စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ရေဖြူဇာဒီရွာတွင် ခြံလုပ်ငန်းများရပ်ဆိုင်း

0
291
ပုံစာ - ဇာဒီနှင့်ကျောက်ထရံရွာအကြားရှိ ဆင်ဘုရား။ ဓာတ်ပုံ - ကျောက်ထရံရွာသားဆုံစည်းရာ

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု ဇာဒီချောင်းဝရှိ စစ်ကောင်စီ၏ မောရဝတီရေတပ် စစ်သင်္ဘောက ယခုရက်ပိုင်းအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဥယျာဉ်ခြံလုပ်ငန်းများ ရပ်နားထားရကြောင်း ဒေသခံများကပြောသည်။

ဧပြီလ ၁၉ ရက်မှ ၂၃ ရက်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု နှစ်ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကဆိုသည်။

ဇာဒီကျေးရွာအုပ်စုရှိ ဇာဒီရွာ၊ ထွက်ဝရွာ၊ ဒိုက်တကော်ရွာ နှင့် ကျောက်ထရံရွာ တို့တွင် လက်နက်ကြီးကျည်ဆန်များ ဥယျာဉ်ခြံများအတွင်း ကျရောက်ကာ ပေါက်ကွဲ ခြင်းများရှိသလို မပေါက်ကွဲသေးသည့် ကျည်ဆန်များလည်းရှိကြောင်း ရွာသားများထံကသိရသည်။

” ညက(ဧပြီ၂၂) လက်နက်ကြီးအသံ ၈ ချက်ကြားရတယ်။ မီးအရောင်မြင်ရတာက လေးလုံး ၊ ဇာဒီ ကြက်မောက်တော ဘုန်းကြီးကျောင်းအနားနဲ့ ကျောက်ထရံ ဆင်ဘုရား ပတ်ဝန်းကျင်မှာကျတယ် ” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။

ဇာဒီရွာ ကြက်မောက်တောဘုန်းကြီးကျောင်းမှ ကျောက်ထရံ၊ ဖြူနပ်စသည့် ရွာစဉ်တလျှောက် ဥယျာဉ်ခြံရှင်များနှင့် အလုပ်သမားများသည် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လုပ်ငန်းရပ်နားထားရကြောင်း ဥယျာဉ်ခြံရှင်များက ပြောသည်။

” ဥယျာဉ်ခြံအကြီးသမားတွေရော၊ ခြံအသေးသမားတွေရော အကုန်ရပ်ထားကြတယ် ။ အရင်က ဒီလိုမှမဖြစ်ဘူးတာ ။ ဇာဒီဘက်ကို စစ်ကြောင်းတောင် တခါပဲဝင်ဖူးတယ် ” ဟု ဥယျာဉ်ခြံရှင်တစ်ဦးကပြောသည်။

ဇာဒီကျေးရွာအုပ်စုသည် ကံပေါက်တိုက်နယ်နှင့် ရေဖြူအနောက်ဘက်ကမ်းရှိ နဘုလယ်တိုက်နယ်အကြားတွင် တည်ရှိသည်။

စစ်ကောင်စီက ရေဖြူအနောက်ဘက်ကမ်းဒေသကိုလည်း ဧပြီ ၂၂ ရက်ကစ၍ စစ်ကြောင်းထိုးဝင်ရောက်နေကြာင်း ဒေသခံများထံကသိရသည်။