။

ဖြေ ။ လက်ရှိအချိန်အထိတော့ အလုပ်သမားအခက်အခဲက မရှိသေးပါဘူး။ ပုံမှန်ပါပဲ အလုပ်သမားက ခေါ်လို့ရနေသေးတယ်။

DW ။ လက်ရှိဖြစ်ပေါ်နေတဲ့ ငါးလုပ်ငန်းအခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေမှတ်ချက် ပေးချင်တာမျိုးရှိလဲ။

ဖြေ ။ လက်ရှိငါးလုပ်ငန်းက အဓိကကတော့ လုပ်ငန်းတွေက မစိုပြေကြဘူး။ဒါပေမဲ တစ်ခြားရွေးချယ်စရာကလည်း မရှိဘူးဆိုတော့ ရလိုက်မရလိုက် ဒီအလုပ်ကိုပဲ လုပ်နေရတာပေါ့။ နောက်ပြီး နိုင်ငံတော်အခွန်အခကလည်း အရင်ကထက် တစ်အားကြီးမြင့်လာတယ်ဆိုတော့ ဘယ်လိုလုပ်မဲ ကျွန်တော်တို့မှာကလည်း ငါးလုပ်ငန်းပဲရှိတယ်ဆိုတော့။ လုပ်ငန်းပြောင်းဖို့ကလည်း ကျွန်တော်တို့မှာ အခွင့်အလမ်းက သိပ်မရှိဘူးဆိုတော့ မှိန်းပြီးတော့သွားနေရတာပေါ့။

DW ။  ဟုတ်ကဲ့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။