မလေးရှားသွားမည့် မြန်မာလုပ်သား တစ်ရာနီးပါး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

0
351

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား တစ်ရာနီးပါးကို ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

ထားချန့်ဒေသရှိ ဆီဆိုင်အနောက်က ဆီအုန်းခြံထဲတွင် မြန်မာနိုင်ငံသားများ ပုန်းခိုနေကြောင်း တိုင်ကြားချက် ရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဖမ်းဆီးခံရသူများတွင် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၉၅ ဦးရှိပြီး ကျောပိုးအိတ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့်အတူ တောထဲတွင် ပုန်းနေကြကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် နယ်စပ်ဒေသများဖြစ်သော တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်၊ ရနောင်းခရိုင်များကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စူရတ်ဌာနီခရိုင်မှတစ်ဆင့် ထိုင်း-မလေးရှားနယ်စပ် ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့အထိ သွားရောက်ကြမည်ဖြစ်ပြီး မလေးရှားနိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ထာ့ချန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်ပြီးနောက် နေရပ်ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

Ref: CH 7, Matichon Online