ဘုရားတပြီး ခရီးသွားနေရသည့် တောင်ပိုင်းသားများ

0
4940

ရန်ကုန်မြို့သို့ကားဖြင့် ခရီးသွားလေ့ရှိသည့် မြိတ်မြို့နေ မဖြူထွေးတစ်ယောက် ယခုတော့ ကားခထက် သုံးဆခန့် ပိုမိုကုန်ကျသည့် လေယာဉ်ဖြင့်သာ သွားတော့သည်။

အသက် ၂၅ နှစ်အရွယ် မဖြူထွေးသည် ရန်ကုန်မြို့တွင် အလုပ်ကိစ္စရှိပါက ခရီးသည်တင်ကားဖြင့်သာ ခရီးသွားလေ့ရှိသူဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ကုန်းလမ်းထက် ကုန်ကျငွေပိုများသည့် လေကြောင်းခရီးကိုသာ ရွေးချယ်သွားလာနေရသည်ဟု ဆိုသည်။

အကြောင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်- ထားဝယ်- ရန်ကုန် ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် အများအပြားဖွင့်ပြီး စစ်ဆေးမှုတင်းကျပ်နေသည့်အတွက်ဖြစ်ကြောင်း မဖြူထွေးက ပြောသည်။

ထို့အပြင် လမ်းခရီး၌ စစ်ကောင်စီတပ်နှင့် အာဏာသိမ်းမှုကို တွန်းလှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်တို့အကြား တိုက်ပွဲဖြစ်လာမည့်အရေး စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။

ထိုအခင်းအကျင်းများကြောင့် မြိတ်-ရန်ကုန် အသွားအပြန်စရိတ်မှာ ခရီးသည်တင်ကားထက် ငွေကျပ်နှစ်သိန်းကျော် ပိုမိုကုန်ကျသော်လည်း လေယာဉ်ဖြင့်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မဖြူထွေးက ပြောဆိုသည်။

လက်ရှိတွင် မြိတ်-ရန်ကုန်ခရီးကို ကားဖြင့်သွားပါက တစ်ဦးလျှင် ကျပ်ငါးသောင်းဝန်းကျင်နှင့် ထားဝယ်- ရန်ကုန်ခရီးစဉ်ကိုမူ ငွေကျပ်သုံးသောင်းခွဲ ပေါက်ဈေးရှိနေသည်။

လေယာဉ်ဖြင့် သွားပါက မြိတ်-ရန်ကုန် ခရီးစဉ်အတွက် တစ်ဦးလျှင် တစ်သိန်းခုနှစ်သောင်းကျော် ကျသင့်နေပြီး ထားဝယ်-ရန်ကုန်ခရီးစဉ်အတွက်မူ တစ်သိန်းနှစ်သောင်းခန့် ကျသင့်နေသည်။

“ကားနဲ့သွားရင် ကားလမ်းက အစစ်အဆေး အမေးအမြန်း ပေါတယ်။ တိုက်ပွဲလည်းဖြစ်နေကြတာ။ အချိန်လည်း ကြာတယ်။ တိုက်ပွဲကြားထဲရောက်သွားမယ်ဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတယ်” ဟု မဖြူထွေးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ ပြည်ထောင်စုလမ်းမပေါ်တွင် ခရီးသည်ကား ပစ်ခတ်ခံရပြီး လူထိခိုက်သေဆုံးသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

ယမန်နှစ်နှင့် ယခုနှစ်တွင် ခရီးသည်တင်ကား ပစ်ခတ်ခံရသည့်ဖြစ်စဉ် အနည်းဆုံး သုံးကြိမ်ထက်မနည်း ရှိခဲ့သည်။

ယခုနှစ် ဧပြီလက ပုလောမြို့အနီးတွင် ခရီးသည်တင်ယာဉ်နှစ်စီး ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးကာ နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်ကုန်ကလည်း ထားဝယ်ခရိုင် ပိတိုင်ရွာအနီးတွင် ခရီးသည်တင်ကား သုံးစီးပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် ခရီးသည် သုံးဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် လေကြောင်းမှ မသွားဘဲ ကုန်းလမ်းမှသွားနေရသည့် ပြည်သူများအဖို့ ပစ်ခတ်မှုနှင့် နှစ်ဖက်တိုက်ပွဲကြား ရောက်မည့်အရေး စိုးရိမ်ရသည့်အပြင် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများ၏ စစ်ဆေးမေးမြန်းမှု ဒဏ်ကိုလည်း စိုးရွံ့နေရသည်ဟု ငြီးတွားကြသည်။

