တနင်္သာရီရှိ ကျေးရွာသုံးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံး နှစ်ဆယ်ကျော်ကြဲချ

0
320
ပုံစာ - ၂၀၁၆ခုနှစ်က စစ်တွေလေဆိပ်တွင် တွေ့ရသည့် စစ်ကောင်စီ၏ MI 2 ရဟတ်ယာဉ် တစ်စင်း။ ဓာတ်ပုံ - AFP

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက Mi 2 ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲချကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ ထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့ ညနေက မြို့နယ်အတွင်းရှိ သူဌေးရွာ၊ ဘန်းပြည့်ရွာနှင့် သိန္ဒောရွာဝန်းကျင်ကို လာရောက်ဗုံးကြဲခဲ့ကြောင်း ပူးပေါင်းစစ်ကြောင်း-၁ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဟတ်ယာဉ်က ပထမအကြိမ်အဖြစ် ညနေ ၃ နာရီဝန်းကျင်တွင် ဗုံးသီး ၁၅ လုံးထက်မနည်း ကြဲချခဲ့ပြီး ညနေ ၅ နာရီခွဲခန့် တွင် ဗုံးသီး ၁၀ လုံးဝန်းကျင် ထပ်မံကြဲချခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း- ၁ က ထုတ်ပြန်ထားသည်။

ထိုသို့နှစ်ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ရာတွင် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ပြီး အိမ်အရေအတွက်ကိုမူ မသိရသေးကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“လူတော့ ထိခိုက်မှုမရှိဘူး။ ဘာတိုက်ပွဲလည်း မရှိဘဲနဲ့ သူ့ဟာသူ ရွာတွေကိုလေ့လာပြီးတော့ တစ်ပတ် နှစ်ပတ် ပတ်(ဝဲ)ပြီးတော့ ကြဲသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီလေတပ်က ဗုံးလာကြဲသည့်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မရှိသည့်အတွက် ပြည်သူများ အကြောက်တရား ဝင်စေရန် ခြိမ်းခြောက်သည့်သဘောဖြင့် ဗုံးကြဲသည်ဟု မြင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ရဲဘော်တွေက ရှိတာမဟုတ်ဘူး။ သူ့ဟာသူ ထိချင်သူထိဆိုတဲ့ သဘောမျိုးနဲ့ ချတဲ့ဟာဖြစ်နေတယ်” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး တပ်စခန်းဌာနချုပ်များနှင့် မြို့ရွာများကို လက်လွှတ်နေရသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုကို အဓိကအားထားနေပြီး ဗုံးကြဲတိုက်ခိုက်မှုကို ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။