ပုလော မြဒေါင်ရွာ ရာအိမ်မှူး ပစ်ခတ်ခံရ

0
4529

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ မြဒေါင်ကျေးရွာ ရာအိမ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး မြိတ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၂၄ ရက် ည ၇ နာရီခန့်က မြဒေါင် (ဒေသအခေါ် မဒေါ်) ကျေးရွာရှိ အသုဘအိမ်တွင် လျှပ်စစ်မီး လာရောက်တပ်ဆင်နေသည့် အသက် ၃၀ ကျော်အရွယ် ရာအိမ်မှူး ကိုနီအား အမည်မသိ လက်နက်ကိုင်တစ်စုက လာရောက် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရပြီးနောက် ပုလောမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိသည့်ဒဏ်ရာပြင်းထန်သဖြင့် မြိတ်ဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ရာအိမ်မှူး၏ သတင်းပေးမှုကြောင့် ကျောင်းဆရာမ အပါအဝင် ဖမ်းဆီးထောင်ချခံရသူများ ရှိနေသည်ဟု ဒေသခံအချို့က ပြောဆိုကြပြီး ယင်းပြောဆိုချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့်မူ သီးခြားအတည်မပြုနိုင်သေးပေ။

လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်းရွာထိပ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် ပျူစောထီးများက စစ်ဆေးရေး ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူများအား ရှာဖွေစစ်ဆေးမှုများ ကာလအတန်ကြာ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဂိတ်တွင် ရာအိမ်မှူး ကိုနီလည်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

သို့သော် လက္ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကြွယ် စက်တင်ဘာလ ၁၅ ရက်နေ့က ယင်းဂိတ်မှအပြန် ပစ်သတ်ခံရပြီးနောက် လက်ရှိအချိန်တွင် ဂိတ်ပိတ်သိမ်းထားသည်ဟု ဒေသခံများက ဆိုသည်။

“အခုပစ်ခံရတဲ့သူက လက္ကူးအုပ်ကြီးတို့နဲ့ တစ်ဖွဲ့ထဲပဲ။ အမြဲတမ်း တွဲနေကြတဲ့သူတွေ” ဟု ဒေသခံ နောက်တစ်ဦးက ပြောဆိုသည်။

ရာအိမ်မှူး ကိုနီအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။

ပုလောမြို့နယ်တွင် ယခုလအတွင်း ပစ်ခတ်ခံရသဖြင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သုံးဦး သေဆုံးခဲ့သည်။