ထိုကဲ့သို့ စစ်ဆေးချိန်တွင်လည်း စစ်ကောင်စီတပ်သားဟု ယူဆရသော အရပ်ဝတ်များ၏ မာကျောကျောလေသံဖြင့် မေးမြန်းပြောဆိုချက်များက နိုင်ထက်စီးနင်းဆန်သည်ဟု ခံစားရကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထားဝယ်မြို့မှ မြိတ်မြို့သို့ သွားရောက်ခဲ့သူတစ်ဦးက ဆိုသည်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်တွင် ခရီးသည်တစ်ဦးချင်း စစ်ဆေးခံရခြင်းဖြစ်သည်။

“သူတို့က အပေါ်စီးက ပိုင်စိုးပိုင်နင်းပြောတယ်လို့ ခံစားမိတယ်။ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်ပေါ့ ။ အရင်သွားနေတုန်းက မစစ်ဆေးဘူး။ အဲဒီနေရာမှာ လူကတော့ ရှိနေတယ်။ အရပ်ဝတ်တွေနဲ့ ကျည်ကာ ဝတ်ထားတယ်။ စစ်သားသက်သက်မဟုတ်ဘူး။ စစ်သားနဲ့ အရပ်ဝတ်ပူးပေါင်းပြီးစစ်တာမျိုးပါ”ဟု အထက်ပါ ခရီးသွားက ပြောသည်။

ထိုကဲ့သို့ စစ်ဆေးရေးဂိတ်များမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှသာ အပြိုင်အဆိုင်ပေါ်ပေါက်လာခြင်းဖြစ်သည်။

Southern Monitor အဖွဲ့က ပြုစုထားသည့် အချက်အလက်များအရ တနင်္သာရီတိုင်းအဝင် မလွှဲတောင်ဂိတ်မှ ကော့သောင်းမြို့အထိ ချထားသည့် စစ်ကောင်စီတပ်၏ အမြဲတမ်းဂိတ်နှင့် ယာယီဂိတ် အနည်းဆုံး လေးဆယ်ခန့်ရှိကြောင်း သိရသည်။

ယင်းအဖွဲ့သည် တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး၊ ပဋိပက္ခအခြေအနေ၊ စစ်ဘေးရှောင် ပြည်သူများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စာရင်းပြုစုပြီး သုတေသနပြုနေသည့် အဖွဲ့ဖြစ်သည်။

အဆိုပါ ဂိတ်များမှာ အဝေးပြေးလမ်းမများနှင့် အဓိကကျသည့်လမ်းများ၊ မြို့ဝင် မြို့ထွက်များနှင့် တိုက်ပွဲဖြစ်နေသည့် ဒေသများကို ဆက်သွယ်ထားသည့် လမ်းဆုံများတွင် ချထားခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာမသိမ်းမီကမူ ထားဝယ်- ရန်ကုန်လမ်းပိုင်းတွင် တနင်္သာရီတိုင်းအတွင်း မလွှဲတောင်စစ်ဆေးရေးဂိတ်တစ်ခုသာ ရှိသည်။

အထက်ပါ ဂိတ်များတွင် ခရီးသည်နှင့် ကားများကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး မှတ်ပုံတင်နှင့် ထောက်ခံစာ မပါသူ များကို လုံခြုံရေးအကြောင်းပြကာ ငွေကြေးတောင်းခံမှုများရှိနေကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုအခင်းအကျင်းများကြောင့် ကားဖြင့်ခရီးသွားသူ သိသိသာသာ နည်းလာပြီး ငွေကြေးတတ်နိုင်သူအများစုက လေကြောင်းခရီးကိုသာ အားကိုးလာကြသည်။

