ပလောက်မြို့တံတားအနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်

0
322

ပုလောမြို့နယ် ပလောက်မြို့ရှိ တံတားအနီးရှိ စစ်ကောင်စီတပ်စစ်ဆေးရးဂိတ်တွင် ဧပြီလ ၁၇ ရက်နေ့က တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

စစ်ကောင်စီတပ်သား ၃၀ ခန့် တပ်စွဲထားသည့် အဆိုပါစစ်ဆေးရေးဂိတ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်များက မွန်းလွဲ ၁နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါးကြာချိန်တွင် စစ်ကောင်စီတပ်ဘက်က အင်အား ၃၀ကျော် စစ်ကူထပ်ရောက်လာသည့် အတွက် ပြန်လည်ဆုတ်ခွာလာရကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဘက်က စစချင်း ၄၀ မမရော၊ RPG‌ ရော ဂိတ်က ဘန်ကာကို ပစ်ခဲ့တာပေါ့။ သူတို့ (စကစ) ဘက်က အထိအခိုက် များတယ်လို့ ဒေသခံတွေဆီက သိထားရတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က လေးဦးထိခိုက်သေဆုံးခဲ့သည်ကို မျက်မြင်အရ သိရပြီး ပလောက်မြို့ အနောက်ကမ်း အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို မီးရှို့ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။

“အဲဒီအုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်တွေကို တပ်စွဲခွင့်ပေးတာတွေရှိတယ်။ သူကိုယ်တိုင်လည်း ပလောက် ပျုစောထီး ခေါင်းဆောင်တစ်ဦးပေါ့။ မီးရှို့တုန်းကတော့ သူရော၊ သူ့မိသားစုရော မရှိဘူး။ နေအိမ်ကတော့ ထက်ဝက်ပျက်စီးသွားတယ်” ဟု အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနှင့် ပုလောစစ်ကြောင်း-၁၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၁၄ ရက်နေ့ကလည်း ပုလောမြို့နယ်ရှိ ပလမြို့အဝင်ဝတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။