ထားဝယ်-မော်လမြိုင်ပြေးဆွဲနေသည့်ခရီးသည်တင်ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးကလည်း ၎င်းတို့ယာဉ်လိုင်း ခရီးသည်ရရှိမှုမှာ ပြီးခဲ့သည့်နှစ်လခန့်မှစပြီး သုံးပုံနှစ်ပုံခန့် ကျဆင်းသွားသည်ဟု ဆိုသည်။

“လူတွေကလည်း ခရီးအသွားအလာသိပ်မရှိတော့ ခရီးသည်က တော်တော်လေးလည်း နည်းလာတာပေါ့လေ။ ကျွန်တော်တို့ ပုံမှန်တင်တာ ဆယ့်ငါးယောက် ။ အခုနောက်ပိုင်း လေး၊ ငါး ယောက်ပဲရတော့တယ်”ဟု ၎င်းက ပြောသည်။

များပြားလှသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များကြောင့် ထားဝယ်- ရန်ကုန်ခရီးမှာ လမ်းခရီး၌ ညအိပ်ရသည့် အခြေအနေဖြစ်လာခဲ့သည်။

ယခင်က ထားဝယ်မြို့မှ မိုင်လေးရာနီးပါး (၃၇၈ မိုင်) ဝေးသည့် ရန်ကုန်မြို့သို့ ညနေသွားပါက မနက်စောစောတွင် ရောက်လေ့ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ခရီးသည်တင်ကားအများစုမှာ လမ်းခရီးတွင် ညအိပ်ပြီး မနက်စောစော ရောက်မှသာ ခရီးဆက်ကြတော့သည်။

လမ်းခရီး၌ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များပြားခြင်းနှင့် မြို့နယ်အားလုံးနီးပါးတွင် ညမထွက်ရ အမိန့်ထုတ်ပြန် ထားခြင်းစသည့် အကြောင်းအရာများကြောင့် ညအိပ်ခရီးဖြစ်သွားခြင်းဖြစ်သည်။

လမ်းခရီးရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ခရီးသည်တင်ကားများစုဝေးပြီး ညအိပ်ကြခြင်းဖြစ်သည်။

ယင်းသို့ခရီးသည်တင်ကားကြီးများက လမ်းခရီးတွင်ညအိပ်ရသည့် အခင်းအကျင်းတွင် ညအိပ်စရာမလိုဘဲ နေ့ချင်းရောက်သည့် ကားအသေးများက ပိုအလုပ်ဖြစ်လာသည်။

AD ဘင်၊ ပရိုဘောက် အစရှိသည့် ကားအသေးများက တစ်စီးလျှင် ခရီးသည်လေးဦးနှုန်းတင်ဆောင် ပြေးဆွဲနေကြခြင်းဖြစ်ပြီး ခရီးသည်တစ်ဦးကို ကျပ်ငါးသောင်းခွဲနှုန်းဖြင့် တစ်ရက်လျှင် အစီးရေ ဆယ်ဂဏန်းအထိ သွားလာနေကြသည်။

ထိုကဲ့သို့ ကားအသေးဖြင့် သွားချိန်တွင် ခရီးသည်များမှာ အမျိုးသားချည်းဖြစ်နေပါက စစ်ကောင်စီတပ်သားများက ပိုမိုစစ်ဆေးမေးမြန်းလေ့ရှိသည်။

ထိုသို့သော အခင်းအကျင်းများကြောင့် ဒေသခံအများစုက မဖြစ်မနေသွားရမည့် အရေးကြီးကိစ္စမှအပ ခရီးသွားမည့် အရေးကို ရှောင်လာကြသည်။

လမ်းခရီးတွင် ညအိပ်ရခြင်း၊ စစ်ဆေးမေးမြန်းမှုများခြင်းနှင့်တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ရန်ကုန်မြို့သို့ သွားမည့်အရေးကို အတော်ပင် ချိန်ဆနေရကြောင်း ထားဝယ်မြို့နေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“မသွားမဖြစ် သွားရမယ့် အနေအထားဆိုရင် လေယာဉ်နဲ့ပဲ သွားတော့မှာ။ ကားလမ်းကဆို ဘယ်နေရာက ကျည်ဆံလာမယ်မှန်း မသိတော့ မသွားရဲတော့ဘူး” ဟု၎င်းကဆိုသည်။